News

POST TYPE

OPINION

ရှေးဟောင်းအမွေတွေကို ဘယ်လို တန်ဖိုးထားကြမလဲ
22-Aug-2018 tagged as

မိတ်ဆွေတစ်ဦးက ဖိတ်သဖြင့် တရုတ်ပြည်မှလာသော ဧည့်သည် သုံးဦးနှင့် မိုင်ဂါးဒင်းမှာ နံနက်စာစားရင်း စကားစမြည်ပြောဖြစ်ကြသည်။ တရုတ်ပြည်ဆိုသော်လည်း အဝေးကြီးမဟုတ်။ ယူနန်ပြည်နယ်က ကူမင်းကဖြစ်သည်။ မြန်မာစကားပြောတတ်သော တရုတ်အမျိုးသမီးက စကားပြန်ဖြစ်ပြီး တစ်ဦးက ယူနန်တက္ကသိုလ်မှာ သုတေသနပြုနေသူဖြစ်ကာ ကျန်တစ်ဦးကတော့ ယူနန်ကွန်မြူနစ်ပါတီ တာဝန်ရှိသူဖြစ်ပုံရသည်။ လူမှုသိပ္ပံသုတေသီအဖြစ် မိတ်ဆက်သူက လူငယ်ဖြစ်ပြီး အင်္ဂလိပ်လို ပြောနိုင်သည်။ ကျန်တစ်ယောက်ကတော့ အင်္ဂလိပ်လိုမရ။ အထွေအထူး ဘာကိစ္စမျှမရှိဘဲ ခင်မင်ရင်းနှီးချင်လို့ လာတာဖြစ်ကြောင်းပြောတော့ တရုတ်က မြန်မာနှင့်တည်ဆောက်နေသော “ကွမ်းရှိ” ဆက်ဆံရေးကို သတိရလိုက်သည်။ အမှန်လည်း ထိုအတိုင်းပါပဲ။ သူတို့က လက်ရှိ တရုတ်အစိုးရ၏ မြန်မာနှင့် ဆက်ဆံရေးအကြောင်း၊ တရုတ်ပြည်ဖွံ့ဖြိုးနေပုံအကြောင်း၊ အိမ်နီးချင်းမြန်မာကိုလည်း တရုတ်နိုင်ငံအတိုင်း ဖွံ့ဖြိုးစေလိုကြောင်း၊ ရပ်ဝန်းတစ်ခု၊ လမ်းတစ်သွယ် OBOR အကြောင်း ပြောဖြစ်ကြသည်။သုတေသီလူငယ်က မြန်မာကို ခုမှရောက်ဖူးတာဖြစ်ပြီး ကွန်မြူနစ်ပါတီဝင်ဖြစ်ပုံရသော ကျန်တစ်ယောက်ကတော့ ရောက်ဖူးသည်။ မြန်မာအကြောင်း မလာခင်ကတည်းက အတော်အတန်သိထားပုံတော့ ရသည်။ 

ပြီးခဲ့သည့် တစ်ပတ်ကတည်းက ရောက်လာကြတာဖြစ်ပြီး မပြန်ခင် စကားစမြည်ပြောရင်း နံနက်စာစားကြခြင်းဖြစ်သည်။ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်မြို့များသို့ လည်ပတ်ခဲ့ကြပြီးဖြစ်သည်။ နေပြည်တော်ကိုတော့ အခြားသောဧည့်သည်တွေလိုပဲ သူတို့အံ့အားသင့်သည်။ တိတ်ဆိတ်ခြောက်သွေ့ပြီး ပျင်းစရာကောင်းသောအရပ်ဟု ဆိုသည်။ ယူနန်တက္ကသိုလ်က သုတေသီလူငယ်က မန္တလေးနန်းတော်ထဲသို့လည်း ဝင်ခဲ့ကြောင်းပြောတော့ “ဘေဂျင်းက Forbidden City နဲ့ မတူဘူးလား” ဟု ပြန်မေးဖြစ်သည်။ သူက နန်းမြို့ရိုးက လှပကြောင်း ပြောသော်လည်း နန်းမြို့ထဲကအကြောင်းကိုတော့ စိတ်ဝင်တစား ဘာမျှမပြော။ 

