News

POST TYPE

OPINION

တော်ပြီ တန်ပြီ ရှေ့နှစ်ခါတော့
29-Aug-2018 tagged as ဗုဒ္ဓ

(အိုး...တောင်ပြုန်းခေါ် ပွဲတော်ကြီး နီးလာပြီ၊ လာ ကိုမြို့မ ကျွန်မနဲ့ တွဲသွားပါရစေ(စီ))၂ 

(အို... ယောက်ဖရေ၊ နောက်ကနေခေါ်နေသည်)၂ 

ပျို...သည်းညည်းခံ၊ သည်းညည်းခံ ထုံးစံပါအတည်၊ အိမ်ကို မြန်မြန်ပြန်ပါ ကလေးတွေ ငိုကုန်ပြီ။

ဆရာမြို့မငြိမ်းက တောင်ပြုန်းသီချင်းလေးကို ချစ်စရာမြန်မာ့ဓလေ့လေးတွေပေါ်လွင်အောင် လှလှပပ ဖွဲ့နွဲ့ထားခဲ့တယ်။ နတ်ပွဲလာသူတွေ အချင်းချင်း စတတ်နောက်တတ်ကြတဲ့ အကြောင်းကိုလည်း “ကောင်းပါပေ့ မောင်ရယ်၊ လူသွားလူလာများတဲ့နေရာ မယားလောက်မက ဆိုသည်၊ တရားမြှောက်ကြလို့ရယ် (ရီ)၊ တော်ပြီတန်ပြီ ရှေ့နှစ်ခါတော့ ဒီနတ်ပွဲကို လာမယ်လည်းမကြံစည်” ဆိုပြီးတော့ လုံမငယ်ကလေး စိတ်ကွက်သွားပုံ လေးနဲ့ ထည့်သွင်းဖော်ကျူးထားတယ်။ စကြနောက်ကြတဲ့ ကာလသားတွေကလည်း “ထုံးစံမို့ မမုန်းရန် တောင်းပန်သည်”လို့ ပြန်လည်တောင်းပန်တဲ့ဟန်လေးကို ချစ်ခင်စဖွယ်သီကုံးထားခဲ့တယ်။ ဒီတော့ ဆရာ့ရဲ့အနုပညာ ရိပ်အောက်မှာ တောင်ပြုန်းပွဲတော်က တော်တော်ကိုလှပနေတယ်။ ကြည်နူးစရာအရိပ်အရောင်လေးတွေလည်း ပါဝင်နေတယ်။

ကိုယ်တိုင်မရောက်ဖူးခဲ့ပေမယ့် ဒီပွဲကိုရောက်ဖူးချင်ခဲ့တာတော့ကြာပါပြီ။ နတ်ကိုယုံကြည်လို့လားဆိုတော့ မဟုတ်ပါဘူး။ နတ်ကိုယုံကြည် ကိုးကွယ်တဲ့အထဲမှာလည်း မပါဘူး။ မလေးမစားလုပ်တဲ့အထဲမှာလည်းမပါပါဘူး။ သွားချင်တာက ကိုးကွယ်ယုံကြည်မှုနှင့်မဆိုင်ဘူး။ ကိုယ်ဟာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာတွေဘိုးစဉ်ဘောင်ဆက် ကျင်းပလာခဲ့ကြတဲ့ ပွဲတော်ကြီးမို့လို့ မြန်မာ့ဓလေ့ထုံးတမ်းတွေကို အနီးကပ်လေ့လာချင်တဲ့စိတ်နဲ့ သွားချင်ခဲ့တာပါ။ ဒါပေမဲ့ အခုချိန်အထိ မရောက်ဖြစ်သေးဘူး။ မရောက်ဖြစ်သေးပေမယ့် တောင်ပြုန်းပွဲဆိုတာက မြန်မာနဲ့ခွဲလို့မရလောက်အောင်၊ မြန်မာ့သရုပ်သကန်ရယ်လို့ ပြောဆိုရလောက် အောင်ဖြစ်နေတဲ့ပွဲတော်တစ်ခုမို့ ရောက်ဖူးအောင်တော့ သွားထားဦးမှ ဖြစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။

