News

POST TYPE

OPINION

ပန်းပိတောက်တို့ ကြွေရာမြေ
07-Aug-2018

ပန်းပိတောက်တို့ကြွေရာမြေဆိုလို့ မြန်မာသံစဉ်တေးဂန္ထဝင်ထဲက အန်တီချိုပြုံးတို့သီဆိုခဲ့တဲ့ မေတ္တာဘွဲ့သီချင်းတစ်ပုဒ်အကြောင်း မဟုတ်ပါ။ လမ်းတစ်လျှောက် သင်းတဲ့ ပန်းပိတောက်မင်းတွေ အမြဲတမ်းလိုလို တဝုန်းဝုန်း လဲပြိုကြွေကျ မြေမှာခနေရရှာတဲ့ မြိုင်ဟေမဝန်ကြီးတစ်ခုရဲ့အကြောင်းပါ။

မြိုင်ဟေမဝန်ကြီးထဲကို ဝင်လိုက်တာနဲ့ ချိန်းဆောသံတွေ ကြားရလိမ့်မယ်။ ဒီနေရာမှာ မကြားရရင် ဟိုနေရာမှာ ကြားရလိမ့်မယ်။ ဟိုနေရာမှာ မကြားရရင် နောက်တစ်နေရာမှာ ကြားရလိမ့်မယ်။ သေချာတာတစ်ခုကတော့ သူ့ဧရိယာထဲက တစ်နေရာရာမှာ ကြားကိုကြားရလိမ့်မယ်။ မနက်ပိုင်းလား၊ နေ့လယ်ပိုင်းလား၊ ညနေပိုင်းလား။ အမြဲတမ်းလိုလို ဒီအသံတွေက ကြားနေရလိမ့်မယ်။ 

လှည်းတွေက ဝင်နေတယ်။ ညအချိန်မတော် ၁၁ နာရီ၊ ၁၂ နာရီ လောက်မှာဆိုရင် ဒီဥယျာဉ်ကြီးရဲ့နယ်စပ်မှာ လှည်းတန်းကြီးတွေ တွေ့ရလေ့ရှိတယ်။ ဘယ်သွားမလို့လဲ၊ ဘာလုပ်မလို့လဲလို့ မေးလိုက်ရင် ဝါးပဲအခုတ်သွားသလိုလို၊ နွားပဲသွားကျောင်းတော့မှာလိုလို၊ ဘာလိုလို ညာလိုလိုတွေနဲ့ အဖြေတွေအမျိုးမျိုး ပေးကြလိမ့်မယ်။ သေသေချာချာ စစ်ဆေးကြည့်ရင်တော့ လှည်းပေါ်မှာ လေးငါးဆယ်ရက်စာ စားသောက်ဖွယ်ရာ၊ လူစာ နွားစာတွေသာမက ချိန်းဆောလို့ခေါ်တဲ့ လက်ကိုင်စက်လွှတွေလည်း ပါလာတာကိုတွေ့ရလိမ့်မယ်။ 

“လှည်းပေါ်မှာ ချိန်းဆောကြီးတွေ့နေမှတော့ မညာနဲ့တော့၊ ခင်ဗျားတို့ သစ်ခုတ်မလို့မဟုတ်လား၊ ပိတောက်ပင်သွားလှဲကြမလို့ မဟုတ်လား” ဆိုပြီး အစ်လိုက်အောက်လိုက်ရင် အကုန်ပေါ်လာကြတော့တယ်။ တချို့ကလည်း ဘူးကန်ပြီးငြင်းနေလိမ့်ဦးမယ်။ ရိုးရိုးသားသားရှာဖွေလုပ်ကိုင်နေတာပါဆိုတဲ့အကြောင်း၊ သစ်မခုတ်တဲ့အကြောင်း၊ ဟိုအကြောင်း ဒီအကြောင်း။

