News

POST TYPE

OPINION

လူငယ်နှင့် လူမှုကွန်ရက်
ဒီနေ့ခေတ်မှာ လူငယ်အားလုံးနီးပါး လူမှုကွန်ရက်ကိုသုံးကြတယ်။ အဓိကအားဖြင့်တော့ ဖေ့စ်ဘွတ်ခ်ပါပဲ။ လူငယ်ပိုင်း၊ လူလတ်ပိုင်းမှန်ရင် လူမှုကွန်ရက်မသုံးတဲ့သူဆိုတာတောင်မှ တော်တော်ရှားလိမ့်မယ်ထင်ပါတယ်။ အခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေလည်း သုံးနေကြပြီ။ ခေတ်ကာလအခြေအနေအရ ဒါလေးမှ မသုံးရင် ကမ္ဘာကြီးနဲ့ပဲ မျက်ခြည်ပြတ်သွားတော့မလိုလိုဖြစ်နေတော့ တော်တော်များများက ဒါကိုသုံးနေကြပါပြီ။ 

သုံးတာကလည်း တချို့ကနည်းနည်းပေါ့။ တစ်ပတ်နေမှ တစ်ခါဖွင့်ကြည့်၊ လေးငါးရက်နေမှ တစ်ခါဖွင့်ကြည့်၊ ပုံမှန်ရယ်လို့မရှိဘူးပေါ့။ တချို့ကျပြန်တော့ နေ့တိုင်းကို သုံးဖြစ်နေကြတယ်။ နေ့တိုင်းမှာမှ နိုးနေတဲ့အချိန်မှာတော့ နာရီတိုင်းလို့တောင် ပြောရမလောက်အထိ သုံးကြတဲ့သူတွေရှိနေတယ်။ သုံးတာက ကောင်းပါတယ်။ သုံးလည်းသုံးသင့်ပါတယ်။ သုံးနေမှလည်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်သူငယ်ချင်းတွေရဲ့ သွားလာလှုပ်ရှားမှုတွေ၊ ခံစားချက်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သတင်းဌာနတွေက တင်ဆက်တဲ့ ရုပ်သံသတင်းတွေ၊ ဓာတ်ပုံသတင်းတွေ၊ စာသတင်းတွေ၊ ကိုယ်ဝါသနာပါရာ စာမျက်နှာတွေက တင်ပေးထားတဲ့အကြောင်းအရာတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိလေ့လာခံစားခွင့်ရမှာပါ။

အကျိုးမရှိဘူးလားဆိုတော့ ရှိတာပေါ့။ အကျိုးရှိအောင်သုံးတတ်မယ်ဆိုရင် လူမှုကွန်ရက်ဟာ တော်တော်လေးကို အကျိုးရှိတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီကွန်ရက်ပေါ်မှာပဲ မဆုံဖြစ်တဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်မယ်။ မဆုံဘူးတဲ့သူတွေနဲ့ မိတ်ဆွေတွေဖွဲ့နိုင်မယ်။ အကျော်အမော်အနုပညာရှင်တွေရဲ့ စာမျက်နှာတွေ၊ အကောင့်တွေကို ကြည့်ရှုနိုင်မယ်။ ကိုယ်လေ့လာချင်တဲ့ပညာရပ်ကို ဒီလူမှုကွန်ရက်ရဲ့အကူအညီနဲ့ ရှာဖွေလေ့လာနိုင်မယ်။ စာအုပ်တွေ ဖတ်ချင်သလား၊ ဒီမှာရှိတယ်။ ဗီဒီယိုဖိုင်တွေ ရှာချင်သလား၊ ဒီမှာရှိတယ်။ ဓာတ်ပုံတွေ ရှာချင်သလား၊ ဒီမှာရှိတယ်။ ဘယ်ဟာကို ဘယ်လိုရှာရမယ် မသိဘူးလား၊ ဒီအပေါ်မှာပဲ ပို့စ်တင်ပြီးမေးရင် သိတဲ့သူက ဝင်ဖြေသွားလိမ့်မယ်။ 

လူချင်းတွေ့ဖို့ အင်မတန်ဝေးကွာနေတဲ့၊ မျက်နှာချင်းဆိုင် တွေ့ဖို့ခက်နေတဲ့ အသိမိတ်ဆွေတွေ လိုင်းပေါ်မှာ ပြန်တွေ့ရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောင်းအောက်မေ့ဖွယ်အဖြစ် ပြန်ပြောနိုင်လွမ်းနိုင်ကြသလိုပဲ တစ်ခါမှ လူချင်းမတွေ့ဖူးပေမယ့် ဝါသနာတူရာတူရာ စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူတဲ့သူတွေစုပြီး ဖွင့်ထားတဲ့ အဖွဲ့တွေထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးတော့ သက်ဆိုင်ရာလုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း၊ တစ်ကိုယ်တော်လုပ်နေတာထက် ပိုမို ထိရောက်တဲ့ရလဒ်တွေကို ပေးနိုင်ပါတယ်။