ဒီနှစ်နတ်ပွဲရဲ့ ယုန်ထိုးပွဲနေ့မှာ သံချပ်ထိုးနေကြတဲ့သူတွေရဲ့ ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတော့ တော်တော်လေး စိတ်ပျက်သွားတယ်။ မသွားဖူးသေးတာပဲ ခပ်ကောင်းကောင်းလို့တောင်တွေးမိတယ်။ ဘယ့်နှယ်၊ မောင်နဲ့နှမ၊ သားနဲ့အမိ ဘယ်လိုမှနားဆင်ဖို့မသင့်တဲ့ အလွန်အင်မတန်ယုတ်မာကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ သံချပ်ထိုးနေကြတယ်။ ပိုပြီး အံ့အားသင့်သွားမိတာက အဲ့သလို ယုတ်နိမ့်တဲ့စကားလုံးတွေကို တစ်တစ်ခွခွ ရွတ်ဆိုကြွေးကြော်နေကြသူတွေထဲမှာ မိန်းကလေးတွေ အများကြီးပါနေတာကိုပဲ။ ဘာကြောင့်များ ဒီစကားလုံးတွေကို ဒီလောက်အထိ ပြောဆိုရဲကြတာပါလိမ့်၊ ဘယ်ယုံကြည်ချက်တွေကြောင့်များ ဒီလောက်အထိ ရိုင်းစိုင်းနေကြတာပါလိမ့်လို့ တွေးမရလောက်အောင်ဖြစ်ရတယ်။

ဒီအပေါ်မှာ မှတ်ချက်တွေအမျိုးမျိုးပေးကြတယ်။ လက်မခံနိုင်တဲ့အကြောင်း ရေးကြပြောကြသူတွေရှိသလို ရိုးရာဓလေ့ဖြစ်တဲ့အတွက် ဘာမှ စာဖွဲ့နေဖို့မလိုတဲ့အကြောင်း၊ အစဉ်အလာအတိုင်း ဆောင်ရွက်ကြတာ ဘာမှ မထူးဆန်းတဲ့အကြောင်း ပြောကြတာလည်းရှိတယ်။ သမိုင်းကြောင်း မှာက မင်းနှစ်ပါးကိုဆက်မယ့် ယုန်ကို လွှတ်ပေးလိုက်မိလို့ အဆဲခံရတယ်၊ ဒီဟာကိုအကြောင်းပြုပြီးတော့ လဆန်းဆယ့်သုံးရက် ယုန်ထိုးနေ့မှာ ယုန်ကင်ဆက်သူများက ဘယ်သူ့ကိုမဆို ကြိုက်သလိုဆဲဆိုနိုင်တယ်၊ အဆဲခံရတဲ့သူ စည်းစိမ်တိုးတယ် စသည်အားဖြင့် ပြောကြပါတယ်။ ထားပါတော့၊ သမိုင်းတို့၊ ရာဇဝင်တို့အကြောင်းကတော့ တုတ်ထမ်းပြီးပြောရတာလည်းရှိတော့ ဒီအကြောင်းတွေကိုပြောနေရင် အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်သွားပါလိမ့်မယ်။

နတ်ဖြစ်ပြီးတော့ သုရာမေရယကံကို ကျူးလွန်ရသလား၊ ဒီလိုလူတွေတောင်မှ နတ်ဖြစ်ရသေးသလားလို့ တွေးကြည့်တော့လည်း ဖြစ်တော့ ဖြစ်နိုင်သေးတယ်လို့ ပြောရဦးမယ်ထင်ပါရဲ့။ ဘာကြောင့်လဲဆိုတော့ တာဝတိံသာကနတ်တွေဖြစ်တဲ့ အသုရာတို့တောင်မှ သုရာရည်တွေသောက် မိလို့မူလနေရာကနေ မြင်းမိုရ်တောင် အောက်ခြေကို လျှောကျသွားတယ်လို့ အဆိုရှိတာကိုး။ ဒီတော့ နတ်တွေထဲက တချို့နတ်တွေ ထန်းရည်အရက် သောက်သေးတယ်လို့လည်း ယူဆမယ်ဆို ယူဆနိုင်သေးတာပေါ့။ နောက် တစ်ခါဆဲတဲ့ဆိုတဲ့ကိစ္စ။ အဲ့ဒါလည်းပဲ သိကြားနဲ့အသုရာစစ်ထိုးတော့ အသုရာစစ်ရှုံးတဲ့အလှည့်မှာ အဖမ်းခံနေရတဲ့အချိန် သိကြားမင်းကို ဆဲရေးတိုင်းထွာနေတယ်ကြားဖူးတဲ့အတွက် ဆဲတယ်ဆိုတယ်ဆိုတဲ့ကိစ္စလည်း နတ်လောကမှာ ရှိနိုင်တယ်လို့ လက်ခံရဦးမှာပါ။ 

