News

POST TYPE

OPINION

ခေတ်သစ် ရေသည်ပြဇာတ်
28-Aug-2018
“တော်...တော့် မိဘတွေဆီ ပြန်နေပါ”

ဇနီးဖြစ်သူက ကျွန်တော့်ကို ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က “ဘာဖြစ်လို့လဲ” ဟု ပြန်မေးရာ “ကျုပ် ရန်ကုန်ကို Transfer (အလုပ်ပြောင်း) ပါတယ်။ ရန်ကုန်မှာ အိမ်ခန်းရမှာ မဟုတ်ဘူး” ဟု သူက ပြန်ပြောပါသည်။ 

ကျွန်တော့်အမျိုးသမီးမှာ မန္တလေးနည်းပညာတက္ကသိုလ်တွင် ကထိက ဆရာမတစ်ဦးဖြစ်သည်။ သူက တောင်တွင်းကြီးသူဖြစ်၍ တောင်တွင်း နယ်သား မြို့လုလင်သူကြီး ဦးမင်းရောင် (ဗိုလ်မင်းရောင်) က သူ့ဇနီးကို “မရွှေသင်း မိဘရပ်ထံ ပြန်နေပါ” ဟု ပြောခဲ့သောစကားကို သတိရမိကာ ပြုံးမိသည်။ 

ကျွန်တော်က ဂျာနယ်လစ်တစ်ဦးသာဖြစ်သည်။ ဂျာနယ်လစ်တစ်ဦး၏ဘဝမှာ တည်ငြိမ်သော၊ အာမခံချက်ရှိသောအခြေအနေမျိုးတွင် များသောအားဖြင့် ရှိမနေပါ။ ရန်ကုန်အခြေစိုက်ဂျာနယ်လစ်များထက် မန္တလေးအခြေစိုက်ဂျာနယ်လစ်များအဖို့ ပို၍ မရေရာလှချေ။ သတင်းထောက်ဆိုလျှင် ရန်ကုန်အခြေစိုက်မီဒီယာများ၏ သတင်းထောက်များလောက် အခြေအနေမဟန်ပါ။ မန္တလေးဒေသခံလည်းဖြစ်၊ မိသားစုအခြေအနေကောင်းလျှင် (ငွေကြေးသောင်သာလျှင်) ဝါသနာအရလုပ်သူများအဖို့ မဆိုသာပါချေ။ 

ကျွန်တော့်မှာ ဇာတိရပ်ရွာနှင့်ဝေးရာ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် နေထိုင်ကျင်လည်ရင်း ဂျာနယ်လစ်အလုပ်ကို လုပ်ကိုင်နေခဲ့သူဖြစ်သည်။ ထိုမှ မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာမနှင့်အိမ်ထောင်ကျကာ လိုင်းခန်းလည်းရသဖြင့် ဣန္ဒြေရပါသည်။ 

မန္တလေးအခြေစိုက်မီဒီယာများတွင် အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ရသလို မိမိဂျာနယ်အတွက် လူငယ်များကို သတင်းစာပညာသင်ကြားပေးပြီး သတင်းထောက်များအဖြစ် ခန့်ထားနိုင်ခဲ့သည်။ သို့ပင်ငြား မန္တလေးအခြေစိုက်မီဒီယာများတွင် လုပ်ကိုင်နေကြသူ ဂျာနယ်လစ်များအဖို့ ကြိုးတန်းပေါ် လမ်းလျှောက်ရသည်နှင့်တူသေးတော့၏။ အကြောင်းမှာ ဘယ်အချိန် ရပ်လိုက်မည်ဆိုသည်ကို အာမခံချက်မရှိသော ထုတ်ဝေမှုမျိုးက များပါသည်။ 