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ရောက်ဖူးသူတိုင်း မြို့လယ်မှာရှိသော တိန်အင်မင်းရင်ပြင်နှင့် ဧရာမ မော်စီတုန်း ဓာတ်ပုံကြီးချိတ်ဆွဲထားသည့် ရှေးဟောင်းနန်းမြို့ထဲသို့ ဝင်ရောက်လည်ပတ်ကြဖူးမည်ထင်ပါသည်။ ထိုနန်းမြို့ကို Forbidden City ဟုခေါ်သည်။ တစ်ချိန်က တရုတ်ဧကရာဇ်တို့ ထီးနန်းစိုက်ခဲ့သော နန်းတော်ဆောင်များနှင့် အသုံးအဆောင်များကို စနစ်တကျ ထိန်းသိမ်းပြသထားသောနေရာ ဖြစ်သည်။ နန်းမြို့တစ်ခုလုံးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုစရာများနှင့် ပြည့်နှက်နေသော ပြတိုက်ကြီး တစ်ခုလိုဖြစ်နေကာ နေ့စဉ် ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်ကြည့်ရှုရာ အထင်ကရနေရာလည်းဖြစ်သည်။ ဝင်ကြေးက အတော်များပါသည်။ တိုးမပေါက်အောင် စည်ကားလှသော ကမ္ဘာလှည့်ခရီးသွားများကို ကြည့်ခြင်းဖြင့် နေ့စဉ်ဝင်ငွေအမြောက်အမြားရနေမည်ကို ခန့်မှန်းနိုင်သည်။ ထိုနေရာသို စာရေးသူရောက်ရှိခဲ့စဉ် မန္တလေးနန်းမြို့ရိုးကြီးနှင့် အတွင်းက နန်းတော်ရာကို ယခုလို ဝင်ကြေးယူပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ပြသနိုင်လျှင် ကောင်းမှာပဲဟု စဉ်းစားမိခဲ့သည်။ အာရှပဒေသရာဇ် နိုင်ငံများ၏ မြို့ပြတည်ဆောက်ပုံတွေက အတော်ပင်တူကြသည်။ Forbidden City မှာလည်း မန္တလေးကျုံးလိုပဲ မြို့ရိုးတံတိုင်းကို ပတ်ထားသော ကျုံးရေကန်ရှိသည်။ အတွင်းက ဘုရင်၊ မိဖုရား၊ မှူးမတ် စစ်သည်တို့၏ အဆောင်ဆောင်သော နန်းဆောင်တွေကလည်း မြန်မာဘုရင့်နန်းတော်လိုပါပဲ။ သူတို့က စစ်ဘေးဒဏ် (ဒုတိယကမ္ဘာစစ် ဗုံးဒဏ်) မခံရသဖြင့် အားလုံး အကောင်းပကတိရှိနေသေးသလို ရှေးဗိသုကာလက်ရာအားလုံးကိုလည်း စနစ်တကျ ထိန်းသိမ်းထားတာတွေ့ရသည်။ မြန်မာဘုရင့် နန်းမြို့နှင့် ကွာခြားတာက ရှေးဟောင်းတရုတ်ဗိသုကာ လက်ရာပဲဖြစ်သည်။ နန်းမြို့ဖွဲ့စည်းပုံကတော့ အတော်တူပါသည်။ 

ထိုနေရာကိုရောက်ခဲ့တော့ မန္တလေးနန်းမြို့ဟောင်းကြီးကို အတော်နှမြောမိသည်။ မန္တလေးနန်းမြို့ဟောင်းထဲက မူလနန်းတော်ကြီးကတော့ (ဝမ်းနည်းဖွယ်ရာ) မရှိတော့ပါ။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးသွားခဲ့ပြီ။ ယနေ့မြင်တွေ့နေရသည့် မြနန်းစံကျော် နန်းတော်ကြီးက ၁၉၈၉ ခုနှစ်၊ နဝတ အစိုးရလက်ထက်မှာ ပြန်လည်တည်ဆောက်ထားသည့် ပုံစံတူ နန်းတော်မျှသာ ဖြစ်သည်။ 