တောင်ပြုန်းမင်းညီနောင်လည်း အထက်နတ်တွေထဲမှာမပါဘဲ အောက်နတ်မင်းများသာဖြစ်တဲ့အတွက် ဆဲတယ်ဆိုတယ်ဆိုတာက ဖြစ်တော့ဖြစ်နိုင်တာပါပဲ။ ထားပါတော့လေ။ ဒါတွေမှန်ခြင်းမမှန်ခြင်းကို နောက်ထားလို့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေကို ပြောဆိုနေတာ ကောင်းမကောင်းဆိုတာကို အရင်သုံးသပ်ရမှာပါ။ တောင်ပြုန်းမင်းနှစ်ပါးက အဆဲခိုင်းခဲ့တယ်၊ မခိုင်းခဲ့ဘူးဆိုတာကိုတော့ အတိအကျမသိပေမယ့် ဒီနိုင်ငံက လူအများစုကိုးကွယ်နေတဲ့ မြတ်စွာဘုရားကတော့ ဖရုသဝါစာတွေကို မပြောဆိုသင့်ဘူး၊ ဒါဟာ ဝစီဒုစရိုက်ဖြစ်တယ်လို့ ဟောခဲ့ပါသတဲ့။ 

ဘုရားဟောတာ၊ မဟောတာတို့နဲ့မဆိုင်ဘူး၊ တို့ကနတ်ကိုးကွယ်တာလို့ ပြောချင်ပြောကြပါလိမ့်မယ်။ တကယ်တော့ နတ်ကတော်တွေတောင်မှ မှတ်ပုံတင်ထဲမှာ ကိုးကွယ်သည့်ဘာသာကို ဗုဒ္ဓဘာသာလို့သာ ရေးထားကြတာများမှာပါ။ ဘယ်ဘာသာကိုးကွယ်သလဲလို့မေးရင်လည်း ဗုဒ္ဓဘာသာလို့ပဲ ဖြေတတ်ကြပါတယ်။ ဗုဒ္ဓဘာသာလို့ အမည်ခံထားရင်တော့ ဗုဒ္ဓတရားတွေကို ပစ်ပယ်မထားသင့်ပါဘူး။

နတ်ကို မလေးမစားလုပ်သင့်သလား။ မလုပ်သင့်ပါဘူး။ သုံးဆယ့်တစ်ဘုံသားအချင်းချင်းမှာ ဘယ်သူ့ကိုမှ မလေးမစားမပြုသင့်ပါဘူး။ အချင်းချင်း အပြန်အလှန် လေးစားရမှာပေါ့လေ။ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်တွေကို မေတ္တာပို့ အမျှဝေရမယ်လို့ဆိုပါတယ်။ ပူဇော်တာ၊ ပသတာတွေလည်း မလုပ်သင့်ဘူးလို့ မပြောလိုပါဘူး။ ရိုးရာဓလေ့အတိုင်း ပူဇော်တာမျိုးလောက်ကိုတော့ လက်ခံရမှာပါ။ ဗုဒ္ဓဘာသာမှန်ရင်တော့ နတ်ကိုသရဏဂုံပျက်လောက်အောင်အထိ မကိုးကွယ်သင့်ပါဘူး။ 