ကျွန်တော့်မှာလည်း ထိုအခြေအနေများကို ဖြတ်သန်းခဲ့ရသည်။ သောက်လေ့သောက်ထရှိသူမို့ အလုပ်က စောစောစီးစီးစီး နားလိုက်ရသည်လည်း ရှိသည်။ အလုပ်မရှိလျှင်လည်း ပူစရာသိပ်မရှိခဲ့။ ဇနီးဖြစ်သူ၏ ဩဇာပေးမှုကို နာခံလိုက်ရုံနှင့် အဆင်ပြေခဲ့ပါသည်။ အနောက်တိုင်းဆိုရိုးစကား ရှိသည်မဟုတ်ပါလား။ ယောကျာ်းတစ်ယောက်အဖို့ နေစရာရယ်၊ ပေါင်မုန့်ရယ်၊ မိန်းမတစ်ယောက်ရယ်ရှိဖို့ လိုအပ်သည်။ နေစရာနှင့်ပေါင်မုန့်ကို မရှာဖွေ။ မရရှိနိုင်လျှင် မိန်းမတစ်ယောက်တော့ ရအောင်ယူပါ။ မိန်းမဖြစ်သူက နေစရာရော၊ ပေါင်မုန့်ရော ပေးပါလိမ့်မည်ဟူ၏။ မူရင်းအဆိုနှင့် လွဲကောင်းလွဲမည်။ အဓိပ္ပာယ်ကို ထိုသို့ပင် နားလည်ပါသည်။ ကျွန်တော့်မှာ မိန်းမတစ်ယောက် ရှိနေပါသည်ကော။ 

ကျွန်တော့်ဇနီးကြောင့် မိသားစုနေ လိုင်းခန်းလေးရ၍ အဆင်ပြေနေသော်လည်း ဦးသိန်းစိန်ထွက်တော်မူနန်းကမခွာမီ အပြောင်းအရွှေ့တွေ ချထားပေးရာ ဇနီးသည်က ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ရသည်။ 

အိမ်ထောင်မရှိသူများအတွက် G-Hall ဆောင်တွင် နေရာချပေးထားသည်။ မိသားစုရှိသူများအတွက် နေစရာအခန်း မပေးနိုင်ပေ။ ဌာနမှူးအဆင့်ရှိသူကိုပင် ဆရာမများဆောင်၌ နေရာချထားပေးသည်။ ရန်ကုန်တွင် မိသားစုနေအိမ်ရှိသူများအဖို့ ပြဿနာမရှိ။ နေအိမ်မရှိသူများအဖို့ ပြင်ပတွင် အိမ်ခန်းငှားနေကြရသည်။ 

ရန်ကုန်တွင် လူနေမှုစရိတ်က ကြီးမြင့်လှသည်။ အိမ်ခန်းခဈေးနှုန်းကလည်း ခေတ်နှင့်အညီ များပြားမြင့်မားသည်။ ကျွန်တော့်အခြေအနေမှာ မရေရာလှသမို့ ဇနီးဖြစ်သူ၏ လစာဝင်ငွေနှင့် မိသားစုရပ်တည်ရေး မလွယ်ကူလှ။ သို့ဖြစ်ရာ ဇနီးသည်က ကျွန်တော့်အား မိဘရပ်ထံ ကချင်ပြည်နယ်သို့ ပြန်ခိုင်းခြင်းဖြစ်သည်။ တစ်ဦးတည်းသောသားငယ်လေးကို သူ့မိဘ အိမ်သို့ ပို့လိုက်ရသည်။ 

ဇနီးဖြစ်သူ အပြောင်းအရွှေ့အမိန့်ထွက်လာချိန် ကျွန်တော်က အလုပ်လက်မဲ့ဖြစ်သည်။ ရန်ကုန်အခြေစိုက်မီဒီယာများနှင့်ချိတ်ဆက်လုပ်ကိုင်လျှင် ဖြစ်နိုင်သော်လည်း လူငယ်သတင်းသမားလို ပြေးပြေးလွှားလွှား၊ လှုပ်လှုပ်ရှားရှား မလုပ်ချင်တော့တာလည်း ပါသည်။ စစ်ကိုင်းမြို့မှ သတင်းစာဆရာကြီး ဦးကြည်အောင်ကိုတော့ အားနာမိပါရဲ့။ အယ်ဒီတာအလုပ်ကိုသာ အလုပ်များခဲ့သူဖြစ်တာလည်း ပါပါလိမ့်မည်။ 

သမ္မတဟောင်းဦးသိန်းစိန်၏ နောက်ဆုံးစေတနာလက်ဆောင် အပြောင်းအရွှေ့သည်ကား ချစ်ခင်သောသူတို့ကို ကွေကွင်းစေခဲ့လေသည်။ သားတကွဲ၊ မယားတကွဲ၊ လင်တကွဲဖြစ်ရသည့်အဖြစ်ပင်။ မည်သူ့ကိုမျှ အပြစ်မဆိုချင်ပါလေတော့။ 

