News

POST TYPE

OPINION

အနိုင်ကျင့် ခြိမ်းခြောက်မှုဘေး ကင်းဝေးကြစေ (Daily, Vol-6/No-117)
25-Aug-2018

မြန်မာပြည်တင်မက ကမ္ဘာပေါ်မှာပါ လူသုံးအများဆုံး အွန်လိုင်းလူမှုကွန်ရက်ဖြစ်လာတဲ့ Facebook က အခုဆိုရင် မြန်မာပြည်မှာ အမုန်းစကားနဲ့ အနိုင်ကျင့်ခြိမ်းခြောက်တာတွေ သိပ်များလွန်းလာပြီလား၊ ကြောက်စရာ ကောင်းတဲ့အဆင့် ရောက်နေပြီလားလို့ မေးစရာဖြစ်လာတယ်။

အရင်ကတော့ လူသိများထင်ရှားသူတွေက ဒီဒဏ်ကို ပိုခံရတယ်။ အခုနောက်ပိုင်း အများစိတ်ဝင်စားတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တစ်ခုမှာ ကံမကောင်း၊ အကြောင်းမလှလို့ ပါဝင်ပတ်သက်သွားရင်တောင် အများရဲ့ အပြောအဆို၊ အဝေအဖန်၊ အပြစ်တင်၊ အမုန်းစကားတွေနဲ့ မလွတ်တော့ဘူး။

ထစ်ခနဲရှိရင် အပြစ်တင်၊ အဆိုးပြော၊ ဆဲဆို၊ တိုက်ခိုက်၊ အပုပ်ချ၊ ချောက်တွန်း၊ ဘေးတီး၊ အမနာပဆိုတာတွေ သိပ်များလာတယ်။ မြန်မာတွေ အကောင်းမြင်စိတ် သိပ်နည်းသွားပြီလားလို့တောင် ထင်စရာဖြစ်လာတယ်။ 

နိုင်ငံရေးအရ အမြင်မတူ၊ ဆန့်ကျင်တဲ့ အုပ်စုနှစ်ခု သိသိသာသာ ကွဲသွားပြီး တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလို အပြစ်မြင်၊ အပြစ်တင်၊ ရန်ငြိုးသိုနေရာကနေ လူမှုရေး၊ ဖျော်ဖြေရေးလို ကိစ္စတွေအထိ အုပ်စုတွေကွဲပြီး မတူတဲ့အုပ်စုနှစ်စုအကြား သိပ်ကိုတင်းမာသွားတဲ့ အခြေအနေအထိ ရောက်လာတယ်။

ဘယ်လိုအရေးကိစ္စမဆို ထောက်ခံသူ၊ ဆန့်ကျင်သူ ရှိတတ်တာ သဘာဝဆိုပေမယ့် မြန်မာလူမှုပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း အမြင်မတူတဲ့ အုပ်စုတွေအကြား သိပ်ကို ရန်လိုလာကြတာ အွန်လိုင်းလူမှုကွန်ရက်ပေါ်က တိုက်ပွဲတွေကို ကြည့်ရင်သိနိုင်တယ်။

ပိုဆိုးတာက မတူတဲ့အမြင်တွေကို ချက်ကျ၊ လက်ကျ၊ ကျိုးကြောင်းဆီလျော်မှုရှိရှိ၊ ယထာဘူတကျကျ အချေအတင် ငြင်းခုံတာမျိုးက သိပ်နည်းပြီး ပုဂ္ဂိုလ်ရေး ခွဲခြား၊ နှိမ်ချ၊ စော်ကား၊ တိုက်ခိုက်မှုတွေ သိပ်များလာတာပဲ။ ဘောလုံးစကားနဲ့ ပြောရရင် လူချကစားတာ၊ လက်ဝှေ့စကားနဲ့ဆိုရင် ချက်အောက်ထိုးတာ ပိုများလာတယ်။ 