ဘယ်လိုတွေ လှီးလွှဲပြောဆိုရင်းနဲ့ အလီဘိုင်ပြနေသည်ဖြစ်စေ သေချာတာကတော့ ပိတောက်ပင် အလှဲသွားကြတဲ့လှည်းတွေဆိုတာကို ဒီနယ်တစ်ဝိုက်ကလူတွေက သိနေမြင်နေကြပါတယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ အရေးမယူတော့ဘူးလား။ တာဝန်ရှိသူတွေက ဒီအတိုင်းပဲ မျက်စိစုံမှိတ်ပြီး လျစ်လျူရှုထားလိုက်ကြတော့မှာလားလို့ မေးစရာ ရှိပါတယ်။ လက်တွေ့ လှည်းပေါ်မှာ သစ်ပါမလာတော့ ဖမ်းဖို့ဆီးဖို့ အရေးယူဖို့က မဖြစ်နိုင်ပါဘူး။ မဟုတ်သော်ရှိ ဟုတ်သော်ရှိ ပါလာတဲ့ချိန်းဆောလေးကို သိမ်းလိုက်တာမျိုးကလွဲလို့ ဘာမှလုပ်လို့မရပါဘူး။ ကိုယ်တိုင်ဒိဋ္ဌ တွေ့နေရတာမှန်ပေမယ့် သစ်နဲ့လူ လက်ပူးလက်ကြပ်မိတာမဟုတ်တဲ့အတွက် အရေးယူလို့ မရသေးပါဘူး။ နိုင်ငံရဲ့ အဖိုးတန်ပိတောက်၊ တမလန်းတွေ၊ ကျွန်းတွေ၊ တရားမဝင်သစ်တွေ မခုတ်ဖို့သာ မှာရတော့တယ်။ မှာလို့သာမှာ၊ ချာခနဲ လှည့်ပြန်လိုက်တာနဲ့ အလစ်အငိုက်ချောင်းပြီး ခရီးဆက်ကြတာပါပဲ။

အသွားမှာ သစ်နဲ့လူ လက်ပူးလက်ကြပ်မမိလို့ မဖမ်းနိုင်ဘူးပဲထား။ အပြန်ကျတော့ရောလို့ မေးပါလိမ့်မယ်။ အပြန်မှာလည်း လှည်းပေါ်မှာ သစ်ပါမလာပါဘူး။ ပိတောက်ပင်တွေကို တဒီးဒီးနဲ့သွားလှဲ၊ လိုချင်တဲ့ အတိုင်းအတာအတိုင်း အရှည် ၉ ပေလောက်၊ ၁၈ လက်မဗျက်၊ ၉ လက်မ၊ ၁၀ လက်မထုလောက်ရတဲ့အတုံးကြီးတွေဖြတ်၊ နဖားဖောက်ပြီး ကျွဲတွေ၊ နွားတွေနဲ့ဆွဲ၊ ကားဝင်လို့ရတဲ့နေရာမှာပုံထား၊ အချိန်တန်တော့ ပွဲစားက ကားနဲ့လာဝယ်၊ ငွေယူပြီးတော့ သစ်ကိုကားပေါ်တင်ပေးပြီး လှည်းနဲ့လူနဲ့ ပြန်လာ၊ အပြန်မှာ ထင်းကလေး ဘာလေးလောက်သာ ပါတော့တာမို့ အပြန်ခရီးမှာ ဖမ်းဖို့ကလည်းခက်ပြန်။ 

ဒါဆိုရင် အဓိကတရားခံက သစ်ပွဲစားတွေပေါ့။ သူတို့ကားကို ဖမ်းပါတော့လား၊ အရေးယူပါတော့လား၊ လူဖမ်း၊ ကားသိမ်း၊ သစ်တွေသိမ်းပြီး လူကိုတရားစွဲပါတော့လားလို့ ပြောလိမ့်မယ်။ ဖမ်းတော့ဖမ်းနေကြတာပဲ။ အရေးတော့ ယူနေကြတာပဲ။ ဒါပေမဲ့ မိတဲ့ပမာဏနဲ့ လွတ်ထွက်သွားပြီး စိနရဋ္ဌတိုင်းအထိရောက်သွားတဲ့ပမာဏက ဟိုဘက်ဒီဘက် ချိန်ကြည့်လိုက်ရင် လွတ်သွားတာတွေက များနေတယ်။ လွတ်တာတွေများနေလို့လည်း ဒီနေ့ ဒီအချိန်အထိ အတင့်ရဲပြီး နေ့ရောညပါ သယ်နေကြတာပေါ့။