ဒီနေရာမှာ အဓိကပြောချင်တဲ့ကိစ္စကတော့ ဆဲသံဆိုသံတွေရွတ်ရင် ကောင်းကျိုးတွေရလိမ့်မယ်လို့ ယုံကြည်နေကြတဲ့အချက်ကိုပါ။ ဗုဒ္ဓ ဘာသာမှာပဲဖြစ်ဖြစ်၊ တခြားဘယ်ဘာသာမှာပဲဖြစ်ဖြစ် ဆဲရေးတိုင်းထွာခြင်းက ကောင်းကျိုးရစေတယ်လို့ သွန်သင်ဆုံးမထားတာမျိုးတော့ မကြားဖူးသေးပါဘူး။ ဒီတော့ ဘာသာရေးရှုထောင့်အရတော့ မဆဲသင့်ဘူးလို့ ပြောရမှာပါ။ ဒါဆို လူမှုရေးရှုထောင့်အရကျတော့ကော။ ပိုတောင်ဆိုးပါသေးတယ်။ ဒီပွဲမှာ ဒီလိုဆဲမှ စီးပွားတက်မယ်လို့ ယုံကြည်သလား၊ ဒါဆိုရင်လည်း မတက်ချင်နေပါစေ၊ ကိုယ့်ပါးစပ်ကတော့ နိမ့်ကျတဲ့စကားလုံးတွေ အထွက်မခံဘူးလို့သာ စိတ်ပိုင်းဖြတ်ထားရမှာပါ။ 

ဒီပွဲတော်ကြီးက တစ်နိုင်ငံလုံးသိကြတဲ့ ပွဲတော်ကြီးဖြစ်တဲ့အပြင် နိုင်ငံခြားသားတွေလည်း လာပြီးလေ့လာကြတာမို့ ဒီအသံတွေကိုသာ ကြားသွားရင်၊ ဘာသာပြန်ဆိုချက်အရဖြစ်ဖြစ်၊ သူ့ဘာသာ မြန်မာစကားနားလည်လို့ပဲဖြစ်ဖြစ် နားလည်သွားရင် မြန်မာတွေရဲ့ယဉ်ကျေးမှုဟာ ဒီလိုပါလားဆိုတာကို ကောက်ချက်ချသွားနိုင်ပါတယ်။ ဒီတော့ ဂုဏ်တက်မလား၊ ဂုဏ်ပျက်မလား စဉ်းစားစရာပါပဲ။

အစဉ်အလာမို့လို့၊ ရိုးရာဓလေ့မို့လို့သာ လုပ်နေကြတာပေါ့လို့ ပြောချင်ပြောပါလိမ့်မယ်။ အစဉ်အလာဆိုတိုင်းလည်း လက်ခံလို့မဖြစ်ပါဘူး။ အစဉ်အလာမို့လို့၊ ရှေးထုံးမို့လို့ဆိုပြီး ဒီအတိုင်းလက်ခံခဲ့ကြရိုးသာမှန်ရင် မင်းတရားအနော်ရထာလက်ထက်ကရှိခဲ့တဲ့ အရည်းကြီးသာသနာက ဒီနေ့ဒီအချိန်အထိ ဆက်ပြီးတည်တံ့နေဦးမှာပါ။ အစဉ်အလာဆိုတာ ပယ်သင့်ရင်ပယ်၊ ထိန်းသင့်ရင်ထိန်းရမှာပေါ့။ 

အနော်ရထားမင်းမြတ်က ရှင်အရဟံနဲ့အတူ ဆရာဒကာလက်တွဲပြီးတော့ စင်ကြယ်သန့်ရှင်းတဲ့ ထေရဝါဒဗုဒ္ဓသာသနာကို မြန်မာနိုင်ငံမှာ မျိုးစေ့ချ ပျိုးထောင်ပေးခဲ့တဲ့သူ။ ဒီမင်းတရားကြီးကို အကြောင်းပြုပြီးတော့ပဲ တောင်ပြုန်းမင်းနှစ်ပါးက ပေါ်ပေါက်လာခဲ့တာ။ သူ့သမိုင်းကိုပြန်ကြည့်ရင် တကယ်နတ်ဖြစ်ခဲ့တယ်လို့ လက်ခံပြီဆိုပါစို့။ ဒါဆိုရင်လည်း ရေမြေ့ရှင်က ဒီနေရာ ဒီနေရာကို အပိုင်စားစေလို့ နေရာချပေးမှ နေခွင့်ရှိတဲ့အဆင့်လောက်သာ ဖြစ်ပါတယ်။ နတ်ပြည်ခြောက်ထပ်၊ အောက်ဆုံး စတုမဟာရာဇ်ထဲကတောင်မှ သိပ်မမြင့်တဲ့အထဲက ဖြစ်မှာပါ။ သူတို့တွေက အကိုးကွယ်ခံပုဂ္ဂိုလ်တွေ ဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကတော့ ကိုယ့်ဘာသာ ပြန်လည်သုံးသပ်ကြရမှာပါ။ 