တကယ်တော့ ဒီလို အရာရာ အနုတ်လက္ခဏာသဘောပဲ မြင်လေ့ရှိတတ်တဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကိုယ်စီ ရှိနေကြလို့ပဲ။ စိတ်ခွန်အား သိပ်နည်းသူတွေ၊ စိတ်ဓာတ် လုံခြုံမှုမရှိသူတွေ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ မလုံခြုံစိတ်၊ အငုံ့စိတ် အားကြီးသူတွေပေါ့။ သူတို့ စိတ်ထဲမှာရှိတဲ့ ကြမ်းကြမ်းရှရှ ခံစားချက်တွေ၊ အတွေးအမြင်တွေကို အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ ရမ်းရမ်း ကားကား ဖွင့်အံထုတ်နေကြတာပေါ့။

သူတို့ရင်ထဲက ဆူးပေါက်နေတဲ့ မကျေနပ်မှုအခက်အလက်တွေကြီး သထက်ကြီး၊ ကြမ်းသထက်ကြမ်း၊ ရိုင်းသထက်ရိုင်းလာအောင် သူတို့ကြီးပြင်း၊ လူလားမြောက်လာခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ သူတို့ရဲ့ ဗီဇစိတ်နှစ်မျိုးက ရေလောင်း၊ ပေါင်းသင်ပေးခဲ့တယ်။ များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုက ပိုအား ကောင်းတတ်တယ်။

ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းက တကယ်တော့ သူဌေးနေရာက သရုပ်ဆောင်ရတဲ့ ဆင်းရဲတဲ့လူတစ်ယောက်လိုပဲ။ ကိုယ့်မှာ အမှန်တကယ် မရှိတာတွေကို လူရှေ့သူရှေ့ရောက်ရင် ရှိနေသယောင် ဟန်ဆောင်နေကြတာမျိုးပေါ့။ ဘာသာတရား အဆုံးအမတွေ၊ အစဉ်အလာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ် ဘာညာ ပြောနေကြပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်။

အနိုင်ကျင့်ခံရတဲ့သူ တစ်ယောက်ကိုတောင်“ခံရမှာပေါ့ သူကိုယ်တိုင်က အနေအထိုင်မှ မတတ်တာကိုး”ဆိုတဲ့ မှတ်ချက်မျိုး ပြောင်ပြောင်တင်းတင်း ပေးတဲ့သူတွေကအစလို့ “မင်းက၊ နင်က ဘယ်လောက်အဆင့်ရှိလို့လဲ၊ ဘောမ၊ ထမိန်ခြုံ၊ အရိုးကိုက်”ဆိုတာမျိုးကနေ “မအေ၊ နှမ မကျန် ကိုင်တုပ်ပြီး အောက်တန်းကျကျ ဆဲရေးတိုင်းထွာတာ၊ ငယ်ကျိုးငယ်နာ၊ မဟုတ်က၊ ဟုတ်ကတွေ ဖော်ပြီး သိက္ခာချ၊ အရှက်ရစေတာတွေအလယ်၊ အသေသတ်ပစ်၊ မီးနဲ့ရှို့ပစ်၊ အမျိုးဖြုတ်ပစ်” ဆိုတဲ့အဆုံး တဖြည်းဖြည်းအန္တရာယ်ကြီးတဲ့ အသုံးအနှုန်းတွေနဲ့ပါ အစွမ်းကုန် ရိုင်းပြတဲ့အဆင့်အထိ ဖြစ်လာတယ်။

Facebookကတော့ ဒီအခြေအနေတွေကို ရိပ်စားမိလာတဲ့အတွက် အဲဒါတွေကို စောင့်ကြည့်ဖို့ အရှိန်မြှင့်လုပ်လာတာတွေ့ရတယ်။ ဒါပေမဲ့ သူတို့လုပ်ရပ်ကလည်း ဘက်လိုက်မှုတွေ၊ မမျှတတာတွေ၊ တစ်ဖက်သတ်ဆန်တာတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဘာပဲပြောပြော သူတို့က ဒါတွေကိုထိန်းဖို့ လုပ်လာတာကိုတော့ အသိအမှတ်ပြုရမယ်။