လွတ်မယ့်သာလွတ်သွားကြတာ။ ပိတောက်တုံးတမလန်းတုံးတွေက ဆိုင်ကယ်နဲ့သယ်တဲ့ ခပ်သေးသေး၊ တစ်တောင်တိုလေးတွေပါသလို ကျွဲနဲ့ နွားနဲ့ ဒရွတ်တိုက်ဆွဲပြီးမှ ကားပေါ်ရောက်တဲ့ ၉ ပေအရှည် အတုံးကြီးတွေလည်း ပါတာမို့ ဒီဟာကြီးတွေကို ချိုင်းကြားလည်းညှပ်သွားလို့မရ၊ လူ့အောက်ကနေလည်း ခုထိုင်သွားလို့မဖြစ်နဲ့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့များ သယ်နေကြတာပါလိမ့်ဆိုတာကို သိပ်ပြီးစဉ်းစားလို့မရဘူး။

တချို့က ကားနဲ့အပြည့်တင်တယ်။ တချို့က ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ တခြားပစ္စည်းပစ္စယတွေအောက်မှာ ဝှက်ပြီးတင်တယ်။ တချို့ကလည်း ကားကြမ်းပြင်အောက်မှာ အံဝှက်ကလေးတွေလုပ်ပြီးတင်တယ်။ နည်းတွေကတော့ အဖုံဖုံပါတဲ့။

သယ်တာကလည်း ရေကြောင်း ကြည်းကြောင်းတို့မှ ချီတော်မူသည်ဆိုတဲ့အတိုင်းပဲ ကုန်းလမ်းကသာမက ရေဇလာမှာ လှေနာဝါဖောင်ကူးတို့တွေနဲ့လည်း ဆောင်ပို့သယ်ယူတော်မူကြတာကို တွေ့ရပြန်တယ်။ မိတဲ့ဟာကမိ၊ မမိတဲ့ဟာလည်း မမိပေါ့လေ။

ဒီနေရာမှာ အကျိုးအမြတ်တွေကိုမေးကြည့်တော့ တောထဲတောင်ထဲသွားပြီး လှည်းနဲ့နွားနဲ့ အပြေးအလွှားဝင်ခုတ်ပြီး ပွဲစားလက်အပ်ရသူ တွေက ၉ ပေတုံးကြီးတစ်တုံးကို တစ်သိန်းခွဲ၊ နှစ်သိန်းလောက်ရတယ်လို့ ပြောတယ်။ သူတို့ဆီကနေ တစ်ဆင့်သယ်ဖို့ လက်ကြီးသမားကပေးထားတဲ့ လိုင်စင်မဲ့ကားလေးကို အပြေးမောင်းပြီး ဟိုဂနိုင်ရပ် မြိုင်စပ်ကနေ စိနတိုင်းဘက်အထိ အရောက်ပို့ သယ်ဆောင်ပေးရတဲ့သူတွေကတော့ ဘယ်လောက်ရတယ်မသိဘူး။ ဟိုဘက်ရောက်သွားတာနဲ့ တန်ဖိုးက တော်တော်ကိုများသွားပြီလို့ ကြားရတယ်။

