News

POST TYPE

OPINION

ရန်ကုန်ရှိ မြို့ နယ်အချို့ ရေကြီး
12-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်မြို့တွင် ဩဂုတ် ၁၂ ရက်က ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

ထူးကဲဒီရေ မြင့်တက်မှုကြောင့် သာကေတ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ တာမွေ၊ ဒလ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မင်္ဂလာတောင်ညွန့်နှင့် ဆိပ်ကမ်းမြို့နယ်များရှိ လမ်းမကြီးများတွင် ရေများ ၁ ပေမှ ၂ ပေနီးပါး မြင့်တက်ခဲ့ပြီး နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။

“ဒီရေအတက်က ပထမလတွေထက် ထူးကဲဒီရေ တက်မယ်ဆိုတာ ကြေညာထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို ကြိုတင်ကာကွယ်ရေးတွေလုပ်ဖို့ မှာကြားထားတယ်။ ပုံမှန် ရေတက်နိုင်တဲ့နေရာတွေကို သဲအိတ်တွေနဲ့ အရံအတား ပိတ်ဆို့ထားပါတယ်”ဟု သာကေတမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထူးကဲဒီရေ မြင့်တက်နိုင်သည့် မြို့နယ်များတွင် တာပေါင်များကို သဲအိတ်များဖြင့် ကာရံသည့်အပြင် တာဖို့ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် အထူးဂရုစိုက် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့်ပူးပေါင်းကာ သတိဝီရိယထားပြီး စောင့်ကြည့်ရန် မှာကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ်အတွင်း ရေကြီးပြီး ပုဇွန်တောင်မြို့နယ်တွင် ထူးကဲဒီရေမြင့်လာသည့်အတွက် ရေမှာ ပေါင်ရင်းအထိမြုပ်ကြောင်း၊ အိမ်တိုင်း ရေဝင်သဖြင့် ရေအမြန်ကျမှ အဆင်ပြေမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်နေ ဒေါ်သူဇာက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သူ ဦးမင်းသူက “ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ၉၃၊ ၉၄ ရပ်ကွက်တွေ ရေတော်တော် တက်ပါတယ်။ ယုဇနဥယျာဉ်မြို့တော်လည်း ရေတွေ တော်တော် တက်တယ်။ ထူးကဲဒီရေ တက်လို့ ရေကြီးတာလို့ သိရတယ်။ မြေညီထပ်အချို့ကတော့ ရေတွေဝင်တယ်။ ၉၃ ရပ်ကွက်ဆို အိမ်ထဲအထိ ရေတွေဝင်တယ်လို့ ပြောတယ်”ဟုဆိုသည်။

ရန်ကုန်မြို့၏ ရေစွန့်ထုတ်မှုစနစ်သည် ဒီရေအတက်အကျရှိသော ရန်ကုန်မြစ်ကို အခြေခံထားခြင်းဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်မည်ဖြစ်သောကြောင့် ဒီရေတက်သည့်အချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တိုက်ဆိုင်ပါက အနိမ့်ပိုင်းနေရာများတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာထားသည်။

J-10