News

POST TYPE

OPINION

စာမဖတ်သူသည် စာမတတ်သူနှင့် အတူတူပင်ဖြစ်သည်
01-Sep-2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၂၁ ရက်နေ့က စင်ကာပူနိုင်ငံ Grand Hyatt Hotel ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ၌် “မကြာသေးမီကထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ မျိုးဆက်များအားလုံးတွင် မြင့်မားလာခဲ့ကြောင်း၊ စာတတ်မြောက်မှုတွင် နိုင်ငံတော်အဆင့်၌ ကျား၊ မ ကွာဟချက် မရှိတော့ဘဲ ကျောင်းနေအရွယ်ကလေးများ၏ ကျောင်းအပ်နှံမှုနှုန်းမှာလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားခဲ့ပါ သည်။

ထိုအကြောင်းအရာကိုဖတ်ရှုပြီးနောက် မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်က ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ရသည့် အတိတ်ကာလကို ပြန်ပြောင်းသတိရမိပါသည်။

ကျွန်တော်သည် ၁၉၈၀ ပြည့်နှစ်၊ နွေရာသီကာလတွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေးလှုပ်ရှားမှု၌် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ယင်းလှုပ်ရှားမှုကို ဧပြီလက စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကောလိပ်အမှတ် (၁)၊ (၂)၊ (၃) တို့မှ ကျောင်းအုပ်ဆရာကြီးများနှင့် ကျောင်းသား ကျောင်းသူများ၊ ပုသိမ်ကောလိပ်၊ မော်လမြိုင်ကောလိပ်နှင့် မြစ်ကြီးနားကောလိပ်တို့မှ တာဝန်ခံဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြင် ဒေသခံ အခြေခံပညာ ဆရာ၊ ဆရာမများပါ ပါဝင်လုပ်အားပေးကြပါသည်။

ညောင်လေးပင်မြို့နယ်သည် ထိုစဉ်က ရပ်ကွက်နှင့်ကျေးရွာအုပ်စု ခြောက်ဆယ်ရှိကာ နယ်မြေအားဖြင့် အပိုင်း ၅ ပိုင်း ပိုင်းခြားထားပါသည်။ ယင်းနယ်မြေ ၅ ခုမှာ ညောင်လေးပင်နယ်မြေ၊ ပြွန်တန်ဆာနယ်မြေ၊ မဒေါက်နယ်မြေ၊ ဇီးကုန်းကြီးနယ်မြေနှင့် ပိန်းဇလုပ်နယ်မြေ စသည်တို့ဖြစ်ပါသည်။ နယ်မြေ ၅ ခုမှ ပြည်သူများသည် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးစီ ဦးဆောင်လျက် တစ်ကြောင်းလျှင် လူနှစ်သောင်းခန့်ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် သတ်မှတ်ထားသော စုရပ်အသီးသီးမှ နံနက် ၄ နာရီ၊ ၅ နာရီ စသည်ဖြင့် ခရီးအကွာအဝေးအလိုက် ချီတက်လာကြခြင်းဖြစ်ပါသည်။

စစ်ကြောင်းအသီးသီးသည် အခမ်းအနားကျင်းပမည့် ကွင်းအတွင်း သို့ နံနက် ၇ နာရီခန့်တွင် စတင်ရောက်ရှိနေရာယူကြရာ ၇ နာရီခွဲခန့်တွင် အားလုံးနေရာယူပြီး ၈ နာရီအချိန်တွင် အခမ်းအနားစတင်ပါသည်။ လူဦးရေတစ်သိန်းနီးပါးမျှရှိသော ပြည်သူတို့ဖြင့် ပြည့်လျှမ်းသွားသောကွင်း ပြင်ကြီးမှာ ကြည့်မြင်ရသူတို့အဖို့ ကြက်သီးထဖွယ်ရာပင် ဖြစ်ပါသည်။ အခမ်းအနားသို့ ထိုစဉ်က လူမှုဝန်ထမ်းဝန်ကြီး ဦးပေါ်ခန်သမ်း တက်ရောက် အမှာစကားပြောကြားပြီး မြို့နယ်စာတတ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ကျွန်တော်က အခမ်းအနားမှူးလုပ်ရပါသည်။ ကျွန်တော့်ဘဝတွင် အဆိုပါမြင်ကွင်းနှင့် အဆိုပါ အသုံးလုံးလှုပ်ရှားမှုကြီးမှာ မေ့ပျောက်၍မရသဖြင့် ယခုလို မှတ်တမ်းပြုလိုက်ရခြင်းဖြစ်ပါသည်။

