POST TYPE
OPINION
ယူတတ်ရင်ရတဲ့ သင်ခန်းစာ
18-Aug-2018
ယခုတစ်လော နိုင်ငံတကာဖြစ်ရပ်တွေက မြန်မာနိုင်ငံအတွက် ယူတတ်မယ်ဆိုရင် သင်ခန်းစာတွေချည်းပါပဲ။ သင်ခန်းစာဆိုတာကလည်း ယူချင်တိုင်းရနိုင်တဲ့ အရာမျိုးတော့လည်း မဟုတ်။ အခွင့်အခါကြုံမှသာ ရနိုင်တဲ့အမျိုးပါ။ အဲဒီအချိန်မှာ မယူတတ်ရင်တော့လည်း ရနိုင်မှာမဟုတ်ပါဘူး။
ပထမဆုံးရနိုင်တဲ့သင်ခန်းစာကတော့ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေတဲ့ တောဝက်အမည်ရှိတဲ့ ဘောလုံးသမားတွေ ဂူအတွင်းပိတ်မိနေတဲ့ဖြစ်စဉ်ပါပဲ။ ကမ္ဘာ့ဘောလုံးပွဲနဲ့အပြိုင် တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့အဆင့် ရောက်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကလည်း တတ်စွမ်းသရွေ့ အကူအညီပေးကြတာ တွေ့ရတယ်။ ဒါကလည်း အတွေ့အကြုံသစ်တွေကို စူးစမ်းရှာဖွေနေသူတွေအတွက်ကတော့ အခွင့်အလမ်းတစ်ရပ်ပါပဲ။ ယူတတ်သူတွေရသွားတဲ့ သင်ခန်းစာတစ်မျိုးပါ။ မယူတတ်တော့လည်း မရကြပါဘူး။ ဒီတော့ အရေးကြုံရင် ကူကယ်ရာမဲ့ဖြစ်ကြရတာ ဆန်းတော့လည်း အဆန်းမဟုတ်။ ဘောလုံးသမားတွေနဲ့ အုပ်ချုပ်သူတို့ရဲ့ ခိုင်မာယုံကြည်တဲ့စိတ်ဓာတ်ကလည်း အားကျစရာပါ။ အကယ်၍များ လာကယ်သူတွေမရောက်ခင် ဂူအတွင်းမှာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ အမေးကို ဖြေသွားတာဟာ စိတ်ဓာတ်တက်ကြစရာပါ။ နိုင်ငံက ကျွန်တော်တို့ကို ပစ်မထားပါဘူးတဲ့။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လာရောက်ကယ်တင်မယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိပြီးသားပါတဲ့။ နိုင်ငံနဲ့ပြည်သူ ပြည်သူနဲ့နိုင်ငံ ဘယ်လိုများ သဟဇာတဖြစ်ကြသလဲဆိုတဲ့ ပြယုဂ်က ခံစားကြည့်တတ်မယ်ဆိုရင် ပီတိဖြစ်စရာပါ။ ကျေနပ်အားရစရာပါ။

ထူးခြားတာကတော့ မလေးရှားလူမျိုးတွေကိုသာ ဦးစားပေးခန့် ထားလေ့ရှိတဲ့ မလေးရှားနိုင်ငံမှာ ကိန်းဘရစ်တက္ကသိုလ်က ဓာတုအင်ဂျင်နီယာဘွဲ့နဲ့ ဒဿနိကဗေဒ မဟာဘွဲ့ရထားတဲ့ တရုတ်လူမျိုးကိုခန့်တာ၊ ခန့်တဲ့သူက အသက် ၉၂ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်။ မလေးရှားနိုင်ငံရဲ့ လိုအပ်ချက်အတွက် လူမှန်နေရာမှန် ရွေးချယ်ခန့်ထားလိုက်ခြင်းဟာ မလေးရှားနိုင်ငံရဲ့ ပထမဦးဆုံးသမိုင်းဝင် ဖြစ်ရပ်ပါပဲ။
ဒီမှာယူတတ်ရင် ရစရာတွေအများကြီးပါပဲ။ နိုင်ငံ့အတွက်လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့နေရာမှာ အသားအရောင်အယူဝါဒကို ဦးစားပေးမထားပါဘူး။ အမှန်တကယ် အရည်အချင်းရှိရင် ထိုက်တန်တဲ့နေရာကို ပေးအပ်ခြင်းပါပဲ။ နိုင်ငံ့အကြီးအကဲကိုယ်တိုင်ကလည်း လူငယ်ပညာတတ်တွေကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တယ်။ အစိုးရဆိုတာ စီးပွားရေးလုပ်ရတာ မဟုတ်ဘူးတဲ့။ ဖွံ့ဖြိုးစည်ပင်လာအောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရသူတဲ့။ စံပြုလောက်တဲ့ခံယူချက်ပါပဲ၊ သင်ခန်းစာဆိုတာကလည်း ယူတတ်မှရနိုင်တာပါ။