အထင်ရှားဆုံးကတော့ အခုနောက်ပိုင်း အကောင့်သစ် စဖွင့်တဲ့သူတွေကို ယူနီကုဒ်မြန်မာဖောင့်နဲ့ပဲလက်ခံပြီး ဇော်ဂျီဖောင့်နဲ့ဆို လက်မခံတော့ဘူးဆိုတဲ့ စည်းကမ်းအသစ်ထုတ်လာတာပေါ့။ ဒါ ဘာကိုပြလဲဆိုတော့ ဇော်ဂျီ ဖောင့်နဲ့ တင်ထားတဲ့ အကြောင်းအရာတွေ၊ မှတ်ချက်စကားတွေထဲမှာ ဘယ်လောက်အမုန်းစကားတွေ၊ တိုက်ခိုက်၊ လုပ်ကြံ၊ ခြိမ်းခြောက်၊ အနိုင်ကျင့်မှုတွေပါနေတယ်ဆိုတာကို ဘာသာပြန်ဖို့ ခက်လာလို့ပဲ။

Facebook က သူ့ကွန်ရက်ကိုသုံးပြီး သက်ဆိုင်ရာလူ့အဖွဲ့အစည်း အနုတ်လက္ခဏာဆောင်မသွားအောင် စေတနာမျိုးထက် သူ့ကိုယ်ကျိုးစီးပွားက နံပါတ်တစ်ဦးတည်တယ်ဆိုပေမယ့် မြန်မာလူ့အဖွဲ့အစည်းဘက်ကလည်း ကိုယ်တတ်နိုင်တဲ့နေရာက ဝိုင်းကူပေးကြဖို့လိုမယ်။

အစိုးရကတော့ ပြည်သူ့ဘဏ္ဍာငွေ သိန်းသောင်းချီပြီး စာရင်းပြထုတ် ထားပေမယ့် ဒီနေ့အထိ ထိရောက်တဲ့ လှုပ်ရှားမှု၊ အရေးယူဆောင်ရွက်မှု၊ အကာအကွယ်ပေးမှု၊ ထိန်းသိမ်း၊ ကြီးကြပ်မှု ထင်ထင်ရှားရှား မတွေ့ရသေးဘူး။ အွန်လိုင်းပေါ်က အုပ်စုလိုက် အမုန်းစကား ဖြန့်ဝေ၊ အနိုင်ကျင့်၊ ခြိမ်းခြောက်နေတဲ့သူတွေ လျော့မသွားသေးတဲ့အပြင် ပိုတိုး၊ ပိုဆိုးလာတယ်။

အစိုးရ လုပ်တာ၊ မလုပ်တာ သူ့သဘောသူဆောင်တယ်။ သူ့အနာဂတ်ကို သူ့ရဲ့လက်တွေ့အလုပ်နဲ့ပဲ သူ့ဘာသာပြဋ္ဌာန်းမယ်။ သူအလုပ်လုပ်ရင် လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ရလဒ်ပြန်ရမယ်။ ကျွန်တော်တို့ ပြည်သူတွေဘက်ကလည်း အဆိုးစကား၊ အမုန်းစကား၊ အနိုင်ကျင့်၊ ခြိမ်းခြောက်စကားစတဲ့ စကားဆိုးတွေ၊ အကုသိုလ်စကားတွေကို ကိုယ်တိုင်လည်းမပြော၊ မရေး၊ အားမပေး၊ မဝေမျှ၊ မထောက်ခံ၊ မကြည့်၊ လက်မခံ၊ နားမထောင်ခြင်းအားဖြင့် ကုသိုလ်ဖြစ်အောင်နေကြဖို့ တိုက်တွန်းအကြံပြုလိုက်ပါရစေ။ လူမှုကွန်ရက်ပေါ်ကဖြစ်ဖြစ်၊ လက်တွေ့ လူမှုပတ်ဝန်းကျင်ကဖြစ်ဖြစ် အနိုင်ကျင့် ခြိမ်းခြောက်မှုတွေနဲ့ ကင်းဝေးကြပါစေ။

အယ်ဒီတာ (၂၅-၈-၂၀၁၈)