တွေးစရာလေးတွေ ရေးတင်ကြတယ်။ အတွေးလေး တစိမ့်စိမ့်ဝင်ကြရတယ်။ ပညာယူစရာလေးတွေ တင်ကြတယ်။ ဖတ်တဲ့သူ ပညာရတယ်။ ဗဟုသုတဖြစ်စရာလေးတွေတင်တယ်။ ဖတ်တဲ့သူ ဗဟုသုတရတယ်။ စိတ် အပန်းပြေစရာ ဟာသလေးတွေတင်တယ်။ ဒီဟာသလေးတွေကို ဖတ်ရင်း၊ ကြည့်ရင်းနဲ့ ရယ်မောပျော်ရွှင်ကြရတယ်။ အကျိုးရှိရာရှိကြောင်းကိုသာ ရှာကြံသုံးနေမယ်ဆိုရင်တော့ တကယ်ကိုအကျိုးရှိပါတယ်။

လူမှုကွန်ရက်ရဲ့ ကောင်းကွက်တွေကိုပြောရရင် တော်တော်နဲ့ ကုန်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်မမြင်ဘူး၊ မကြားဖူးတဲ့ ထူးထူးဆန်းဆန်း အချက်အလက်တွေလည်း ဒီမှာရနိုင်တယ်။ ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုလည်း ကွန်ရက်ပေါ်ကတစ်ဆင့် ကြေညာနိုင်တယ်၊ တင်ပြနိုင်တယ်။ သူများတွေ ဘယ်ရောက်နေလဲ၊ ဘာတွေလုပ်နေကြသလဲဆိုတာကိုလည်း အဲ့ဒီလူက မကြာခဏတင်လေ့ရှိတဲ့သူဆိုရင် မြင်တွေ့ရနိုင်တယ်။ အကူအညီလိုနေတဲ့နေရာတွေကို ကူညီပေးဖို့ ညွှန်ပြနိုင်မယ်။ ကိုယ်က ကူညီနိုင်တဲ့သူဆိုရင်လည်း ဘယ်နေရာမှာ ဘယ်သူတွေ အကူအညီလိုနေသလဲဆိုတာကို ဒီကွန်ရက်ပေါ်ကတစ်ဆင့် ရှာကြည့်နိုင်တယ်။ ပညာသင်ယူတာတောင်မှ ဒီကွန်ရက်ကိုသုံးပြီးတော့ သင်ယူနိုင်တယ်။ တရားနာဦးမလား၊ ဒီအပေါ်မှာ တရားခွေတွေတင်ထားတာ အများကြီးရှိတယ်။ ပြောရရင်တော့ ကောင်းကျိုးတွေက အများကြီးပါ။

ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာဖြစ်ပါတယ်။ လူမှုကွန်ရက်ကို တချို့က ကိုယ့်ဓာတ်ပုံအစစ်၊ ကိုယ်ရေးအချက်အလက်ဆိုရင်လည်း ကိုယ့်ရဲ့ အကြောင်းအရာ အစစ်အမှန်တွေကိုပဲ တင်ပြီးတော့ ဂုဏ်သိက္ခာရှိရှိ သုံးကြတယ်။ တချို့ကျတော့ နာမည်အမှန်၊ နေရပ်အမှန်၊ အချက်အလက်အမှန်၊ ဓာတ်ပုံအမှန်နဲ့ မသုံးကြဘူး။ အကောင့်တုတွေနဲ့ သုံးနေကြတယ်။ အန္တရာယ်ကတော့ အဲ့ဒီအကောင့်တုတွေပါပဲ။ အတုဖြစ်နေပြီး ကိုယ့်မျက်နှာအစစ်နဲ့ တင်ထားတဲ့အကောင့်မဟုတ်တော့ သူ့မှာ နောက်ဆက်တွဲ ဘာတာဝန်မှ ယူစရာမလိုတော့ဘူးလို့ ယုံကြည်ထားလေ့ရှိကြတယ်။ တင်ချင်ရာတင်တယ်၊ ရေးချင်ရာရေးတယ်၊ ပြောချင်ရာတွေ ပြောတယ်။ အဲ့သလိုရေးပြီး၊ ပြောပြီးတဲ့ဟာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တင်နေကြတယ်။ တချို့က အလွန်ကြမ်းတမ်းတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေနဲ့ သုံးနှုန်းကြတယ်။ တချို့က အလွန်တရာ ညစ်ပတ်တဲ့စကားလုံးတွေနဲ့ ပြောဆိုရေးသားနေကြတယ်။ ဒါတွေ ဘာ့ကြောင့် ဒီအခြေအနေအထိ ဖြစ်ကုန်ကြရတာလဲလို့ စဉ်းစားကြည့်လိုက်တော့ အကောင့်တုဖြစ်နေခြင်းဆိုတာကိုက အဓိကအကြောင်းရင်းတစ်ရပ်အနေနဲ့ ပါနေတာကိုတွေ့ရတယ်။ 