ဒါတွေကို နိုင်ငံတော်ကလည်း မူဘောင်တွေချပြီး ထိန်းနေတယ်။ မခုတ်ကြဖို့၊ မလှဲကြဖို့ ပညာပေးဆွေးနွေးတာတွေ၊ ဟောပြောတာတွေလည်း မကြာခဏပြုလုပ်နေတယ်။ ဒါပေမဲ့ မရဘူး။ ဘယ်လိုမှမပျောက်နိုင်ဘူး။ မပျောက်နိုင်ရတဲ့အကြောင်းက ဒီလုပ်ငန်းနဲ့ရပ်တည်နေတဲ့သူတွေက အုံလိုက်ကျင်းလိုက်ကြီး ဖြစ်နေတယ်။ ဥပဒေနဲ့မလွတ်ကင်းတာတွေကို မလုပ်ကြ မကိုင်ကြဖို့ အတန်တန်တားတော့ ပရိယေသန ဝမ်းစာရေးမို့ပါ ဆိုပြီးတော့ အကြောင်းပြကြတယ်။ 

အရေးတဲ့အကြောင်းတဲ့ဟေ့ဆိုရင် အားလုံးက စည်းလုံးညီညွတ်နေကြတယ်။ မဟုတ်တဲ့နေရာမှာကျတော့ တလွဲဆံပင်ကောင်းနေကြ ပြန်တယ်။ ဘယ်နေရာမှာ သစ်ပုံရှိတယ်ကြားမိသလဲလို့မေးရင် ယုံသူငယ် နှာစေးနေကြတယ်။ မပြောတဲ့သူလည်း အပြစ်မဆိုသာပြန်ဘူး။ လုပ်တဲ့သူတွေက ညီတွေ၊ အစ်ကိုတွေ၊ မောင်တွေ၊ နှမတွေ။ အမျိုးမတော်ပြန်တော့ သတင်းပေးမှန်းသိရာကတစ်ဆင့် ရလာမယ့် ရန်ငြိုးဒဏ်ကို ကြောက်ရသေးပြန်သတဲ့။

ဒါပေမဲ့လည်း တာဝန်သိပြည်သူတွေကတော့ သတင်းပေးနေကြတာပါပဲ။ ပန်းပိတောက်တို့ ကြွေရာမြေမှာ ဒီတောဒီတောင် ဒီရေဒီမြေ ဒီပိတောက်ပင်ကြီးတွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် စိတ်အားထက်သန်ကြတဲ့ ပြည်သူတချို့ကတော့ တာဝန်ရှိသူတွေဆီကို သတင်းတွေ အရောက်ပို့နေကြပါတယ်။ သတင်းပေးသူရဲ့ လုံခြုံရေးအတွက်လည်း ဘယ်သူဘယ်ဝါ သတင်းပေးတယ်ဆိုတာကို တစခြားသူတွေမသိအောင် လျှို့ဝှက်ပေးထားကြပါတယ်။ တချို့သတင်းပေးတဲ့သူတွေက ခပ်ဝါးဝါးလောက်သာ လှမ်းပြောကြတာဖြစ်ပေမယ့် တချို့ကျတော့ အခုဘယ်အိမ်မှာ၊ ဘယ်တောမှာ၊ ဘယ်နေရာမှာ ဘာကားနဲ့တင်နေပြီ၊ အခု ဘယ်ကနေထွက်လာပြီ၊ အခု ဘယ်နှမိုင်လောက်ကိုရောက်နေပြီ စသည်အားဖြင့် သေသေချာချာကို သတင်းလှမ်းပေးတယ်။ ဒီလိုအခါမျိုးမှာဆိုရင်တော့ မှောင်ခိုသမားတွေအတွက် လွတ်မြောက်ဖို့အခွင့်အလမ်း နည်းသွားတယ်။ တချို့ကျတော့လည်း ကားကိုလမ်းဘေးချရပ်ထားခဲ့ပြီး နီးရာတောစပ်ထဲ ပြေးဝင်ရင်းနဲ့ လူအလွတ်ရုန်းကြတယ်။ ပွဲစားတွေကလည်း မှားထားသတဲ့။ တစ်ခုခုဖြစ်လာရင် လူသာအလွတ်ရုန်း၊ ကားက လိုင်စင်မဲ့၊ ဘာမှအဖိုးမတန်ဘူး၊ ဒီတစ်စီးပါသွားရင် နောက်တစ်စီး လဲပေးမယ်ဆိုပဲ။ 