လုပ်အားပေးကာလ တစ်လခွဲခန့်ကြာသောအခါ နယ်မြေအသီးသီးမှ ထူးချွန်သူများကို အဆင့်ဆင့်ရွေးချယ်လေ့ကျင့်၍ စာရေးစာဖတ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပရိသတ်ရှေ့တွင် စင်ပေါ်တက်ပြီး ရဲဝံ့စွာဖတ်ပြ၊ ရေးပြနိုင်ခဲ့ကြပါသည်။ ထို့နောက် မြို့နယ်လုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲကို ကျင်းပခဲ့ရာ စာသင်ကြားရေးစခန်းများမှ ပေးပို့သောစာရင်းများအရ တစ်မြို့နယ်လုံး စာတတ်မြောက်မှုကို ၉၀ ရာခိုင်နှုန်းကျော်အထိ ကြေညာနိုင်ခဲ့ပါသည်။

ကျွန်တော်လည်း ညောင်လေးပင်မြို့နယ်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသိမိတ်ဆွေများနှင့်တွေ့၍ မေးမြန်းစုံစမ်းသည့်အခါ နောက်ပိုင်းတွင်လည်း စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ထိရောက်မှုမရှိကြောင်း၊ မအားလပ်ခြင်းများနှင့် စိတ်ဝင်စားမှုနည်းပါးခြင်းများကြောင့် နဂိုက စာရေး စာဖတ်တတ်မြောက်ပြီးသူများပင် ပြန်လည်မေ့ကုန်ကြကြောင်း စသည်ဖြင့် စိတ်မကောင်းစရာ သတင်းစကားကို ကြားသိလိုက်ရပါသည်။

ဆိုရလျှင်တော့ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားရေးလှုပ်ရှားမှုအသွင် ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံပိုင်သတင်းစာများ၊ နိုင်ငံတော်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ဖော်ပြခဲ့သလောက် ရာခိုင်နှုန်းမမြင့်မားသည်ကား အမှန်ပင်ဖြစ်ပါသည်။ နောင်တက်လာသည့် အစိုးရများက ကျေးလက်ဒေသများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ကာ ကျေးလက်နေပြည်သူများ စာဖတ်ကြရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း စာအုပ်စာတမ်းများ ဖြည့်ဆည်းမပေးနိုင်မှုအပါအဝင် အခြားသောအကြောင်းများကြောင့် ရေရှည်မတည်တံ့နိုင်ပဲ ကောက်ရိုးမီးပမာ ပွဲပြီးမီးသေဖြစ်ခဲ့ကြရပါသည်။

နောက်ပိုင်းနှစ်များတွင်လည်း မြို့နယ်များ၌ စာတတ်မြောက်ရေး လုပ်ငန်းများကို ကြိုးကြားကြိုးကြား ဆောင်ရွက်ခဲ့ကြသော်လည်း ယခင်ကလို နိုင်ငံလုံးကျွတ် အမျိုးသားရေးလှုပ်ရှားမှုကြီးသဖွယ် မလုပ်နိုင်ကြတော့ပါ။ သို့ရာတွင် စာတတ်မြောက်မှုရာခိုင်နှုန်းကို ကြေညာရာ၌မူ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းအောက်လျော့သည်ဟူ၍ တစ်ကြိမ်တစ်ခါမျှ မကြားရပါ။ အခါအားလျော်စွာ ထုတ်ပြန်သော နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ၌လည်း အလားတူပင် ဖြစ်ပါသည်။ မကြာမီ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၌ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုရာခိုင်နှုန်း မည်မျှရှိကြောင်း ကြေညာသည်ကို စောင့်ကြည့်ရမည်သာဖြစ်ပါသည်။

ကျောင်းနေနှုန်းနှင့် ကျောင်းထွက်နှုန်း

အထက်တွင်ဖော်ပြခဲ့သော အခမ်းအနားမှာပင် ဒေါ်အောင်ဆန်းစုကြည်က “စာတတ်မြောက်မှုတွင် နိုင်ငံတော်အဆင့်၌ ကျားမကွာဟချက် မရှိတော့ဘဲ ကျောင်းနေအရွယ်ကလေးများ၏ ကျောင်းအပ်နှံမှုနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။ မှန်ပါသည် ယခုအခါ တာဝန်ရှိသူတို့၏ စည်းရုံးမှုကြောင့်လည်းကောင်း၊ မိဘများ၏ ပူးပေါင်းပါဝင်မှုကြောင့်လည်းကောင်း ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်းမှာ ယခင်ကထက်စာလျှင် ပိုမိုမြင့်မားလာခဲ့ပါသည်။