အကောင့်အစစ်တချို့ကလည်း အကောင့်တုတွေလိုပဲ ကြမ်းကြ ရမ်းကြတာတွေလည်း ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ အဓိကအားဖြင့်ကတော့ အကောင့်တုတွေကသာ စည်းဘောင်တွေကနေ လွတ်ထွက်ပြီးရေးနေကြတာ များပါတယ်။

တကယ်တော့ မြန်မာ့လူ့ဘောင်ဆိုတာ ယဉ်ကျေးခြင်း၊ သိမ်မွေ့ခြင်း၊ ဖော်ရွေပျူငှာခြင်း၊ အပြန်အလှန် လေးစားမှုရှိခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထည်ဝါလာခဲ့တာပါ။ အဲ့သလို ခံ့ညားထည်ဝါလာခဲ့တဲ့ မြန်မာတို့ရဲ့ ပြောဆိုဆက်ဆံမှု၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတဲ့ အစဉ်အလာ ဓလေ့ထုံးတမ်းတွေဟာ ဒီနေ့ခေတ် လူမှုကွန်ရက်ပေါ်မှာတော့ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်လာသယောင် ရှိနေပါတယ်။ 

လူတစ်ယောက်က သူ့အမြင် သူ့အတွေးကိုပဲဖြစ်ဖြစ်၊ သူ့ခံစားချက်ကိုပဲဖြစ်ဖြစ်၊ သူ့ဓာတ်ပုံကိုပဲဖြစ်ဖြစ် တင်လိုက်တယ်။ ဒါကို တချို့က လှောင်လားပြောင်လား၊ ပုတ်ခတ်လားလုပ်တယ်။ ဒီလိုလုပ်လိုက်ရတာကိုပဲ ကျေနပ်နေသလိုလိုနဲ့။ 

တချို့ကလည်း ဝေဖန်မှုတွေ၊ ဆဲဆိုမှုတွေကိုခံရရင်းနဲ့ လူသိများလာတယ်။ လူသိများလာတဲ့နောက်မှာ ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေ၊ ဝန်းရံသူတွေလည်း ရှိလာတယ်။ ဒီတော့ အောင်မြင်လာသလိုလို ဖြစ်နေတယ်။ အဲ့သလိုဖြစ်တာကို အောင်မြင်မှုလို့ ထင်လာတော့ ပုံမှန်ဖြစ်နေတာလေးတောင်မှ ထထဖောက်ပြီးတော့ ပွဲဆူအောင်လုပ်တယ်၊ နည်းနည်းလောက်ငြိမ်သွားရင် ပြန်လှုပ်လိုက်တယ်။ ပြန်လှုပ်လိုက်လို့ သူတင်တဲ့ ဓာတ်ပုံဖြစ်စေ၊ စာဖြစ်စေ၊ ရုပ်/သံဖိုင်ဖြစ်စေ၊ အဲဒီအပေါ်မှာ လူတွေက ပွစိပွစိဖြစ်ကုန်ကြပြီ၊ လက်ခုပ်တီးတဲ့သူတွေ တီးကုန်ကြပြီဆိုရင် ထပ်ပြီးတော့ အုတ်အော်သောင်းတင်းဖြစ်ကုန်ပြန်ရော။ ဒီလိုဖြစ်လေလေ၊ သဘောကျလေလေ ဖြစ်နေပြန်ရော။

အဝေဖန်ခံရအောင် သေချာလုပ်ယူတဲ့သူတွေတောင် ရှိသလိုလိုပဲ။ ကိုယ်သုံးတဲ့လူမှုကွန်ရက်မှာ ကိုယ့်ဘာသာ တင်ချင်ရာတင်မယ်၊ လွတ်လွတ်လပ်လပ် နေမယ်ထိုင်မယ်ဆိုတဲ့အတွေးနဲ့ ပုံကို ရိုက်ချင်သလိုရိုက်၊ စာကို ရေးချင်သလိုရေးပြီး တင်လိုက်တော့ မျှော်လင့်ထားတဲ့အတိုင်း ဝေဖန်မှုတွေလည်း သောသောညံအောင် ရလာတယ်။ ကျော်ကြားမှုတွေလည်း ရလာတယ်။ ဒါပေမဲ့ ကောင်းသောကျော်ကြားမှုလား၊ အပုပ်နံ့လှိုင်တဲ့ ကျော်ကြားမှုလားဆိုတာကတော့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာရဦးမယ့်ကိစ္စ ဖြစ်ပါတယ်။

