News

POST TYPE

OPINION

ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ အရွယ်အစားပမာဏကို လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကိုလည်း လျှော့ချမည်
23-Aug-2018


ရန်ကုန်၊ ဩဂုတ် ၂၂

မြန်မာ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဆက်အောင်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏အရွယ်အစားပမာဏကို တရုတ်ဘက်က လျှော့ချသွားတော့မည်ဖြစ်ပြီး အရွယ်အစားကို လျှော့ချခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုပမာဏကိုလည်း လျှော့ချမည်ဟု အသိပေးလိုက်ကြောင်း ANI သတင်းဌာနက ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သတင်းရေးသားဖော်ပြလိုက်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်၏ခါးပတ်လမ်း (One Belt One Road) အစီအစဉ်တွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပြီး One Belt One Road အစီအစဉ်ကြောင့် အကြွေးနွံနစ်မှုများရှိလာမည်ကို စိုးရိမ်ပူပန်သည့်အတွက် တရုတ်အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုပမာဏကို လျှော့ချပစ်လိုက်ခြင်းဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံတကာသတင်းမီဒီယာများက သုံးသပ်ထားသည်။

တရုတ်အစိုးရသည် မူလအစ၌ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံအထိ ထည့်သွင်းရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်မူ ၎င်းတို့က ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းအထိတိုင် လျှော့ချပစ်လိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာအစိုးရအကြားတွင် ယင်းကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကိစ္စရပ်ကို ဆွေးနွေးမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဦးစီးဦးရွက်ပြု၍ အဓိကအခန်းကဏ္ဍမှနေ၍ ဆောင်ရွက်နေသည်မှာ တရုတ်နိုင်ငံအခြေစိုက် CITIC စီးပွားရေးလုပ်ငန်းစုပင်ဖြစ်သည်။

တရုတ်အစိုးရသည် အစောပိုင်း၌ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကြီးမားသော ဓာတ်ငွေ့နှင့် လောင်စာဆီတင်ပို့သည့် သင်္ဘောအရေအတွက် ၁၀ စီးခန့် ကျောက်ချရပ်နားနိုင်စေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်မူ စီမံကိန်း၏အရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို လျှော့ချပစ်လိုက်သည့်အတွက် သင်္ဘောနှစ်စီးသာ ကျောက်ချနိုင်တော့မည် ဖြစ်သည်။

ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏အစပြုရာ ဝင်ပေါက်နေရာတွင် တည်ရှိနေခြင်းဖြစ်သည်။

E-11