သို့ရာတွင် ကျောင်းဆရာတစ်ဦး၏ပြောကြားချက်ကို မကြာမီက စာစောင်တစ်ခုတွင်ဖတ်မိခဲ့ရာ “ကလေးတွေရဲ့ကျောင်းထွက်နှုန်းက တဖြည်းဖြည်းများလာတယ်။ မူလတန်းအဆင့်မပြီးဆုံးခင်မှာပဲ ကျောင်းသားလေးတွေ စာသင်ခန်းကနေထွက်ခွာပြီး မိဘအလုပ်အကိုင်ကို ဝင်ရောက်ကူညီ လုပ်ကိုင်ကြရတယ်။ အလယ်တန်းအဆင့်ရောက်တဲ့အခါကျတော့ ကျောင်းသားဦးရေက သိသိသာသာလျော့နည်းသွားပြီး အထက်တန်းအဆင့်ကို ရောက်တဲ့အခါကျတော့ ကျောင်းသားဦးရေက တော်တော်လေးကိုလျော့ကျသွားတယ်”ဟု ဆိုပါသည်။ ၎င်း၏ပြောကြားချက် မှန်မမှန်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် ယနေ့မူလတန်းကျောင်းအရေအတွက်နှင့် ကျောင်းသားဦးရေ၊ အလယ်တန်းကျောင်းအရေအတွက်နှင့် ကျောင်းသားဦးရေ၊ အထက်တန်းကျောင်းအရေအတွက်နှင့် ကျောင်းသားဦးရေတို့ကို လေ့လာကြည့်ပါက သိသာနိုင်ပါသည်။ ထို့အပြင် တစ်နှစ်တစ်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ကြည့်ပါကလည်း အဆင့်မြင့်ပညာများသို့ တက်ရောက်သင်ကြားနိုင်သူဦးရေမှာ များစွာနည်းပါးသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ဖြစ်ရသည်မှာ မူလတန်းမှသည် အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်ပညာရေးသို့ သွားရာလမ်းခရီးတွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းခုလတ်မှ ထွက်ခွာသွားသူအရေအတွက် များရခြင်းကြောင့် ဖြစ်ပါသည်။

ပညာသင်ခရီးလမ်းကြောင်းမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာခဲ့ရသူတို့၏ စာတတ်မြောက်မှု အခြေအနေကို လေ့လာကြည့်ပါကလည်း မူလတန်းအဆင့်ကိုပင် ပြီးမြောက်အောင် သင်ကြားခဲ့ရခြင်းမရှိသူများအနေနှင့် ပြင်ပလောကသို့ရောက်သည့်အခါ စာဖြင့်အလှမ်းဝေးသွားပြီး နှစ်ကြာလာသည်နှင့်အမျှ မြန်မာစာအရေးအဖတ်ကိုပင် ကောင်းစွာဆောင်ရွက်နိုင်စွမ်း မရှိကြသည်ကို တွေ့ရှိရပါသည်။ အလယ်တန်းနှင့်အထက်တန်း အဆင့်များကို တက်ရောက်အောင်မြင်ခဲ့ကြသူများအနေနှင့်ရော မည်သို့ရှိပါသနည်း။