တကယ်တော့ ဒါက ချစ်ခင်မှု၊ ကြင်နာသနားမှု သံယောဇဉ်လေးကြောင့်သာ ဒီပွဲလေးပေါ်ပေါက်လာတယ်လို့ သုံးသပ်စရာရှိပါတယ်။ အုတ်နှစ်ချပ်လပ်တယ်ဆိုပြီးတော့ မင်းညီနောင် အသတ်ခံရတယ်။ အသတ်ခံရတာကလည်း ဘုရင်က အသတ်ခိုင်းတာ မဟုတ်ဘူး။ ဆုံးမဖို့ပြောတာ။ ဒါကို အောက်က မှူးမတ်ဝန်မင်းတွေက အကောက်အယူလွဲတာရော၊ အရင်ကရှိတဲ့ အစာမကြေမှုတွေကြောင့်ရော ပေါင်းပြီး ရက်ရက်စက်စက် သတ်လိုက်ကြတာ။ ဒီတော့ ဇာတ်နာသွားတယ်ပေါ့။ ဒီလိုဇာတ်နာသွားရရှာတဲ့ မင်းနှစ်ပါးကို ချစ်တဲ့ခင်တဲ့အနေနဲ့ အပိုင်စားနေရာလေးတစ်ခု ပေးပြီးတော့ အပြစ်မဲ့သေဆုံးကြရတဲ့ သူတို့ညီနောင်ကို ပြန်လည်ကုစားပေးတဲ့အနေနဲ့ နှစ်စဉ်ပူဇော်ပွဲကျင်းပပေးဖို့ အမိန့်ချခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီအဖြစ်အပျက်ကို ကြားသိရတဲ့သူတွေကလည်း သတ်တဲ့သူတွေကို မုန်းမယ်၊ အသတ်ခံရတဲ့မင်းနှစ်ပါးကို သနားကြမယ်၊ သနားတော့ ဒီပွဲကိုလာကြမယ်၊ တဖြည်းဖြည်းနဲ့ လူတွေက စည်ကားသထက် စည်ကားလာမယ်၊ ဒီလို ယူဆရင်ရော ပညာရှင်များ လက်ခံမလား၊ လက်မခံဘူးလားတော့ မခန့်မှန်းတတ်ပါဘူး။ ဒါက သမိုင်းပညာရှင်များရဲ့အလုပ်ပါ။

သေချာတာတစ်ခုကတော့ ရှိသမျှနတ်ရုပ်တွေ အကုန်စုပြီးတော့ နတ်လှောင်ကျောင်း (နတ်လျောင်းကျောင်း) ထဲ စုသိမ်းထားခဲ့တဲ့ အနော်ရထာမင်းမြတ်ကတော့ သူ့မြေးတော် တောင်ပြုန်းမင်းညီနောင်ကို မင်းတို့ ကိုးကွယ်ရစ်ကြပေတော့လို့ တိုင်းသူပြည်သားတွေကို မှာခဲ့မှာမဟုတ်ပါဘူး။ ရှင်အရဟံရဲ့ သာဝကတစ်ဦး၊ ထေရဝါဒ သာသနာပြုမင်းကောင်းမင်း မြတ်တစ်ဦးအနေနဲ့လည်း နတ်ကိုးကွယ်မှုကို အားပေးခဲ့မှာမဟုတ်ပါဘူး။ ဒီတော့ သူ့ရာဇဝင်အရ ဒါက ကိုးကွယ်ယုံကြည်မှုဘက်ကို ဦးတည်မထား ခဲ့တာကိုတော့ ရိပ်မိလိမ့်မယ်ထင်ပါတယ်။

တစ်ဖက်ကလည်း အခုလို နှစ်စဉ်နှစ်တိုင်း နတ်ပွဲကြီးတွေ စည်စည် ကားကားကျင်းပနေတော့ ဆိုးကျိုးချည်းပဲရသလား၊ ကောင်းကျိုးရော မရှိနိုင်ဘူးလားလို့ မေးစရာရှိပြန်ပါတယ်။ ဟုတ်ပါတယ်။ ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ မြန်မာပြည်တစ်နံတစ်လျားကလူတွေ ကြိတ်ကြိတ်တိုးလာကြတယ်၊ ဈေးသည်တွေလည်း ရောင်းကြဝယ်ကြရတယ်၊ ဝင်ငွေတွေ ရကြတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက်လည်း အလွန်ကောင်းတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်တယ်။ ပြည်တွင်းသာမက ပြည်ပကလည်း လာရောက်လေ့လာကြလို့ နိုင်ငံခြားဝင်ငွေလည်း ရနိုင်တယ်။ ဒီပွဲတော်ကြောင့် ဒေသခံတွေရဲ့ စီးပွားရေးအဆင့်အတန်းကို မြင့်မားလာစေလိမ့်မယ်၊ စသည်စသည်အားဖြင့် ကောင်းကျိုးတွေလည်း အများကြီးပါ။ 