သို့နှင့် ကျွန်တော် မိဘရပ်ထံ ပြန်ခဲ့ရသည်။ ဇနီးဖြစ်သူက ရောက်မရောက် သေချာစေရန် ညီတော်မင်းသူကို ပို့ခိုင်းခြင်းဖြစ်သည်။ စိတ်မချလိုက်ပုံများ။ 

ဇာတိရပ်ရွာရောက်တော့ အတော်အတန်အပြောင်းအလဲဖြစ်ပြီး စည်ကားနေပေပြီ။ ကျွန်တော့်အဖို့တော့ သူစိမ်းတစ်ရံဆံအရပ်လိုဖြစ်နေသည်။ ကျွန်တော့်ဇာတိက မိုးညှင်းမြို့အနောက်ဘက် ၅ မိုင်အကွာက ဘီလူးမြို့ဖြစ်သည်။ 

ဇာတိရပ်ရွာတွင် နောက်ပေါက်လူငယ်လေးများကိုသာ တွေ့ရသည်။ အများစုမှာ မူးယစ်ဆေး (နံပါတ်ဖိုး) သုံးစွဲသူ၊ အရက်သောက်သူတွေ ဖြစ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့ရသည်။ ညီဝမ်းကွဲတော်သူ ကိုပြူးက သူ၏ဆိုင်ကယ်ဖြင့် ဝန်းကျင်ဒေသများသို့ လိုက်ပို့သည်။ 

ဘီလူးမြို့မြောက်ဘက်ရှိ ဝိမ်းခမ်းတောင်သို့ရောက်စဉ် သူက “ဒီတောင်စောင်းတွေမှာ ဖိုးရောင်းတာ ပွဲတော်ကျနေတာပဲ။ ဟိုးအောက်ပိုင်း ပယ်လယ်ဘူးတို့၊ ဗန်းမောက်တို့ဘက်ကလည်း ပြန်ရောင်းဖို့၊ သုံးစွဲဖို့လာဝယ်ကြတာမျိုးတွေ ရှိတယ်” ဟု ဆိုသည်။ တောင်ပေါ်ရှိ ဘုရားအနီး၌ သီတင်းသုံးနေသော ဦးပဉ္စင်းတစ်ပါးထံ ခေါ်သွားသည်။ ဦးပဉ္စင်းကလည်း “ဒကာကြီးရယ်သူတို့ ဖိုးရောင်းတဲ့သူ၊ ဖိုးရှူတဲ့သူတွေက ဘုရားပွဲထက်တောင် စည်နေတယ်။ ဒီနှစ်တော့ ဒီတောင်ပေါ် ဝိမ်းခမ်းဘုရားပွဲကျင်းပခါနီးမှာ အားလုံး မောင်းထုတ်လိုက်တယ်။ ဘုံချောင်းဘက် အတက်လမ်းမှာရော၊ ကံကုန်းလေးဘက် အတက်လမ်းမှာပါ ရုန်းရုန်းနဲ့ ကြာရင် သာသနာမြေနာမည်ပျက်တော့မယ်” ဟု ရှင်းပြမိန့်ကြားခဲ့သည်။ 

ဘီလူးနှင့်မိုးညှင်းကြား (ဘီလူးမြို့အထွက်) မယ်သီလသင်္ချိုင်းနေရာ၊ မိုးညှင်းနှင့်တဲကြီးကုန်းကြားတို့တွင်ပါ တရားဝင်ဆိုင်များအလား ရောင်းချသုံးစွဲနေကြကြောင်း သိရသည်။ ကျွန်တော်ရောက်နေချိန်တွင် “ချစ်သူ လမ်းကြား” ဟု အမည်ပေးထားသောနေရာတွင် ဝင်လိုက်ထွက်လိုက်နှင့် တွေ့နေရသည်။ 

ကျွန်တော် အရက်သောက်လေ့ရှိသောဆိုင်တွင်ပင် လူငယ်များဖြင့် စည်ကားနေသည်။ အချို့က TV ကြည့်ရင်း ဖိုးမှိန်းကာ ဆက်ရက်မင်း စည်းစိမ်ခံနေကြသည်။ အချို့က မိုးညှင်းဆေးရုံမှတိုက်သော “မက်သဒုန်း” ဆေးကို သောက်လာကြရာမှ အမူးစံချိန်မမီသဖြင့် အရက်နှင့် ထပ်ဖြည့်ကြခြင်းဖြစ်သည်။ 