ဒီတော့ ပြန်သုံးသပ်ကြည့်လိုက်ရင် လိုင်စင်မဲ့ကားကိုနိုင်အောင်ထိန်းနိုင်ရင်လည်း မှောင်ခိုလုပ်ငန်းတွေ နည်းသွားစရာအကြောင်းရှိတာကို တွေ့ရလိမ့်မယ်။ မဟုတ်တာလုပ်တဲ့ကားမှန်သမျှ လိုင်စင်မပါတာချည်း ဖြစ်နေတယ်။ 

ပန်းပိတောက်တွေ ကြွေအောင်ခြွေနေတဲ့သူတွေကို ဖမ်းရဆီးရတဲ့ အလုပ်ကလည်း သိပ်တော့ မလွယ်ပြန်ဘူး။

ငယ်ငယ်တုန်းက ခွေးရူးလိုက်တမ်း ကစားခဲ့ဖူးတာလေးကို သတိရမိတယ်။ ဒီကစားနည်းက ကွင်းခပ်ကျယ်ကျယ်ထဲမှ ကစားလို့ကောင်းတာ။ ကစားမယ့်လူ လေး ငါး ခြောက်ယောက် ခုနစ်ယောက်၊ အဆင်ပြေသလိုပါနိုင်တယ်။ ဘောလုံးလေးတစ်လုံးနဲ့ ကစားတယ်။ ခွေးရူးကျတဲ့ သူကလွဲလို့ ကျန်တဲ့သူတွေက စက်ဝိုင်းပုံ အဝိုင်းလိုက်နေရာယူထားတယ်။ အရင်ဆုံး စကစားတဲ့အချိန်မှာတော့ ဘယ်သူခွေးရူးနေရာက နေမလဲဆိုတာကို မဲနှိုက်ပြီးတော့ရွေးတာပေါ့။ ကိုင်း၊ ခွေးရူးလည်း ရှိပြီ၊ ကစားမယ့် သူလည်းရှိပြီဆိုပါစို့။

ကစားနည်းက သိပ်အဆန်းကြီးမဟုတ်ပါဘူး။ ခွေးရူးကျတဲ့သူက ဘောလုံးကိုရအောင်လိုက်လုရတာ။ ဘောလုံးရမှ ခွေးရူးဘဝကကျွတ်တယ်။ ဒါဆို စောစောက ကန်လွှတ်လိုက်တဲ့သူက ခွေးရူးဖြစ်သွားရော။ လိုက်ပေဦးရော။ ကျန်တဲ့သူတွေကလည်း ခွေးရူးလက်ထဲ၊ အဲလေ၊ ခွေးရူးခြေထဲကို ဘောလုံးမရောက်အောင်လို့ အချင်းချင်း အပေးအယူ အချိတ်အဆက်တွေနဲ့ ကစားတယ်။ ခွေးရူးက ဘောလုံးကိုရအောင် သဲသဲမဲမဲလိုက်တယ်။ ဒီတစ်ယောက်ရှေ့ကို ဘောလုံးရောက်တယ်ဆိုတော့ ပြေးပြီးလိုက်ရပြန်ပြီ။ ဘောလုံးကို ခြေမထိလိုက်ရသေးခင်မှာပဲ နောက်တစ်ယောက်ဆီကိုပေးလိုက်ပြန်ပြီ။ အဲ့ဒီနောက်တစ်ယောက်ဆီ ပြေးလိုက်ပြန်တော့ တခြားတစ်ယောက်ဆီကို ကန်လွှတ်လိုက်ပြန်ပြီ။ ဟိုတစ်ယောက်ဆီရောက်ပြန်တော့ သူက ဘောလုံးကိုလိမ်တယ်၊ ခေါက်တယ်၊ ကွေ့တယ်၊ ပတ်တယ်၊ ခွေးရူးကို အမောဆို့အောင် ကျီစားလိုက်သေးတယ်။ ပြီးတော့မှ နောက်တစ်ယောက်ဆီကို ဘောလုံးလေးကန်ပစ်ပေးလိုက်တယ်။ လိုက်ရပြန်ပြီ။ ပြေးရပြန်ပြီ။ 

