News

POST TYPE

OPINION

ဓမ္မနှင့် အဓမ္မ (Daily, Vol-6/No-115)
22-Aug-2018
ဓမ္မဆိုသော ပါဠိစကားလုံးကို မြန်မာလို ဆီလျော်မှုရှိရန် ပြန်ဆိုရပါက လောကတွင် ဖြစ်တည်နေသော သဘာဝ အမှန်တရားများ၊ သို့မဟုတ် အတိုကောက်အားဖြင့် တရားဟု ဆိုနိုင်သည်။

လောကတွင် ဖြစ်တည်နေသော အမှန်တရား သို့မဟုတ် လောကလုံးဆိုင်ရာ အမှန်တရားများကို ပါဠိလို သစ္စာလေးပါးဟုခေါ်ပြီး သစ္စာလေးပါး ဆိုသည်မှာ ဆင်းရဲ အမှန်တရား ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား သမုဒယသစ္စာ၊ ဆင်းရဲ ချုပ်ငြိမ်းခြင်း အမှန်တရား နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား မဂ္ဂသစ္စာဟု အဓိပ္ပာယ်ရသည်။

ဗုဒ္ဓ ဟူသော ပါဠိစကားလုံးမှာ အားလုံး သိကြသည့်အတိုင်း မြန်မာလိုအားဖြင့် လောကလုံးဆိုင်ရာ အမှန်တရား လေးပါး သို့မဟုတ် သစ္စာလေးပါးကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်၍ ထိုးထွင်း သိမြင်တော်မူသော မြတ်စွာဘုရားဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓ၏ ဩဝါဒ အဆုံးအမများ၊ ကျင့်စဉ်များနှင့် ကျင့်ကြံ အားထုတ်၍ ရရှိသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ပေါင်းရုံး၍လည်း ဓမ္မဟု အဓိပ္ပာယ် ကောက်နိုင်သည်။

ဓမ္မ၏ရှေ့တွင် “အ” အက္ခရာထည့်၍ အဓမ္မဟု ဆိုလိုက်သည်နှင့် အထက်ဆိုခဲ့ပါ ဓမ္မ၏ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်သွားပြီး မတရားမှု၊ မတရားခြင်းဟု အသုံးများကြသည်။

ထို့ကြောင့် သဘာဝအားဖြင့် ဆန့်ကျင်ဘက် ဖြစ်နေသော ဓမ္မ ဟူသော တရားခြင်းနှင့် အဓမ္မ ဟူသော မတရားခြင်းတို့သည် အစဉ်အမြဲ ထိပ်တိုက်တွေ့၊ ဆန့်ကျင်ဘက်ဖြစ်ကာ သူနိုင်ကိုယ်နိုင် တိုက်ပွဲဖြစ်နေကြခြင်း ဖြစ်သည်။

ဆရာကြီး ဦးရွှေအောင်ကမူ “လောကကို တည်ငြိမ်အောင် လုပ်သည့်တရားကို ဓမ္မဟုခေါ်၏။ လောကကို မတည်ငြိမ်အောင် လုပ်သည့် တရားစုကို အဓမ္မဟုခေါ်၏။ ထို့ကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝရ ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏။ လောကသည် စစ်ခင်းရာ စစ်မြေပြင် မဟုတ်တော့လျှင် လောကဟူ၍လည်း မဟုတ်တော့။ လောက မဟုတ်သော လောကုတ္တရာသာ ဖြစ်လေ၏။ လောကုတ္တရာ၌ ပုဂ္ဂိုလ်လည်း မရှိ။ သတ္တဝါလည်း မရှိ။ စစ်ခင်းမှုလည်း မရှိ။ ထို့ကြောင့် လောကုတ္တရာနှင့်ပတ်သက်၍ အထူးဆိုဖွယ်မရှိ”ဟု ရှင်းလင်း ရေးသားထားသည်။

လောကုတ္တရာ အဆင့်ကို မရောက်နိုင်သေးသည့် ပုထုဇဉ် အများစုသာဖြစ်ကြသော လူ့လောကတွင် နေထိုင်နေသမျှ ကာလပတ်လုံး အမှန်တရား ဓမ္မနှင့် မမှန်သည့် မတရားမှု အဓမ္မတို့အကြား အမြဲလိုလို စစ်ခင်းသည်ကို ကြုံကြမည်ဖြစ်ရာ မိမိတို့သည် ဓမ္မဘက်မှ ခိုင်ကျည်၊ မြဲမြံစွာ ရပ်တည်ခြင်း၊ အားပေးခြင်း၊ ပံ့ပိုးခြင်း၊ ထောက်ခံခြင်းတို့ဖြင့် အဓမ္မအပေါ် အနိုင်ရရှိစေရန် ကူညီကြရမည့် တာဝန်ရှိသည်။

ယနေ့ မြန်မာ လူ့အဖွဲ့အစည်းတွင်လည်း ဗုဒ္ဓ ဟောကြားခဲ့သော ဓမ္မနှင့် သွေဖည် ဆန့်ကျင်နေသော အယူအဆ၊ အတွေးအခေါ်၊ လုပ်ကိုင် ဆောင်ရွက်မှု၊ ရေးသား၊ ဖြန့်ဝေ၊ ဟောကြားမှုများ ရှိနေသည်မှာ အထူး သတိပြုမိစရာ ဖြစ်သည်။

ယင်းအခြေအနေကို ဓမ္မကို ယုံကြည် လက်ခံသော အဝန်းအဝိုင်း၊ အစုအဖွဲ့တို့က ဓမ္မနည်းဖြင့် အဓမ္မကို ဓမ္မဘက်သို့ ရောက်ရှိစေရန် ဖျောင်းဖျ စည်းရုံးခြင်း၊ ထိုအဝန်းအဝိုင်းက စောင့်ထိန်း လိုက်နာအပ်သော ကျင့်ဝတ်စည်းကမ်းများဖြင့် ကြပ်မတ်ခြင်း တစ်နည်းအားဖြင့် ဓမ္မစက်ဖြင့် ဖျောင်းဖျ ထိန်းသိမ်းရန် တာဝန်ရှိပေသည်။

ထိုသို့ ဓမ္မစက်နည်းဖြင့် ထိန်းသိမ်း၊ ဖျောင်းဖျ၍ မရပါက အုပ်ချုပ် စီမံခန့်ခွဲမှုကို ကိုယ်စားပြုသော အာဏာစက်ဖြင့် မလွှဲမရှောင်သာ ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းကာ မေတ္တာစိတ်ကို အခြေခံသော ဓမ္မတရားများကို အိုးမဲ သုတ်သကဲ့သို့ ဖြစ်နေခြင်းမှ ကာကွယ်စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂၂-၈-၂၀၁၈)
(၂၁-၃-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)