မန္တလေးနှင့်ပတ်သက်၍ ပြောရလျှင် မြန်မာဘုရင်တို့၏ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မြို့တော်ဟောင်းတစ်ခုအဖြစ် ကမ္ဘာမှာရော မြန်မာမှာပါ သိကြသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားတိုင်း မန္တလေးကို မဖြစ်မနေ ဖြတ်သန်းကြည့်ရှုကြသည်။ မြန်မာ၏ အခြားထင်ရှားသောနေရာများသို့ ရောက်ချင်မှ ရောက်မည်ဖြစ်သော်လည်း မန္တလေးကတော့ ကမ္ဘာလှည့်ခရီးသွားအားလုံး၏ Must see ဖြစ်သည်။ တကယ်လည်း မန္တလေးက ရင်ခုန်စရာကောင်းအောင်လှသည်။ အထူးသဖြင့် ကျုံးရေတွေ ဝန်းရံထားသည့် နီညိုရောင် နန်းမြို့ရိုးဖြစ်သည်။ ထိုသင်္ကေတသည် မြန်မာ့ထီးနန်း၏ သင်္ကေတဖြစ်သလို အတိတ်နှင့်သမိုင်းကို တီးတိုးပြောနေသော သင်္ကေတဖြစ်သည်။ အထူးသဖြင့် မပြုမပြင် နဂိုအတိုင်းတည်ရှိနေသော နီညိုရောင် ရှေးဟောင်းအုတ်များနှင့် ပစ္စင်၊ ပြာသာဒ်များ ဖြစ်သည်။ ထိုမြင်ကွင်းမှာ တကယ့်အနှစ်သာရ ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်မှာလည်း မန္တလေးလို မြို့ရိုးဟောင်းတစ်ခုရှိသည်။ သို့သော် မန္တလေးလောက် မကြီးကျယ်သလို အကြွင်းအကျန် အစိတ်အပိုင်းကလေး မျှသာရှိသည်။ 

မန္တလေးနန်းမြို့ဟောင်းအကြောင်းပြောတော့ ပျောက်ကွယ်သွားသည့် နန်းတော်ဟောင်းအကြောင်းက ပါလာသည်။ ဗုံးဒဏ်ကြောင့် လုံးဝ ပျောက်ကွယ်သွားတာနှင့်စာလျှင် ပုံစံတူ နန်းတော်ဆောင်တွေ ပြန်လည်တည်ဆောက်ထားတာကတော့ ကောင်းပါသည်။ တကယ်တော့ နန်းမြို့ဟောင်းတစ်ခုလုံးက ပြတိုက်ကြီးတစ်ခုပဲ ဖြစ်သည်။ ရေကန်ဟောင်းတွေ၊ ဥယျာဉ်တော်တွေ၊ မင်းတုန်းမင်းကြီးအုတ်ဂူတွေ အခြားအခြားသော သမိုင်းဝင် အထိမ်းအမှတ်နေရာတွေ ပြည့်နေသည်။ ထိုနေရာအားလုံးကို ရှေးကုန်းဘောင်ခေတ်ဟန်အတိုင်း စနစ်တကျပြသထားနိုင်လျှင် မန္တလေးလာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ပိုက်ဆံတွေရနိုင်သည်။ သို့သော် နန်းမြို့ဟောင်းထဲမှာ အသစ်ပြန်လည်တည်ဆောက်ထားသည့် နန်းတော်ရာ ကွက်ကွက်ကလေးကလွဲပြီး ကြည့်စရာသိပ်မရှိ။ နန်းတော်သစ်ကြီးကလည်း ကွန်ကရစ်တွေ၊ သွပ်မိုးတွေ အများအပြားနှင့် တည်ဆောက်ထားတာဖြစ်သည်။ ရှေးဟန်အတိုင်း ပြန်လည်တည်ဆောက်ဖို့ အချိန်နှင့်ငွေ လိုသည်။ ထိုစဉ်က ကသုတ်ကရက် တည်ဆောက်ခဲ့ရသလားတော့ မသိပါ။ (ထူးထူး ခြားခြား သီပေါမင်းတည်ဆောက်ခဲ့သည့် ရွှေနန်းတော်ကျောင်းကြီးကတော့ ရှေးဟန်အတိုင်း ယခု ပြန်လည်ပြင်ဆင်နေသည်ကို တွေ့ရသည်)။ နန်းမြို့တွင်းထဲ ယနေ့အထိ အရုပ်ဆိုး အကျည်းတန်စွာ တည်ရှိနေသည်ကား စစ်တပ်ဌာနချုပ်ဖြစ်သည်။ ရှေးယခင်အဆက်ဆက် မန္တလေး၏ မဟာဗျူဟာ မြောက်နေရာဖြစ်သောကြောင့်လား မသိပါ။ နန်းမြို့တွင်းမှာပဲ အင်္ဂလိပ်က စစ်ဌာနချုပ်လုပ်ခဲ့သည်။ ဂျပန်ကလည်း တပ်စွဲခဲ့သည်။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ သီပေါဘုရင်နှင့် မိဖုရားကို ဖမ်းဆီးပြီး အင်္ဂလိပ်တပ်တွေ မန္တလေးမြို့ကိုသိမ်းတော့ နန်းတော်ကြီးက ဒပ်ဖရင် ခံတပ်ဖြစ်သွားသည်။ ၁၉၄၄၊ ဂျပန်တွေ မန္တလေးကို သိမ်းပြီးချိန်အထိ နန်းတော်ကြီးက အကောင်းအတိုင်းရှိနေသေးသည်။ ဂျပန်တပ်တွေက နန်းတော်ကြီးကို ရိက္ခာသိုလှောင်ရေးစခန်းအဖြစ် အသုံးပြုကြပြန်သည်။ သည်ဘက်ခေတ်မှာတော့ အစိုးရတပ်၏ စစ်ဌာနချုပ်ဖြစ်လာသည်။ နန်းမြို့ဟောင်းထဲမှာ လွတ်လပ်ရေးကျောက်တိုင်ပင် စိုက်ထူထားသည်။ 