ထပ်စဉ်းစားရင် စောစောကပြောသလိုမျိုး မင်းနှစ်ပါးကိုချစ်ကြလို့ ဒီပွဲကို ဒီလိုနွှဲကြတာဖြစ်တယ်ဆိုပြီးတော့ လူနဲ့နတ်ကြားက သံယောဇဉ်လေးကို တည်ဆောက်ကြတာဆိုရင်လည်း ဒါကို မကောင်းဘူးလို့မပြောပါဘူး။ ကောင်းပါတယ်။ တားရမယ့်ကိစ္စမဟုတ်ပါဘူး။ ဆိုးကျိုးဖြစ်လာစေမယ့်အရာလေးတွေကိုသာ တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ ပြောချင်တာပါ။

ဒီပွဲမှာနာမည်ကြီးတာက ကျားကျားလျားလျားမဟုတ်သူများကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း နိုင်ငံတကာမှာတော့ တချို့နေရာတွေက လိင်တူလက်ထပ်ခွင့်တောင်ပြုထားပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေးဆိုပြီး ပြောချင်ပြောပါလိမ့်မယ်။ ဒါလည်း ကောင်းတာမကောင်းတာနောက်ထား သိပ်တော့ ကန့်ကွက်လို့မဖြစ်ပြန်ဘူး။ ပျော်ကြပါးကြ ကကြခုန်ကြတာလည်း အပြစ်မဆိုသေးပါဘူး။ ဒါတွေကို မြင်ရတဲ့သူတွေက မြန်မာတွေဟာ ပျော်ပျော်နေတတ်ကြတဲ့သူတွေပါလားလို့သာ ထင်စရာရှိမှာပါ။ အထင်အမြင်သေးမှာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ဆဲတဲ့ဆိုတဲ့ကိစ္စကျတော့ လူအထင်သေးစရာဖြစ်သွားပါပြီ။ နိုင်ငံခြားသားမပြောနဲ့ ကိုယ့်ပြည်တွင်းကလူတွေတောင်မှ ယုန်ထိုးပွဲကလူတွေဆဲဆိုတဲ့အသံကိုကြားပြီး ဟာခနဲ၊ ဟင်ခနဲဖြစ်တဲ့သူတွေ ဖြစ်ကုန်ကြပါပြီ။ 

ဒါက အစဉ်အလာတစ်ခုမို့ မဖြစ်မနေဆက်လုပ်ရမှာလား။ ဒါဆိုရင်လည်း တစ်တစ်ခွခွမဟုတ်တဲ့ စကားလုံးမျိုးလောက်နဲ့သာ အစားထိုးသင့်ပါတယ်။ ဆဲတာပဲဗျာ၊ ဒီလိုမဆဲလို့ နူးညံ့သိမ်မွေ့နေရဦးမှာလားလို့ ပြောချင်ပြောလိမ့်မယ်။ ဒီလိုလည်းမဟုတ်သေးပါဘူး။ မြန်မာစကားမှာက ဘယ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ဝေါဟာရတွေ ကြွယ်ဝလွန်းတဲ့အတွက် သူ့ဒီဂရီ၊ သူ့အတိုင်းအတာနဲ့သူ ရေချိန်အနိမ့်အမြင့်ချိန်ညှိလို့ရပါတယ်။ အဆဲကြမ်းလေ၊ စီးပွားတက်လေပဲကွာလို့ပြောရင်တော့ မတတ်နိုင်ဘူးပေါ့လေ။