ဒီကြားထဲမှာ ဆဲတဲ့ဆိုတဲ့ကိစ္စတွေကလည်း တစ်မှောင့်ပါ။ တစ်ယောက်ယောက်က တစ်ခုခုကိုတင်တယ်။ ဝင်ဆဲတယ်။ တင်တဲ့သူက အသက်ကြီးတဲ့သူပဲဖြစ်ဖြစ်၊ ငယ်တဲ့သူပဲဖြစ်ဖြစ်၊ တာဝန်ကြီးတဲ့သူပဲဖြစ်ဖြစ်၊ တာဝန်မကြီးတဲ့သူပဲဖြစ်ဖြစ် သူတင်ထားတဲ့အကြောင်းအရာ အချက်အလက်အပေါ်မှာ ဘဝင်မကျလို့ကတော့ စိတ်လွတ်ကိုယ်လွတ်ကို ဝင်ဆဲလိုက်ကြတော့တယ်။ ဒါကလည်း တစ်ယောက်လည်းမက၊ နှစ်ယောက်လည်းမက တော်တော်ကိုများပါတယ်။ ဆဲနည်းပေါင်းကလည်း စုံလို့ပါပဲ။ 

နောက်တစ်ခု စဉ်းစားရမှာက အရှိန်ကိစ္စဖြစ်ပါတယ်။ လူမှုကွန်ရက်က တခြားမီဒီယာတွေထက်စာရင် တော်တော်ကို ပျံ့နှံ့လွယ်ပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စတာတွေအပေါ်မှာ ရေးသားဖော်ပြထားတဲ့အကြောင်းအရာတွေက သူ့ရဲ့ပျံ့နှံ့မှုမှာ အကန့်အသတ်တွေရှိတယ်။ လူမှုကွန်ရက်ကျတော့ ပျံ့နှံ့လွယ်မှုက တော်တော်ကိုအားကောင်းတယ်။ ပြီးတော့ အကန့်အသတ်လည်း တော်တော်ကိုနည်းပါတယ်။ လိုက်ခ်တွေ၊ ရှယ်တွေ၊ ကွန်းမန့်တွေ များလာတဲ့ဟာတစ်ခုက များပြီးရင်းများ၊ များသထက်များသွားတော့ သူ့ကို ပျံ့နှံ့တဲ့အရှိန်က တော်တော်ကို မြန်ပါတယ်။ သုံးလေးနာရီအတွင်းမှာ ကြည့်ရှုသူ၊ ပြန်လည်မျှဝေသူတွေ သောင်းနဲ့သိန်းနဲ့ချီသွားနိုင်ပါတယ်။ ဒီတော့ အကျိုးရှိတဲ့ဟာဆိုရင်လည်း အကျိုးရှိမယ့်နှုန်း မြန်သွားတယ်ပေါ့။ အကျိုးမဲ့စေမယ့်ဟာဆိုရင်လည်း အဲ့ဒီနှုန်းက တော်တော်မြန်သွားတယ်ပေါ့။ 

ပြီးတော့ သံယောင်လိုက်တဲ့ အလေ့အကျင့်လေးကလည်း ရှိတယ်။ တစ်ယောက်ယောက်က အချက်အလက်တစ်ခုခုအပေါ်မှာ အကျိုးအကြောင်း အချက်အလက်နဲ့ မှန်ကန်ကြောင်း တင်ပြထားတယ်ဆိုပါစို့။ ဒါဆိုရင်လည်း သိပ်မှန်တာပဲ၊ သိပ်ဟုတ်တာပဲဆိုတဲ့မှတ်ချက်တွေ ဝိုင်းရေးကြတယ်၊ ဝန်းရံကြတယ်။ တစ်ယောက်ယောက်က ဒါကို မှားယွင်းပါတယ် ဆိုပြီးတော့ ငြင်းချက်ထုတ်လိုက်ရင်လည်း ဒါပဲလေ၊ ဒီလိုပဲဖြစ်ရမှာပေါ့ဆိုပြီး ဖြစ်သွားကြပြန်ရော။ ဒါကလည်း သိပ်တော့ ထူးဆန်းတဲ့ဟာမဟုတ်ပါ။ အများအားဖြင့် အစွန်းတစ်ဖက်ကို ကပ်တော့မယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်လေ့ရှိလို့ပါ။ ဥပမာအားဖြင့် အဖွဲ့အစည်းတွေ ဖွဲ့ထားတယ်။ မည်သူ့ကို ချစ်ကြသူများဆိုတဲ့အဖွဲ့တွေလည်းရှိတယ်။ မည်သည့် ကိစ္စကို ကန့်ကွက်ကြသူများဆိုတာမျိုးတွေလည်း ရှိတယ်။ ထောက်ခံတယ်ဆိုတဲ့အဖွဲ့ကလည်း ထောက်ခံကြောင်း၊ ထောက်ခံကြောင်း၊ လျော်ကန်သင့်မြတ်ကြောင်း ဆိုတာတွေချည်းပဲရေးတယ်။ ကန့်ကွက်တယ်ဆိုတဲ့သူတွေကလည်း ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း၊ လုံးဝဥဿုံ ဆန့်ကျင်ကြောင်းဆိုတာတွေချည်း ရေးတယ်။ နီးစပ်ရာသဘောအလိုက် သံယောင်မလိုက်ဘဲနဲ့ ထောက်ခံသူတွေကြားမှာ ကန့်ကွက်တယ်ဆိုတဲ့ မှတ်ချက်လေး ဝင်ရေးလိုက်လို့ကတော့ အဲ့ဒီအကောင့်ကို ဝိုင်းဝန်းနှိပ်ကွပ်လိုက်ကြလိမ့်မယ်။ ဒီလိုပဲ ကန့်ကွက်ကြောင်းရေးနေတဲ့ အဖွဲ့အစည်းကြားမှာ သူ့ဟာက မှန်ကန်ပါတယ်ဆိုပြီး ဝင်ရေးလိုက်ရင်တော့ အဲ့ဒီအုပ်စုရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းခြင်းခံရလိမ့်မယ်။ တစ်ခါတစ်ခါ ထောက်ခံသူနဲ့ ကန့် ကွက်သူ နှစ်အုပ်စု ဆုံသွားမိတဲ့အခါမျိုးမှာဆိုရင် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပုတ်ခတ်ကြိမ်းဝါးပြောဆိုကြတာတွေက ဖတ်ရတဲ့သူတွေအတွက် မြင်မကောင်း ရှုမကောင်းလောက်အောင်ကိုပါ။