တရုတ်ပြည် ဘေဂျင်းမြို့လယ်က Forbidden City ကို ရောက်ခိုက် နန်းမြို့ရိုးကြီး ဝန်းရံထားသည့် မန္တလေးမြို့လယ်က နန်းမြို့ဟောင်းကိုလည်း စနစ်တကျထိန်းသိမ်းပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ပြသနိုင်လျှင် ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေအမြောက်အမြားရနိုင်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံမှာ ဖြစ်လာဖို့ကတော့ တန်ဖိုးကို သိသူ၊ ရိုးရာအမွေအနှစ်ကို တကယ်ချစ်သူတွေ ရှိမှဖြစ်လိမ့်မည်။ မနေ့တစ်နေ့ကပဲ အင်းဝမြို့ဟောင်းက ရှေးဟောင်းလက်ရာ အုတ်ကျောင်းတစ်ခုကို ကွန်ကရစ် လှေကားအသစ်စက်စက် ခင်းလိုက်တာ တွေ့ရသည်။ ဘယ်လိုစိတ်ကူးတွေနှင့် ရွှေဉာဏ်တော်စူးရောက်ခဲ့ကြသလဲ မသိ။ အွန်လိုင်းပေါ်မှာ ဝေဖန်ကြသူတွေ ရှိလာတော့မှ ကွန်ကရစ်တွေကို ပြန်ခွာနေတာတွေ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် မူလအနေအထားကတော့ ပျက်သွားပြီ။ ဟိုတစ်လောဆီကလည်း ပုဂံက နာမည်ကျော် ဓမ္မရံကြီး ပုထိုးဝင်းထဲမှာ မြက်ခင်းတွေ အလှစိုက်နေတာတွေ့ရသည်။ အာနန္ဒာစေတီအဝင်လမ်းကို စေတနာကောင်းပြီး ကွန်ကရစ်လမ်းခင်းတာကိုလည်း တစ်နှစ်က တွေ့လိုက်မိသည်။ ရှေးဟောင်း အမွေအနှစ်တွေ၊ ပြန်လည်အစားမထိုးနိုင်တော့သည့် ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကို မြန်မာတွေက ခပ်လွယ်လွယ်ပဲ ပြင်လိုက်ကြ၊ ဖျက်လိုက်ကြ၊ မွမ်းမံလိုက်ကြသည်။ ပျောက်ဆုံးသွားသောတန်ဖိုးတွေက အလွန်နှမြောစရာကောင်းလှသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ဘက်စုံမွမ်းမံလိုက်ကြသည့် ရွှေတိဂုံစေတီတော်မှာလည်း မူလရှေးဟောင်းအငွေ့အသက်လက်ရာတွေ မရှိသလောက် ဖြစ်သွားခဲ့ဖူးသည်။ ပြုပြင်မွမ်းမံတာတွေကတော့ ကောင်းပါသည်။ Renovations မဟုတ်ဘဲ Reconstruction တွေ ဖြစ်နေသောအခါ ရှေးဟောင်းအမွေအနှစ်တွေက ရှေးဟောင်းမဖြစ်တော့ဘဲ အသစ်စက်စက် Brand New တွေ ဖြစ်ကုန်တော့သည်။

ဘာရယ်မဟုတ်။ တရုတ်ဧည့်သည်တစ်စုနှင့် နံနက်စာစား၊ စကားစမြည်ပြောဆိုဖြစ်ရင်းက ဘေဂျင်းမြို့လယ်မှာ ပြတိုက်ကြီးတစ်ခုလို စနစ်တကျ ထိန်းသိမ်းထားသည့် Forbidden City အကြောင်း ပြန်လည်တွေးနေမိခြင်းများပါ...။ 

ချစ်ဝင်းမောင်

  • TAGS