ကိုယ်က ဘောလုံးအကန်မကျွမ်းကျင်ဘဲနဲ့ ဒီကစားနည်းကြီးကိုမှ ဝင်ကန်မိတာဆိုတော့ ကိုယ့်အလှည့် ခွေးရူးကျပြီဆိုမှဖြင့် တော်တော်နဲ့ကို မကျွတ်နိုင်ဘူး။ လိုက်ရတာလည်း မောလိုက်တာ။ အများအားဖြင့် ရွယ်တူတန်းတူချင်း ကစားဖြစ်တာမဟုတ်တော့ ကိုယ်ခွေးရူးအလှည့်ကျပြီးရင် တော်တော်နဲ့မကျွတ်နိုင်တာ များတယ်။ လိုက်ရတာလည်း မောသလားမမေးနဲ့။ မောတာထက် စိတ်တိုရတာလည်းပါတယ်။ ကျန်တဲ့သူတွေက ကိုယ့်ကို ပြောင်ချော်ချော်နဲ့ကြည့်တယ်။ ဖမ်းနိုင်ရင်ဖမ်းလေဆိုတဲ့မျက်နှာပေးနဲ့ ပြုံးစိစိကြည့်တယ်။ ကိုယ်က မရရအောင် ပြေးဝင်ပူးကပ်မယ်လို့များ မလုပ်လိုက်နဲ့၊ သူတို့ကလိမ်တာ ခေါက်တာတွေ အရမ်းကျွမ်းနေတော့ ကိုယ့်မှာ ဟောဟဲသာလိုက်သွားတယ်။ ဘောလုံးက တော်တော်နဲ့ မမိဘူး။ 

မိလို့ခွေးရူးကကျွတ်ပြန်ပြီဆိုရင်လည်း ကိုယ့်ဆီဘောလုံးလာတာနဲ့ ခွေးရူးကျတဲ့သူက ဝင်လုတာကို ခံလိုက်ရတော့ ကိုယ်ပဲခွေးရူးပြန်ပြန်ဖြစ်သွားတယ်။ ဒီတော့ ကိုယ်ခွေးရူးမဖြစ်ဖို့ဆိုရင် တခြားလူတွေကို ဟိုဘက်ပေး၊ ဟိုဘက်ပေး၊ ငါ့ဘက်ကို ဘောလုံးမပေးလိုက်နဲ့လို့ အော်အော်ပြောရတယ်။ ဒါပေမဲ့ ဘယ်ရမလဲ။ ပြောင်ချော်ချော်နဲ့ကြည့်ပြီး ဖတ်ခနဲဆို ဘောလုံးကို ကိုယ့်ဆီကန်ထည့်လိုက်တာပါပဲ။ အဲ့ဒီအခါကျရင် ဘောလုံးကို တခြားတစ်ယောက်ဆီ မြန်မြန်ပြေးကန်လွှတ်ချင်လွှတ်၊ မကန်လွှတ်နိုင်လို့ကတော့ ကိုယ့်ခြေထောက်ရှေ့က ဘောလုံးကို ခွေးရူးက ဝင်ကန်သွားတာနဲ့ ကိုယ်က ခွေးရူးဖြစ်ရော။ ဒါနဲ့ပဲ ခွေးရူးလိုက်တမ်း ကစားတိုင်း ကစားတိုင်း ကိုယ်ချည်းပဲ ခွေးရူးဖြစ်ဖြစ်နေတော့တယ်။ 

ဘေးကရပ်ကြည့်တဲ့သူများရှိရင် ခွေးရူးလိုက်တမ်းကစားတဲ့အချိန်မှာ ခွေးရူးဖြစ်ရတာ ပိုပြီးရှက်စရာကောင်းတယ်။ ကိုယ်ချည်းပဲ ခွေးရူးဖြစ်နေတဲ့အခါ ပိုဆိုးတာပေါ့။ လိုက်ပါတော့လား။ ဖမ်းပါတော့လား။ ဘောလုံးကို အတင်းပြေးကပ်ပြီး လုပါတော့လားနဲ့ အော်ဟစ်ပြောဆိုကြတယ်။