အခုနောက်ပိုင်း မြင်လာမိတာကတော့ ဒီလူမှုကွန်ရက်ရဲ့ အရှိန်အဝါကိုပါ။ သူ့အရှိန်က တော်တော်ကိုကြီးနေပါတယ်။ သူ့ရဲ့လွှမ်းမိုးနိုင်မှုက တော်တော်ကို အင်အားကောင်းပါတယ်။ သူ့အပေါ်မှာ တစ်ခုခု ဂယက်ထလိုက်ရင် ဒီဂယက်ရဲ့ရိုက်ခတ်မှုက တော်တော်ကို အင်အားကြီးတာကို တွေ့ရပါတယ်။ တချို့က သူ့ကို မဏ္ဍိုင်တစ်ခုလို့တောင် တင်စားနေကြတာကို တွေ့ရပါတယ်။ ပြောလည်းပြောလောက်စရာပါပဲ။

ဟိုတုန်းကတော့ လူမှုကွန်ရက်မှာရေးသားထားတဲ့ တစ်ခုခုဆိုရင် သိပ်ပြီးအလေးထားတဲ့ အလေ့အကျင့် မရှိကြဘူး။ သူ့ဘာသာ တင်ချင်ရာလျှောက်တင်တာပဲ၊ တင်ပါစေပေါ့၊ ဒါက ဘာမှ ဘောင်ဝင်တဲ့ကိစ္စမဟုတ်ပါဘူး ဆိုပြီး လျစ်လျူရှုထားကြတဲ့သဘော ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာသုံးတဲ့သူကလည်း တော်တော်ကို များနေပြီဆိုတော့ ဒီဟာအပေါ်မှာ တင်ပြထားတဲ့ တင်ပြချက်တစ်ခုကလည်း အများစုရဲ့အမြင်တွေကို ထင်ဟပ်နိုင်တဲ့သဘော ရှိလာတယ်။ တစ်ခုခုအပေါ်မှာ ကန့်ကွက်မှုတွေ များနေပြီလား၊ ထောက်ခံမှုတွေ များနေပြီလားဆိုတဲ့ အမြင်တွေကို စစ်တမ်းမကောက်ဘဲ သိခွင့်ရလာသလိုလို ဖြစ်နေတယ်။ 

