News

POST TYPE

OPINION

ပုသိမ်တွင် ရှစ်လေးလုံးအထိမ်းအမှတ်ထားရှိရန် တောင်းဆို
09-Aug-2018


ပုသိမ်၊ ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ်တစ်ခုထား ရှိရေးအတွက် နိုင်ငံရေးသမားများက တောင်းဆိုခဲ့ကြောင်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော် ပုံကာလအတွင်း ဆောင်ရွက်ချက်များကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်ရေးအတွက် အထိမ်းအမှတ်တစ်ခုထားရှိရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ပုသိမ်မြို့ ရှစ်လေးလုံး လှုပ်ရှားမှုတွင်ပါဝင်သော ၈၈ ကျောင်းသားဟောင်း ဦးဝေဠုက ပြောသည်။ 

“ဒီမိုကရေစီရဲ့ ကြိုးပမ်းဆောင်ရွက်မှု မူလအစဖြစ်တဲ့ ဩဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့၊ ဒီရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းဝင်အရေးပါမှု၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် ပုသိမ်မြို့မှာ ရှစ်လေးလုံး အထိမ်းအမှတ်ပြခန်းမျိုး၊ ဒါမှမဟုတ် ကျောက်တိုင်မျိုး စတဲ့ အထိမ်းအမှတ်တစ်ခုခု တည်ထောင်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

၁၉၈၈ မတ်လမှစတင်ခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှုတွင် ကိုဖုန်းမော်နှင့်အတူ အသက်ပေးခဲ့ရသည့် ကိုစိုးနိုင်မှာ ပုသိမ်မြို့မှဖြစ်ကြောင်း၊ ပုသိမ်မြို့ ၈၈ လှုပ်ရှားမှုတွင် အသက်သေဆုံးသူများစွာရှိသည်ကို သိရကြောင်း၊ ရှစ်လေးလုံးဒီမိုကရေစီ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများ၊ အသက်သွေးချွေးနှင့်ဘဝများ ပေးဆပ်ခဲ့သူများကို ဦးညွတ်အလေးပြု ဂုဏ်ယူကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောကြားသည်။ 

ဩဂုတ်လ ၈ ရက်က ကျင်းပသော နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ အခမ်းအနားများကို ပုသိမ်မြို့တွင် ထိုစဉ်က သပိတ်စခန်းဖွင့်လှစ်ခဲ့သည့် အမှတ် ၂ ရပ်ကွက်ရှိ ခါတော်မီကျောင်းတိုက်နှင့် အမှတ် (၄) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ၂ နေရာခွဲ၍ ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများနှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် ဒေသခံများတက်ရောက်ခဲ့သည်။ 

R-11
 



  • VIA