ဒီကိုးကွယ်မှုကိုယုံကြည်လို့ လုပ်ဆောင်နေကြတဲ့သူတွေကိုကတော့ အတင်းတိုက်တွန်းလို့လည်း ရမှာမဟုတ်ပါဘူး။ ပြင်ဖို့လည်း စိတ်ကူးရှိမှာမဟုတ်ပါဘူး။ ဒီတော့ ဘယ်လိုလုပ်သင့်သလဲ။ ဉာဏ်မီသမျှ တင်ပြ ရရင်တော့ သင်္ကြန်သံချပ်ကိုစိစစ်သလိုပဲ ယုန်ထိုးပွဲသံချပ်ကိုလည်း စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်လို့ တင်ပြလိုပါတယ်။ မဖြစ်မနေ ဆဲရမယ်ဆိုရင်လည်း အရိပ်အမြွက်လောက်သာ ဆဲပေတော့ပေါ့လေ။ 

ရိုးရာအတိုင်း ကျင်းပလာကြတဲ့ဟာကို ဘာအခုမှ ပြန်ပြင်ချင်ရတာလဲ၊ အကိုင်ခံရမှာ မကြောက်ဘူးလားလို့ မေးချင်မေးပါလိမ့်မယ်။ အမှန်ကတော့ အများပြည်သူအတွက် အကျိုးရှိမယ့်ဟာဆိုရင် ပြင်ကိုပြင်ရမှာပါ။ ပြီးခဲ့တဲ့နှစ်က H1N1 ကြောက်လို့ ဒီပွဲမကျင်းပဖြစ်ခဲ့ဘူး။ ဒီပွဲမကျင်းပအောင် အမိန့်ထုတ်တဲ့သူကို ဘယ်လိုကိုင်လိုက်သတဲ့ဆိုတာလည်း အခုချိန်အထိတော့ မကြားရသေးပါဘူး။ 

ဒီတော့ အများအကျိုးအတွက်ဆိုရင် ပွဲကြီးတစ်ပွဲလုံကိုတောင် ရဲရဲဝံ့ဝံ့ ပိတ်ခဲ့သေးတာပဲ။ သံချပ်ကလေး ပြင်တာလောက်တော့ မလုပ်ရဲစရာမရှိပါဘူးလို့ ထင်မြင်မိပါတယ်။ ဒါကိုမပြင်ရင် ဘာဖြစ်မလဲ။ မပြင်ရင်တော့ ကိုယ့်ယဉ်ကျေးမှုစရိုက်လက္ခဏာတွေကို ထိခိုက်ပွန်းပဲ့စရာအကြောင်းရှိလာမယ်ထင်ပါတယ်။

ပြီးတော့ သံချပ်ပြင်ဖို့ကလည်း နတ်ပွဲလာပြည်သူတွေကို တစ်ယောက်တစ်ပေါက် လိုက်ပြောနေစရာ မလိုပါဘူး။ ဒီသံချပ်ကို ဘယ်သူရေးသလဲ၊ နန်းထိန်းကလား၊ ကနားစီးလား၊ မောင်ဖြူလား၊ မနီလား စိစစ်ပြီးတော့ နောက်ပွဲကျရင်တော့ ပွဲမတိုင်ခင် သံချပ်အရင်တင်ဆိုပြီး စိစစ်ပေးလိုက်ရင် တော့ ဒီလောက်ရိုင်းတဲ့အသံမျိုးတွေ ထွက်မလာနိုင်လောက်ဘူးလို့ ယူဆရမှာဖြစ်ပါတယ်။

မြန်မာနဲ့တောင်ပြုန်း၊ တောင်ပြုန်းနဲ့မြန်မာဆိုတာ ခွဲလို့တော့ရမှာ မဟုတ်ဘူး။ ခွဲလို့မရမယ့်အတူတူ လှလှပပလေး ပူးတွဲထားနိုင်ရင်တော့ ပိုကောင်းမှာပေါ့။ ကောင်းမှာပေါ့လေ။

သံချပ်လေးတစ်ခုကို မစိစစ်ဘဲထားလိုက်ရုံနဲ့ ဘာဖြစ်သွားမှာမို့လဲ။ ဘာမှတော့မဖြစ်ဘူး။ နားထောင်လို့ မကောင်းဘူးပေါ့လေ။ စိစစ်လိုက်ရင် ဘာဖြစ်သွားမလဲ။ စိစစ်ပေးနိုင်ရင်တော့ ဓလေ့ရိုးရာအတိုင်းကျင်းပနေတဲ့ ပွဲတော်လေးကို အရုပ်ဆိုးအကျည်းတန်စေမယ့်ဘေးကနေ ကင်းဝေးအောင် ဆောင်ကြဉ်းပေးနိုင်မှာပေါ့။ 