သို့နှင့်ပင် ကျွန်တော်က ညီရှိရာ ဖားကန့်သို့ ခရီးဆက်ခဲ့သည်။ ထိုနေရာ ထိုဒေသကလည်း ကျွန်တော့်ဇာတိပုံစံအတိုင်း တွေ့မြင်ရသည်။ ဖိုးသုံးစွဲဖို့ ငွေကြေးအတွက် အချင်းချင်း၏ ပစ္စည်းတွေကို လိမ်လည်လှည့်ပတ်သည်၊ ခိုးယူကြသည်။ လူငယ်တို့၏ စာရိတ္တကား အံ့မခန်းပျက်ယွင်းနေပါချေ ပြီကော။ 

ကျောက်ဈေးကွက်ကပျက်၍ အလုပ်အကိုင်မကောင်း၊ ဝင်ငွေမကောင်းဖြစ်နေသဖြင့် ညီရှိရာ ရတနာမြေကို စွန့်ခွာခဲ့ရပြန်သည်။ ဘီလူးမြို့ရှိ အိမ်သို့ ရောက်ရပြန်သည်။ ဝေးကွာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၍ ဘာမျှမလုပ်တတ် မကိုင်တတ်တော့။ မြို့ပြမှာနေ၍ မီဒီယာသမား ဂျာနယ်လစ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခဲ့သူမို့ တောအလုပ်၊ လယ်အလုပ်၊ အလုပ်ကြမ်းများတွင် စွမ်းဆောင်နိုင်စွမ်း မရှိတော့ပါချေ။ 

သို့နှင့်ပင် ဇာတိရပ်ရွာကို စွန့်ခွာ၍ ကျွန်တော်တို့ ကချင်ပြည်နယ်သားတို့၏အခေါ် အောက်ပြည်အောက်ရွာသို့ စုန်ဆင်းခဲ့ရပြန်သည်။ ပေလေးပင် ရှင်လေးပါးတို့၏မြေ၊ ပန်ထွာဘုရင်မတို့၏မြေ၊ ဗိုလ်မင်းရောင်တို့၏မြေ ကျွန်တော့်ဇနီး၏ ဇာတိ၊ ကျွန်တော့်ယောက္ခမအိမ်သို့ ရောက်လာခဲ့ရသည်။ ကျွန်တော်နေထိုင်ရာ ရပ်ကွက်ဝန်းကျင်တွင် လက်လုပ်လက်စား၊ ဈေးသည်တို့သာ များသည်။ စာပေရေးသားရန် အဆင်ပြေသောနေရာ မဟုတ်ခဲ့ပါချေ။ ယောက္ခမက ရေရောင်းသည်။ စာရေး၍ အဆင်မပြေသဖြင့် အထူးသဖြင့် အာရုံမရ၊ ဈာန်မကျသောကြောင့် ကျွန်တော် ရေရောင်းပေးရသည်။ ကျွန်တော် ရေသည်ပြဇာတ်က ရပါတော့သည်။ 

ရန်ကုန်တွင် မိသားစုလိုင်းခန်းရရေး နည်းလမ်းအချို့သုံး၍ ကြိုးစားကြည့်သော်လည်း မရေရာပါ။ ဒီလိုနှင့် သုံးနှစ်အတွင်း ရောက်လာပြီဖြစ်သည်။ အများပြောသော၊ အပြောများသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ကွီးဖြိုးတက်လာစက ပြောဖူးသည်။ “နယ်ကဝန်ထမ်းတွေ ရန်ကုန်ရောက်လာရင် နေစရာနေရာ အဆင်ပြေအောင် စီစဉ်ပေးမည်” ဟူ၍။ အရိပ်အယောင် အကောင်အထည် ပေါ်လာဖို့မမြင်။ 

မည်သို့ပင်ဆိုစေကာမူ တစ်ခါတစ်ရံ အရက်သောက်တတ်၍ ယောက္ခမက သဘောမကျသော်လည်း ခေတ်သစ်ရေသည်ပြဇာတ်ကို ဆက်လက် အသုံးတော်ခံရပေဦးမည်။ 

စိုင်းယဉ်ကျေး