တစ်ယောက်ယောက်က တစ်ခုခုကိုတင်လိုက်လို့ ထောက်ခံသူတွေများနေပြီ၊ အဲ့ဒီအချက်အလက်ကြီးကလည်း အဖြစ်မှန်တွေနဲ့ လွဲချော်နေတယ်ဆိုရင် နောက်ကလိုက်ပြီးတော့ ရှင်းကြလင်းကြရတဲ့ အလေ့အထလေးတွေလည်း ရှိရှိလာပါပြီ။ တချို့ကိစ္စတွေမှာဆို ဒီလူမှုကွန်ရက်ရဲ့ ရိုက်ခတ်မှုအရကို အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေ ဖြစ်ပေါ်သွားနိုင်လောက်တဲ့အထိ ဖြစ်နေပါပြီ။ လူကြီးပိုင်းတွေလည်း ဒီဟာရဲ့အင်အားကို လျှော့မတွက်တော့တာကို တွေ့လာရပါပြီ။ ဒီအပေါ်မှာ တစ်ခုခုပျံ့နှံ့နေတယ်၊ ဒါဆိုရင် တစ်ခုခု တုံ့ပြန်ဆောင်ရွက်ကြတာကို တွေ့ရတယ်။ လူမှုကွန်ရက်ပေါ်မှာ ဒီလိုဒီလိုတင်ထားလို့၊ ဒီလိုတွေ ဝေဖန်ထောက်ပြနေကြလို့ ဒီလို ပြန်လည်ဖြေရှင်းဆောင်ရွက်ရပါတယ်လို့ ထုတ်ဖော်ပြောကြားမှုတွေမရှိပေမယ့် ဒီကွန်ရက်ပေါ်မှာပျံ့သွားတဲ့အခြေအနေ၊ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ကြေညာချက်၊ ထုတ်ပြန်ချက်၊ ဆောင်ရွက်ချက်တွေရဲ့အခြေအနေ၊ နောက်တစ်ခု ရေပန်းစားလာတဲ့အခြေအနေ၊ သူ့ရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ၊ ဒါတွေကို ဆက်စပ်စဉ်းစားကြည့်လိုက်ရင် အခုအချိန်မှာ လူမှုကွန်ရက်ဆိုတာကြီးရဲ့ ရိုက်ခတ်နိုင်စွမ်းကို ဘယ်သူမှ သိပ်ပြီး လျှော့မတွက်တော့ဘူး၊ သူ့ကို လျစ်လျူရှုမထားကြတော့ဘူးဆိုတာကို သိသိသာသာ တွေ့နိုင်မြင်နိုင်မှာဖြစ်ပါတယ်။

ဟုတ်တော့လည်း ဟုတ်နေတာပဲ။ အခုခေတ်မှာ ရုပ်မြင်သံကြားက လာတဲ့သတင်းကို အချိန်မှန် နားထောင်ဖြစ်တဲ့သူ နည်းချင်နည်းလိမ့်မယ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကို လစဉ်၊ နေ့စဉ်ဖတ်တဲ့သူ နည်းချင်နည်းလိမ့်မယ်။ ဒီလူမှုကွန်ရက်ကို သုံးတဲ့သူက တော်တော်ကိုများနေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီလူမှုကွန်ရက်ကြီးဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အမြင်ချင်းဖလှယ်ရာမှာပဲဖြစ်ဖြစ်၊ သူ့အမြင်ကိုယ့်အမြင်၊ သူ့သဘောထား၊ ကိုယ့်သဘောထားတွေကို မျှဝေတင်ပြရာမှာပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တဲ့ ကြားခံမီဒီယာကြီးတစ်ခု ဖြစ်လာတာပါ။

ဒီတော့ သုံးတာကတော့ သုံးပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပျံ့နှံ့မှု၊ သူ့ရဲ့အရှိန်တွေကို ထည့်တွက်ပြီးတော့ ဒီဟာကိုသုံးတဲ့အခါမှာ ပေါ့ပေါ့လျော့လျော့မသုံးသင့်ဘူး၊ လက်လွှတ်စပယ် လျှောက်မလုပ်သင့်ဘူးလို့ မြင်မိပါတယ်။ ဒီအပေါ်မှာတင်တာပဲ၊ တင်ချင်ရာတင်မှာပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်ဖုန်းနဲ့ကိုယ်သုံးတာပဲ ကိုယ်လုပ်ချင်သလိုလုပ်မှာပေါ့၊ ဘယ်သူ့ကို ဂရုစိုက်စရာလိုသလဲလို့တော့ မယူဆစေချင်ပါဘူး။ 

ဒီလိုတင်ပြနေရတာက အခုနောက်ပိုင်း လူမှုကွန်ရက်သုံးကြတဲ့သူတွေက ကြမ်းစရာရှိလာရင် ဟိုတုန်းကထက် ပိုကြမ်းပြီး၊ ရမ်းစရာရှိလာရင်လည်း ဟိုတုန်းကထက် ပိုရမ်းလာတာကို တွေ့ရလို့ပါ။ စည်းလွတ်ဘောင်လွတ်တွေ လျှောက်လျှောက်လုပ်လာကြတော့ ကြာလာရင် ဒီအခြေအနေက ဆိုးသထက်ဆိုးသွားတော့မယ့် သဘောတွေကို မြင်နေမိလို့ပါ။