အားပေးတာလိုလိုနဲ့ အရှက်ခွဲချင်တာလားဘာလား မကွဲဘူး။ စိတ်တိုတဲ့အခါ ပြန်အော်ဖြစ်တယ်။ လိုက်တော့လိုက်နေတာပဲဗျ။ မမီတာ ဘယ်တတ်နိုင်မလဲလို့။

ပန်းပိတောက်တို့ကြွေရာမြေမှာ ပိတောက်တွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်စေတဲ့သူတွေကို တားရဆီးရ ပိတ်ပင်ရတာကလည်း ငယ်နုစဉ်အခါက ခွေးရူးလိုက်တမ်းကစားရသလိုပါပဲ။

ကိုယ်က တစ်နေရာကနေထွက်လာပြီဆိုတာနဲ့ သတင်းပေးဆိုတဲ့သူတွေက ရှိနေတယ်။ ဆိုင်ကယ်လေးတွေနဲ့၊ ကားလေးတွေနဲ့ လမ်းဘေးမှာ ညအချိန်မတော်ကြီး ဟိုဟာလုပ်သလိုလို ဒါလုပ်သလိုလိုနဲ့ ဟိုနားတစ်ဖွဲ့၊ ဒီနားတစ်ဖွဲ့ နှစ်ယောက်တွဲ၊ သုံးယောက်တွဲလေးတွေရှိနေကြတယ်။ ရပ်နေတာလည်းရှိတယ်။ လမ်းပေါ်မှာ လူးလာခေါက်တုံ့ သွားလာနေကြတာ လည်းရှိတယ်။ ဒီဘက်မှာ ဖမ်းမယ့်ဆီးမယ့်သူလာပြီဆိုတာနဲ့ ဟိုဘက်က အဖွဲ့ကို လှမ်းချိတ်တယ်။ သတင်းပေးတယ်။ “ဟေ့ကောင်တွေ၊ အခြေအနေမကောင်းဘူး၊ အမြန်ရှောင်ကြတော့” ဆိုတဲ့သဘော။

ဒီဘက်လမ်းကြောင်းက သွားတယ်။ လမ်းခုလတ်မှာ သူတို့လူတွေရှိနေတယ်။ သတင်းကပေါက်သွားပြီ။ မိဖို့မလွယ်တော့ဘူး။ ဟိုဘက်လမ်းကြောင်း ပြောင်းကြည့်တယ်။ ဒီလိုပဲ။ ပြေးဖို့ရှောင်ဖို့ အခွင့်သာသွားပြန်ပြီ။ ကင်းသမားတွေကမှ သူတို့လောက် သတိဝီရိယကောင်းချင်မှကောင်းဦးမယ်။ သူတို့ရဲ့ အထောက်တွေ၊ ရှေ့ပြေးတွေကတော့ နိုးနိုးကြားကြားရှိလှပါပေ့။ မျက်စိကလည်း လျင်ပါပေ့။ လှုပ်လိုက်တာနဲ့ မြင်ပြီးသား။ ချွတ်ချွတ်သံမြည်တာနဲ့ ကြားပြီးသား။ ဒါဆို ဒီလို မှောင်ခိုအားပေး၊ သူခိုးဓားရိုးကမ်းနေတဲ့သူတွေ၊ ပူးပေါင်းကြံစည်မှု ကျူးလွန်နေတဲ့သူတွေကို ဖမ်းလိုက်ပါတော့လား။ ဒါလည်း လွယ်လွယ်နဲ့မဖြစ်နိုင်သေးပြန်ဘူး။ လူတစ်ယောက်ကို အရေးယူဖို့ဆိုရင် သူ ဘယ်လိုပြစ်မှုတွေကျူးလွန်ထားတယ်ဆိုတာကို သက်သေနဲ့တကွ လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့လိုတယ်။ လက်ပူးလက် ကြပ်ဖမ်းနိုင်ဖို့လိုတယ်။ လက်ပူးလက်ကြပ်မဟုတ်ရင် မလွယ်ဘူး။

