News

POST TYPE

OPINION

ဆန္ဒပြသူများကို ဇီးကုန်းမြို့ခံ သတင်းထောက်များက တရားစွဲ
08-Aug-2018

ပြည်၊ ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် သောက်သုံးရေကန် အငြင်းပွားမှု ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒပြခဲ့သည့် ဒေသခံများကို မြို့ခံသတင်းထောက်များက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက်က ပြည်မြို့ရှိ မြေလတ် ဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ ဆန္ဒပြပွဲတွင် “ဘက်လိုက်မီဒီယာအလိုမရှိ” စာသားအသုံးပြုခဲ့မှုကြောင့် ဇီးကုန်းမြို့ရှိ ပြည်ထောင်စုနေ့စဉ်နှင့် မှုခင်းသတင်းထောက်ဆိုသူများက ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည့် ဦးမြင့်စိုးနှင့်အဖွဲ့ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

ဇီးကုန်းမြို့တွင် အများပြည်သူ အသုံးပြုနေသည့်ရေကန်နှင့်ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးနှင့် အငြင်းပွားမှုဖြစ်ခဲ့ကြောင်း၊ ယင်းအခြေအနေနှင့် ပတ်သက်၍ သတင်းထောက်သုံးဦးက လာရောက်သတင်းယူ၊ အင်တာဗျူးလုပ်ဆောင်ခဲ့သော်လည်း မည်သည့်သတင်းစာတွင်မျှ ဖော်ပြထားသည်ကို မတွေ့ရသဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးမြင့်စိုးက ပြောကြားသည်။

“သတင်းယူတယ်။ အင်တာဗျူးတယ်။ ဒါပေမဲ့ ဘယ်သတင်းစာမှာမှ မတွေ့မိလို့ ကျွန်တော်တို့က ဩဂုတ်လ ၃ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီမှာ ကြွေးကြော်သံတွေထဲမှာ ဇီးကုန်းမြို့ ဘက်လိုက်သော မီဒီယာအချို့အားအလိုမရှိဆိုတဲ့ ကြွေးကြော်သံပါလို့ ကျွန်တော်တို့ကို တရားစွဲခဲ့တာပါ”ဟု ၎င်းက ပြောဆိုသည်။ 

၎င်းတို့အနေနှင့် ဆန္ဒထုတ်ဖော်ရာတွင် မီဒီယာအချို့ဟုသာ သုံးနှုန်းခဲ့ပြီး နာမည်တပ်မပြောခဲ့သော်လည်း တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲတွင် အသုံးပြုသည့် စာသားနှင့်ပတ်သက်၍ ဇီးကုန်းမြို့ခံ သတင်းထောက်များဖြစ်သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာမှနှစ်ဦး၊ မြန်မာ့အလင်း သတင်းစာမှ သုံးဦး၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်း စာမှတစ်ဦး၊ မှုခင်းသတင်းဌာနမှနှစ်ဦး၊ မှုခင်းရှုထောင့်ဂျာနယ်မှလေးဦး စုစုပေါင်း ဇီးကုန်းမြို့ခံသတင်းထောက် ၁၂ ဦးတို့က လက်မှတ်ရေးထိုးပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။  

M-06