တကယ်တော့ ဘယ်လိုမီဒီယာမျိုးပေါ်မှာပဲ ဘာတွေကိုရေးရေး၊ ဘာတွေကိုတင်တင် ဒီဟာတွေက ရေးသားတင်ပြတဲ့သူ၊ ထပ်ဆင့်ဖော်ပြတဲ့သူတွေရဲ့ သဘောထားအမြင် အာဘော်တွေ၊ နှစ်သက်မြတ်နိုးမှုတွေ၊ ယုံကြည်မှုတွေကို တစ်နည်းတစ်ဖုံ ထင်ဟပ်နေပါတယ်။ ဒီအပေါ်မှာ ခဏခဏ ကြမ်းပြ ရမ်းပြနေတဲ့သူက အပြင်မှာလည်း ဒီလို စရိုက်သဘာဝရှိလိမ့်မယ်လို့ ယူဆနိုင်စရာရှိပါတယ်။ ဒီအပေါ်မှာ သိမ်သိမ်မွေ့မွေ့နေပြတဲ့သူက အပြင်မှာလည်း ဒီလိုပဲ သိမ်မွေ့နေနိုင်တယ်လို့ ယူဆစရာရှိပါတယ်။ ခြွင်းချက်ဆိုတာကတော့ ဘယ်နေရာမဆို ရှိတော့ရှိမှာပါပဲ။ ဒါပေမဲ့ သာမန်အားဖြင့်တော့ ဒီလိုပဲမှတ်ယူရမှာပါပဲ။

ဒီတော့ လူမှုကွန်ရက်သုံးတဲ့သူတွေ များလာတာနဲ့အမျှ ဒီအပေါ်မှာ ကိုယ်က တစ်ခုခုလုပ်လိုက်ရင် သူများတွေ သိကြမြင်ကြမယ့်နှုန်းက တော်တော်များတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဒီတော့ မလျော်မကန်တဲ့ အပြုအမူ၊ အပြောအဆိုတွေ၊ အရေးအသားတွေ၊ အဆဲအဆိုတွေကို တင်ကြရေးကြ၊ ဆောင်ရွက်ကြမယ့်အချိန်မှာ သတိလေးထားပြီးတော့ အရှိန်လေးလျှော့၊ ဘရိတ်လေးအုပ်ပြီး ခဏလောက်ပြန်စဉ်းစားပြီးတော့မှ ရေးသင့်တယ်ထင်တာကို ရေး၊ ပြောသင့်တယ်ထင်တာကိုပြောတာမျိုး လုပ်စေချင်ပါတယ်။ မကြာခဏ စိတ်လွတ်ကိုယ်လွတ် လွှတ်လွှတ်ပြီး ရေးကြတင်ကြရင် ဒီလူမှုကွန်ရက်ကြီးရဲ့ပုံရိပ်ကို အရုပ်ဆိုးအကျည်းတန်သွားမှာစိုးရပါတယ်။

သူ့ဘာသာ လူမှုကွန်ရက်ကြီး ဘာပဲဖြစ်နေဖြစ်နေ၊ ဂရုစိုက်စရာလားလို့ မေးချင်မေးမှာပေါ့။ တကယ်ကတော့ ဒီကွန်ရက်ကြီး ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ကို ဘာမှထိခိုက်စရာမရှိဘူးလို့ ယူဆချင်လည်း ယူဆနိုင်ပါတယ်။ တကယ်ထိခိုက်သွားတာက ဒီဟာကိုသုံးနေတဲ့သူတွေကိုပါ။ တစ်ခုခု တင်လိုက်တာနဲ့ တင်တဲ့သူရဲ့သဘောထား အမြင်အာဘော်တွေ၊ စိတ်နေစိတ်ထားတွေကို အကဲခတ်လို့ရနိုင်ပါတယ်။ ပြောင်းပြန်အားဖြင့် ကြမ်းတဲ့ရမ်းတဲ့ အတွေးအမြင်အယူအဆတွေကို ဒီလိုခဏခဏ တင်ခြင်းအားဖြင့် ကြာလာတော့ ကိုယ့်ရဲ့လက်တွေ့ဘဝမှာလည်း ဒီအရှိန်ကြီးက ပြန်ဟပ်ပြီးတော့ ကြမ်းတဲ့ရမ်းတဲ့ စိတ်နေသဘောထားပိုင်ရှင်မျိုး ဖြစ်လာနိုင်စရာ ရှိပါတယ်။

