News

POST TYPE

OPINION

ပေါင်မြို့နယ်တွင် ရေတက်၍ အိမ် ၃၉ လုံးပျက်စီး၊ အလှပ်တိုက်နယ်ဆေးရုံ ပိတ်ထားရ
14-Aug-2018
မော်လမြိုင်၊ ဩဂုတ် ၁၃

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ ရက်က ရေဝင်ရောက်မှုကြောင့် အိမ ်၃၇ လုံး ပျက်စီးခဲ့ပြီး အလှပ်တိုက်နယ် ဆေးရုံတွင် ရေဝင်သဖြင့် လူနာများကို ရွှေ့ပြောင်းကာ ဆေးရုံပိတ်ထားရကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောကြားသည်။ 

အဆိုပါညနေပိုင်းတွင် အလှပ်ကျေးရွာ၌ ပင်လယ်ရေ ဝင်ရောက်မှုကြောင့် ကမ်းနားရှိ အိမ် ၃၇ လုံး ပျက်စီးပြီး လူ ၁၈၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ ရေဘေးသင့်သူများကို ပြည်နယ်အစိုးရက ကူညီမည်ဖြစ်ပြီး လတ်တလောတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်များ လာရောက်ကာ ကူညီထောက်ပံ့ပေးနေကြောင်း ၎င်းထံမှသိရသည်။ 

အလားတူ ယင်းကျေးရွာတွင် သံလွင်မြစ်ရေလည်း မြင့်တက်မှုကြောင့် ကျေးရွာနှင့် တိုက်နယ်ဆေးရုံထဲရေ ၁ ပေခွဲ ခန့်ဝင်ရောက်ကြောင်း၊ ဆေးရုံတွင် လူနာ ၃၂ ဦးရှိပြီး ရေဝင်ရောက်မှုကြောင့် စိတ္တကာရာမ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ကုသပေးထားကြောင်း၊ လူနာများအနက် ၅ ဦးကို ဆေးရုံဆင်းခွင့်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

“အဓိက ရေတက်တော့ ဆေးရုံထဲကို ရေဝင်တယ်၊ ရေက ၁ ပေခွဲလောက် ဝင်တယ်၊ ရွာထဲမှာလူနာတွေကို ပေါင်မြို့နယ်ဆေးရုံကို ပြောင်းခိုင်းတာ မပြောင်းကြဘူး၊ လူနာတွေထဲမှာ မွေးကင်းစကလေးတွေပါတယ်၊ မွေးလူနာ ၃ ဦးပါတယ်”ဟု ဦးသိန်းတင်က ပြောသည်။

အလားတူ မုတ္တမတိုက်နယ်ဆေးရုံတွင် ရေများဝင်ရောက်မှု ရှိနေသော်လည်း ဆေးရုံရှိလူနာများကို ပြောင်းရွှေ့ရမည့် အနေအထားမရှိသေးကြောင်း၊ ဆေးရုံထဲသို့ ရေမဝင်ရန် တာတမံပြုလုပ်ထားသဖြင့် ရေတက်ချိန်မှသာ ရေများစိမ့်ဝင်လာကြောင်း၊ သို့သော် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေလောက်မဆိုးကြောင်း မုတ္တမတိုက်နယ်ဆေးရုံမှ တာဝန်ခံ ဆရာဝန်ဒေါက်တာ ဇာနည်အောင်က ပြောသည်။

“ကျွန်တော့် ဆေးရုံတော့ စိမ့်ဝင်တဲ့ရေလောက်ပဲ၊ အဆောင်တွေထဲကို ရေမဝင်ဘူး ကော်ရစ်တာလောက်ပဲ ရေဝင်တယ်၊ ကျွန်တော်တို့တော့ လူနာမရွှေ့ရဘူး၊ အလှပ်က ကျွန်တော့်သူငယ်ချင်း ဆေးရုံတော့ အရေးပေါ်လူနာတွေရွှေ့ထားရတယ်၊ ကျွန်တော်တို့ အရင်တစ်ခေါက်ဖြစ်သလိုပဲ သူတို့ဖြစ်တာ”ဟု ဒေါက်တာဇာနည်အောင်က ပြောသည်။

လက်ရှိရေဝင်ရောက်မှုကြောင့် အလှပ်တိုက်နယ်ဆေးရုံမှာ ရွှံ့၊ နုန်းများ ဝင်ရောက်ပြီး ရေထပ်မံတက်မည့် အခြေအနေများ ရှိနေကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

အလားတူ မော်လမြိုင်မြို့တွင် ဩဂုတ်လ ၁၂ ရက်က ကမ်းနားလမ်းတစ်လျှောက်တွင် သံလွင်မြစ်ရေ ဝင်ရောက်သဖြင့် အချို့ရပ်ကွက်များရှိ နေအိမ်များတွင် ရေဝင်မှုများ ရှိကြောင်း၊ ယခုနှစ် သံလွင်မြစ်ရေကြီးမှုမှာ ယခင်နှစ်များထက် ပိုနေကြောင်း မော်လမြိုင်မြို့ကမ်းနားလမ်းတွင် နေထိုင်သည့် ဒေသခံများထံမှသိရသည်။ 

R-21



  • VIA