News

POST TYPE

OPINION

ရေဘေးကူညီရန် မန္တလေးမြို့ခံပန်းချီဆရာများ ပန်းချီဆွဲ၍ရန်ပုံငွေရှာ
12-Aug-2018

မန္တလေး၊ ဩဂုတ် ၁၂

မြန်မာပြည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် ရေဘေးသင့်ပြည်သူများကိုကူညီနိုင်ရန် မန္တလေးနှင့် အနီးတစ်ဝိုက်ဒေသများမှ ပန်းချီဆရာများ စုပေါင်း၍ ကျုံးနံဘေးလူထုဧရိယာတွင် ပန်းချီရေးဆွဲကာ ရန်ပုံငွေရှာလျက်ရှိသည်။

“သဘာဝဘေးအန္တရာယ် ကြုံတွေ့ကြလို့ လူတွေ ဒုက္ခတွေရောက်လာပြီဆိုရင် ချက်ချင်းသိကြတယ်။ လူအချင်းချင်း စာနာစိတ်နဲ့ မေတ္တာစိတ်နဲ့ တတ်နိုင်သလောက် လှူချင်ကြတယ်။ ပန်းချီဆရာတွေက ပြောရရင်မချမ်းသာဘူး။ ဒါပေမဲ့ သူတို့တွေလည်း လူထဲက လူတွေဖြစ်ကြတဲ့အတွက် လူသားတစ်ယောက်အနေနဲ့ သူတို့လှူချင်ကြတယ်။ ဒီတော့ ငါတို့တတ်နိုင်တာက ဒီပညာနဲ့၊ စေတနာနဲ့၊ ငါတို့ ဒါပဲတတ်နိုင်တယ်။ ဒါကြောင့် ဒီလိုစုပေါင်းရေးဆွဲပြီးတော့ လှူကြတာ”ဟု Colour Full Flower အဖွဲ့မှ ပန်းချီပညာရှင် ဒေါ်ခင်နန်းစံက ပြောကြားသည်။

ပန်းချီဆရာများ စုပေါင်းရန်ပုံငွေရှာခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်မည်ဖြစ်ရာ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မင်းကွန်း၊ အမရပူရ စသည့်မြို့နယ်များမှ ပန်းချီဆရာများ ပါဝင်ပြီး အလှူရှင်များအနေနှင့် ၅၀၀၀ ကျပ် ထည့်ဝင်လှူဒါန်းပါက ပန်းချီကားတစ်ချပ် လက်ဆောင်ပြန်ပေးမည်ဖြစ်သည်။

“ရေက အောက်ပြည်ဘက်မှာ ပိုပြီးတော့ကြီးတယ်။ ဒုက္ခရောက်ကြရတယ်။ ဒါကိုပန်းချီဆရာတွေက ကိုယ်ချင်းစာတဲ့စိတ်နဲ့ ကိုယ်တတ်တဲ့ပညာလေးနဲ့ လုပ်ပေးတာ”ဟု ပန်းချီဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း) က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်းက တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ရေဘေးသင့်မှုများ ကြုံတွေခဲ့ရပြီး လက်ရှိအချိန်အထိ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၃၃၀ ကျော်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း၊ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၃၂,၉၀၀ ကျော်၊ လူဦးရေ ၁၅၂,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

M-05