ဘာ့ကြောင့်များ ဒီလိုတွေဖြစ်ကုန်ရတာပါလိမ့်လို့ စဉ်းစားစရာရှိလာပါတယ်။ အများအားဖြင့် ချင့်ချင့်ချိန်ချိန် ဆိုတာထက် ဝုန်းခနဲဆို ပေါက်ကွဲလိုက်ကြမယ်၊ ပွဲဆူအောင် လုပ်လိုက်ကြမယ်ဆိုတာတွေက များနေတယ်။ ဒါက ဒီနေ့ခေတ်ရဲ့ပုံရိပ်လိုလေ ဖြစ်နေတယ်။ တစ်ဦးချင်းစီရဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့်လိုလည်း ပြောနိုင်မလားမသိဘူး။ ဟိုအရင်လို စိတ်မရှည်နိုင်တော့ဘူး၊ ဟိုအရင်လို တစ်ခုခုအပေါ်မှာ အကြာကြီး တွေးတောသုံးသပ်မနေနိုင်တော့ဘူး။ တစ်ခုခုဆိုရင် အမြန်ဖတ်မယ်၊ ကောက်ချက်တွေကို အမြန်ဆွဲလိုက်မယ်၊ သုံးသပ်ချက်တွေကို အမြန်လုပ်လိုက်မယ်၊ အပြီးသတ် ထင်မြင်ယူဆချက်ကိုလည်း ချက်ချင်းပေးလိုက်မယ်။ ပေါက်ကွဲစရာရှိရင်လည်း ဝုန်းဒိုင်းကြဲ ပေါက်ကွဲပစ်လိုက်တော့တယ်။ အပြန်ပြန်အလှန်လှန် သုံးသပ်တာမျိုးက သိပ်နည်းသွားပြီလို့ ဆိုရမလို ဖြစ်နေတယ်။ ဒါက စဉ်းတော့စဉ်းစားရမယ့်ကိစ္စပဲ။ စိတ်လွတ်ကိုယ်လွတ် နေပါများရင် တကယ်ကို လွတ်ထွက်သွားမလား စိုးရိမ်စရာပါပဲ။

တကယ်ဆို လိုင်းပေါ်မှာတင်တဲ့အခါပဲဖြစ်ဖြစ်၊ အပြင်မှာ ပြောတဲ့ဆိုတဲ့အခါပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားတဲ့ စံနှုန်းတွေအတိုင်းသာ ပြောဆိုရေးသား၊ သုံးနှုန်းသင့်ပါတယ်။ တစ်ဖက်လူကို လှောင်တဲ့ပြောင်တဲ့ကိစ္စတွေ၊ ထိခိုက်နစ်နာသွားလောက်အောင် ဝေဖန်ပုတ်ခတ်မှုတွေ၊ တစ်ဖက်လူရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အပြောအဆို၊ အပြုအမူနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် အလွန်အမင်း ပြစ်တင်ရှုတ်ချ ရယ်ပွဲဖွဲ့မှုတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ 

ကိုယ်သုံးနေတဲ့အကောင့်တစ်ခုဟာ ကိုယ့်ရဲ့အချက်အလက်တွေ အစစ်အမှန်သုံးထားတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံ၊ အမည်၊ နေရပ် စသည်အားဖြင့် လွှဲပြောင်းဖော်ပြထားတာတွေပဲဖြစ်ဖြစ် သုံးနေတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ဘယ်သူမသိသိ ကိုယ်ကတော့ သိနေမှာပါပဲ။ ကိုယ့်ရဲ့အရေးအသားလေး၊ လုပ်ဆောင်ချက်တစ်ခုလေးကြောင့် တစ်ဖက်ကို ဘယ်လောက်အထိ ထိခိုက်သွားစေနိုင်မလဲဆိုတာကို ဆင်ခြင်ပြီးမှ ဆက်ပြီးရေးသင့်တင်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်မှန်သမျှရဲ့နောက်မှာ တာဝန်ယူမှုလေးပါလာရင်တော့ ပိုကောင်းမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

လူငယ်ပီပီ လူမှုကွန်ရက်သုံးတာကတော့ သုံးရမှာပါ။ ဒါပေမဲ့ ဒီလူမှုကွန်ရက်ထဲမှာ ပြောဆိုရေးသား သုံးနှုန်းနေတာတွေကိုလည်း တကယ့်လက်တွေ့ဘဝမှာ လိုက်နာရတဲ့ လူမှုကျင့်ဝတ်တွေအတိုင်း၊ ကိုယ်ချင်းစာတရား၊ စာနာတတ်တဲ့ စိတ်နှလုံးသားတွေအတိုင်းပဲ၊ လူယဉ်ကျေးတို့ရဲ့ ဓလေ့ထုံးတမ်းတွေအတိုင်းပဲ လိုက်နာပြီးတော့ စည်းကမ်းရှိရှိနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်စီကိုယ်စီထိန်းသိမ်းရင်းနဲ့ သုံးစွဲကြသင့်တယ်လို့ ထင်မြင်မိပါတယ်။

အစပိုင်းမှတင်ပြခဲ့သလို လူမှုကွန်ရက်မှာ ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ဆိုးကျိုးတွေရှိနေတာကိုလည်း သတိပြုရပါမယ်။ ကောင်းတာတွေကို တတ်နိုင်သမျှလုပ်သွားမယ်၊ ဆိုးတာတွေကို တတ်နိုင်သမျှ လျှော့သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ရောက်လာမှာပါ။ ဆိုရှယ်မီဒီယာသုံးရင်းနဲ့ ပိုမိုထက်မြက်ထူးချွန်တဲ့၊ ပိုမိုယဉ်ကျေးလိမ္မာတဲ့ လူငယ်တစ်ယောက်အဖြစ် ကိုယ့်ဘဝကိုယ် တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။

သိုက်စိုးထွန်း (နတ်ရွာ)