စာမဖတ်လျှင် စာမတတ်သူနှင့်အတူတူပင်ဖြစ်သည်

စာရေးဆရာကြီးတစ်ဦး ပြောခဲ့သောစကားတစ်ခွန်းမှာ အလွန်ပင် မှတ်သားဖွယ်ရာကောင်းပါသည်။ ၎င်းက “စာဖတ်တတ်သော်လည်း စာမဖတ်ပါက စာမတတ်သူနှင့်အတူတူပဲ”ဟူ၍ ဆိုပါသည်။ စာသင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ စာရေး၊ စာဖတ်တတ်ရန်ပင် ဖြစ်ပါသည်။ စာဖတ်ခြင်း၏ ရည်ရွယ်ချက်မှာလည်း အပြောကျယ်လှသော လူ့ဘောင်လောက၏ မာယာပရိယာယ်များ၊ လှည့်စားမှုများ၊ တတ်ကောင်းစရာ အတတ်ပညာ၊ သိကောင်းစရာအသိပညာစသည့် အထွေထွေသော ဗဟုသုတတို့ကို လေ့လာဆည်းပူးရန်အပြင် လောက၏အဆိုးအကောင်းကို အကျိုးအကြောင်းနှင့်တကွ သိဖို့ရာပင်ဖြစ်ရာ စာမဖတ်ပါက မျက်စိပါသော်လည်း မျက်စိနှစ်ကွင်း အလင်းမရသူ၏ အဖြစ်ကဲ့သို့ လောကအလယ်တွင် စမ်းတဝါးဝါး နှင့်ဖြစ်နေပါလိမ့်မည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ လူငယ်၊ လူကြီးတို့ စာဖတ်ခြင်းအလေ့အထ နည်းသည့်အကြောင်း ရေးသားပြောဆိုမှုများ နယ်ပယ်အသီးသီးတွင် ပြောဆိုနေကြသည်များကို ကြားသိနေရပါသည်။ ရုပ်မြင်သံကြားတွင် ဗဟုသုတဖြေဆိုခန်းများ၌ မြန်မာနိုင်ငံ၏ အထင်ကရနေရာများ၊ အရေးကြီးသော သမိုင်းဝင်အဖြစ်အပျက်များနှင့် ထင်ရှားသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို မေးမြန်းရာတွင် မှန်အောင်မဖြေဆိုနိုင်ကြသူများကို တွေ့ရှိရသည်။ ယုတ်စွအဆုံး အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့နှင့် လုပ်ကြံခံရသည့်နေ့များကိုပင် မှန်ကန်အောင်မဖြေဆိုနိုင်ကြသည်မှာ ရုပ်ပျက်ဆင်းပျက်နိုင်လှသည်။

ယနေ့ပြောဆိုနေကြသော လူ့စွမ်းအားအရင်းအမြစ်ဆိုသော ဝေါဟာရ၏အဓိပ္ပာယ်မှာ စွမ်းဆောင်ရည်ရှိသော လူသားများ၏ လုပ်ရည်ကိုင်ရည်ကို ပြောဆိုခြင်းဖြစ်သည်ဟု ယူဆပါသည်။ ယနေ့မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ ညည်းတွားနေသော အချက်တစ်ခုမှာ လုပ်ရည်ကိုင်ရည်ရှိသောဝန်ထမ်း ရှားပါးသည့်ပြဿနာ ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည်ဆိုသည်မှာ မိမိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းအကြောင်းကို သာမန်မျှသိရှိနားလည်ရုံမျှသာမက အသေးစိတ် ခရေစေ့တွင်းကျ သိရှိနားလည် တတ်မြောက်ခြင်းကို ဆိုလိုပါသည်။

ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာဖြစ်စေ၊ နည်းပညာကျွမ်းကျင်သူပင်ဖြစ်စေ ကျောင်းမှသင်ကြားပေးလိုက်သော ပညာမျှဖြင့် ရပ်တန့်နေ၍ မရပေ။ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော နည်းပညာ၊ အတတ်ပညာနှင့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာနေမှသာလျှင် မိမိ၏စွမ်းဆောင်ရည်သည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပါသည်။ ဆိုရလျှင် စာတတ်သော်လည်း စာမဖတ်သူ တစ်နည်း အားဖြင့် ဆက်လက်လေ့လာခြင်းမပြုသူသည် မျက်စိနှစ်ကွင်း အလင်းကွယ်သူ၊ နားနှစ်ဖက်အကြားအာရုံမကောင်းသူနှင့် အလားသဏ္ဌာန်တူနေမည် ဖြစ်ပါသည်။

နိဂုံး

အချုပ်ဆိုရလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနှင့် စာတတ်မြောက်မှုရာခိုင်နှုန်း မည်ရွေ့မည်မျှရှိသည် စသည့် ကိန်းဂဏန်းအပေါ်တွင် သာယာမနေသင့်ပဲ စာတတ်မြောက်ပြီးသူများသည် မိမိအဆင့်အတန်းအလိုက် နယ်ပယ်အလိုက် စာအုပ်စာပေဖတ်ရှုရေး တွန်းအားပေးဆောင်ရွက်သင့် ပါကြောင်းနှင့် အဆင့်အတန်းအလိုက် နယ်ပယ်အလိုက် စာအုပ်စာတမ်း များ အလွယ်တကူရရှိရေးနှင့် အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ရေးအတွက် (စာကြည့်တိုက်များတည်ထောင်ရေး၊ စာအုပ်ဈေးနှုန်းများကျဆင်းရေး အပါအဝင်) အလေးထားစဉ်းစားသင့်ပါသည်။ သို့မှသာလျှင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

သိန်းထက်အောင်