ရေးလို့သာရေးရတာ။ ဒါလေးရေးလို့ ထိုးနှက်လာမယ့်သူတွေက ဘယ်လောက်များလာဦးမလဲမသိဘူး။ သူ့အသိုင်းအဝိုင်းကြီးကလည်း နည်းတာမှမဟုတ်တာလေ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ဆိုရေးရှိက ဆိုအပ်လှ၏လို့ အဆိုရှိခဲ့တယ်မဟုတ်လား။ ကိုယ်ယုံကြည်ရာအတိုင်းတော့ တင်ပြနေရမှာပါပဲ။

ဒါက ပွဲဖျက်ဖို့ပြောတာလည်း မဟုတ်ဘူး။ မင်းနှစ်ပါးကိုမချစ်နဲ့လို့လည်း ပြောတာမဟုတ်ဘူး။ မင်းနှစ်ပါးက ယုန်လွှတ်ခဲ့မိတဲ့သူကို ဆဲခဲ့မိတယ်ပဲထား။ ဒါက ငယ်တုန်းရွယ်တုန်း၊ ရူးတုန်းမိုက်တုန်းကအရွယ်တွေမို့ ကလော်တုတ်ခဲ့မိတာဖြစ်မှာပါ။ အခုဆိုရင်တော့ မင်းနှစ်ပါးလည်း တော်တော်အရွယ်ရောက်နေလောက်ပါပြီ။ ရင့်ကျက်နေကြလောက်ပြီ။ ထိုက်တန်တဲ့အသိတရားတွေ ရနေကြလောက်ပါပြီ။ အခုလောက်ဆိုရင် မင်းနှစ်ပါးခမျာ “ငယ်တုန်းကတစ်ခါလေး ဆဲမိတာလေးနဲ့ ငါတို့တော့ နှစ်တိုင်း အဆဲခံနေရသကွာ”လို့များ ညည်းနေရှာကြမလား မပြောတတ်ပါဘူး။

ဒီတော့ချုပ်ပြောရရင် မင်းနှစ်ပါးရဲ့အတိတ်ဖြစ်ရပ်အပေါ်မှာ ကြည့်ပြီးတော့ ချစ်ကြခင်ကြ သနားကြင်နာကြလို့ သူတို့ပွဲကို ကြိတ်ကြိတ်တိုး စည်ကားအောင် ပါဝင်ဆင်နွှဲကြချင်သပဆိုရင်လည်း နွှဲပါ။ ဒါက အပြစ် မဟုတ်ပါဘူး။ လူနဲ့နတ်၊ နတ်နဲ့လူကြားက သံယောဇဉ်တွေကို တည်ဆောက် ချင်သပဆိုရင်လည်း တည်ဆောက်နိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည် ချက်လေးတစ်ခုကြောင့် နိုင်ငံပါသိက္ခာကျရမယ်ဆိုရင်တော့ မကောင်းတတ်ဘူးလို့ ထင်မိပါတယ်။

ဆဲကြတယ်၊ ဆိုကြတယ်၊ အော်ကြဟစ်ကြတယ်။ ကြမ်းကြရိုင်းကြတယ်။ နောင်နှစ်တွေများ ဘယ်လိုထပ်ပြီး ကြမ်းကြရိုင်းကြဦးမလဲတော့ မခန့်မှန်းတတ်သေးပါဘူး။ ဒီအပေါ်မှာ ဘယ်သူကများ ဝင်ပြီးတာဝန်ယူ ထိန်းညှိပေးလာမလဲဆိုတာလည်း မပြောတတ်သေးပါဘူး။ 

ဘယ်သူမှမပြင်တော့လည်း ဘာတတ်နိုင်မလဲ။ ဆရာငြိမ်းရေးခဲ့သလို “တော်ပြီတန်ပြီ ရှေ့နှစ်ခါတော့ ဒီနတ်ပွဲကို လာမယ်လည်းမကြံစည်” ဆိုပြီး ကိုယ့်ဘာသာ မသွားဘဲနေရုံရှိတော့တာပေါ့လေ။

သိုက်စိုးထွန်း (နတ်ရွာ)