ဒီနှစ်ကတော့ မိုးကောင်းလှပါတယ်။ ပြောရရင်တော့ ရာသီဥတုဟာ သိသာသာကြီးပြောင်းလဲနေပါတယ်။ တစ်လောကပဲ လာအိုနိုင်ငံက ရေကာတာကြီးတစ်ခု ကျိုးပေါက်သွားပါတယ်။ ရွာအများအပြား ရေအောက်ရောက်သွားပြီး လူအများအပြားလည်း အတိဒုက္ခရောက်ကြရပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ဆိုတာ ကောင်းပါတယ်။ ထိုင်း၊ ကိုရီးယားလို နည်းပညာမြင့်တဲ့နိုင်ငံတွေနဲ့ ဆောက်တာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သဘာဝတရားကိုတော့ မဟန့်တားနိုင်ပါဘူး။ မိုးမပြိုဘူး ဒါပေမဲ့ ပြိုခဲ့သော်ဆိုတာလိုပေါ့။ ထည့်သွင်းစဉ်းစားတဲ့အခါ ရှုထောင့်တစ်ခုတည်းကကြည့်ပြီး အကျိုးစီးပွားမှန်းဆလို့ မရနိုင်ပါဘူး။ အမျိုးသားအကျိုးစီးပွားဆိုတာ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားပါပဲ။ လူတစ်စုရဲ့ အကျိုးစီးပွားမဟုတ်တာ သေချာပါတယ်။ နိုင်ငံ့မျက်နှာထက် ပိုပြီးထောက်ထားစရာ မရှိသင့်ဘူး။ ဒါကြောင့် ဘယ်လိုပဲ အကျိုးအမြတ်တွေရှိမယ်ဆိုဦးတော့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်မယ်ဆိုရင်တော့ များစွာဆင်ခြင်သုံးသပ်ဖို့ သင်ခန်းစာတွေပါပဲ။
မိမိတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အဲဒီလိုနိုင်ငံတစ်နိုင်ငံအနေနဲ့ လေ့လာစရာ သင်ယူစရာတွေအများကြီးရှိနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလတစ်ခုကို ဖြတ်သန်းနေတဲ့ နေရာမှာ စိန်ခေါ်မှုတွေ မလွဲမသွေရှိပါတယ်။ မိမိနိုင်ငံအနေနဲ့ ကြုံတွေ့သင့် တဲ့အနေအထားထက် ပိုမိုရင်ဆိုင်ကြုံတွေ့နေရတာလည်း အရှိတရားပါပဲ။ အမှန်အတိုင်းဆိုရရင် လက်ရှိအာဏာရအစိုးရ တစ်ရပ်ဆိုတာကလည်း အရည်အချင်းထက် အရေအတွက်ပြည့်မီရေးကို ဦးစားပေးခဲ့ရတာမို့ စွမ်းဆောင်မှုပိုင်းဆိုင်ရာမှာ အများကြီးအားနည်းမှုရှိနိုင်ပါတယ်။ အချို့နေရာတွေမှာ လူမှန်နေရာမှန် မဖြစ်နိုင်သေးတာတွေကလည်း ရှိနေဆဲပါ။ ဒါကြောင့်လည်း ပြည်သူတွေမျှော်လင့်နေတဲ့ အခြေအနေတစ်ရပ်မျိုးကို ရောက်ရှိမလာနိုင်ခြင်းဟာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။
အဓိကသိစေချင်တာကတော့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက မမျှမတဖြစ်နေခြင်းပါပဲ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သမျှ ဆောင်ရွက်နေကြပေမယ့်လည်း သမင်မွေးရင်း ကျားစားရင်း အနေအထားမျိုး ရောက်နေရတာပါ။ ဒါကြောင့် စိန်ခေါ်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အခါမှာ အတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာကောင်းတွေဟာ မဖြစ်မနေရှိဖို့ လိုအပ်လာတာပါပဲ။ အဲဒီအတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာကောင်းတွေကို ယူငင်အသုံးချတတ်ဖို့လည်း လိုပါတယ်။ လိုက်နာကျင့်ကြံတတ်ဖို့လည်း လိုပါတယ်ဆိုရရင် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့အတူ မျက်ခြည်ပြတ်မခံပဲ အတူစီးမျောလိုက်ပါနိုင်ဖို့ လိုနေသေးကြောင်းပါ။
ခင်မောင်ဌေး (ပညာရေး)
- VIA
- Voice Admin
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
15-Feb-2019