ဒီဘက်လာသတဲ့ဆို ဒီဘက်လိုက်သွားပြီ။ အသံကြားလို့ လိုက်သွားတော့ သူတို့က တခြားလမ်းကြောင်းကို ပြောင်းသွားပြန်သတဲ့။ ဟိုဘက်လို့ကြားလို့ ဟိုဘက်ရွှေ့ပြန်တော့ ကြားလမ်းက ထွက်သွားပြန်သတဲ့။ ဒီလိုနဲ့ပဲ။ ဒီလိုနဲ့ပါပဲ။ ဒီသံသရာဝဲဂယက်က လွှဲမထွက်နိုင်ဘူး ဖြစ်နေပြန်ရော။ တဝဲလည်လည်ဖြစ်နေပြန်ရော။

ဒီဟာကြီးကို မြန်မြန်ဖြေရှင်းသင့်ပြီ။ အခြေအနေက တော်တော်ကို စိုးရိမ်စရာဖြစ်နေပြီ။ တစ်ရက်လည်းမက၊ တစ်လလည်းမက၊ တစ်နှစ်လည်း မက၊ နှစ်နှစ်လည်းမကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဟောဒီ မြိုင်ဟေမဝန် ကြီးရဲ့အနာဂတ်ဟာ တော်တော်ကို အခြေအနေဆိုးသွားနိုင်တယ်။ အပွင့်ရယ် ဝါ၊ အညှာမှာ မြရည်လိမ်းတယ်၊ ပန်းနွယ်ကစိမ်းဆိုတဲ့ ပိတောက်ပန်းလေး တစ်ခက်ကိုတောင်မှ အရှာရခက်သွားနိုင်တဲ့နေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ 

ချိန်းဆောလေးတစ်လက်နဲ့ တောပေါ်တက်ပြီး ဒုန်းဒုန်းဒက်ဒက် တဒွီးဒွီး တရွှီးရွှီးလုပ်ပြီး ဆိုင်ကယ်လေးနဲ့ ဝှီးခနဲဝှီးခနဲ ပြန်လာလိုက်ရင်၊ လှည်းကလေး ကျွဲကလေးနဲ့ တောအရပ်ကိုဝင် အရညကင်ဓူတင်ဆောက်တည်ရာက ပြန်လာလိုက်ရင် ဝမ်းတစ်ထွာအတွက် အဆင်ပြေတာပဲဆိုပြီးတော့ လွယ်လွယ်နဲ့ရတာလေးတွေကို ယူနေကြရင်တော့ မကြာသော အချိန်ကာလတစ်ခုမှာ ဒီအတွက် ဒဏ်တွေကို ပေးဆပ်ကြရပြန်ဦးမှာပါ။

လက်တွေ့မှာလည်း သက်သေသာဓကတွေ ရှိနေပါပြီ။ ဘာကြိုးဝိုင်း ညာကြိုးဝိုင်းလို့ အမည်သညာ ခေါ်စရာတွေ ကမ္ပည်းတပ် အမွှမ်းတင်ထားပေမယ့် သစ်တောသစ်ပင်မရှိ ကွင်းပြင်အတိပြီးနေတဲ့နေရာတွေ ရှိနေပါပြီ။ ဒီအပင်တွေပြုန်းတီးမှုကြောင့် မိုးခေါင်ရေရှားခြင်းဘေးတွေ၊ လေပြင်းမုန်တိုင်းဘေးတွေ၊ ရေကြီးရေလျှံခြင်းဘေးတွေလည်း အမြဲလိုလို ခံစားနေကြရပါပြီ။ ဒီအချိန်မှာ ရပ်တန်းကရပ်သင့်နေပါပြီ။

ဘယ်လောက်ပဲ ရပ်သင့်တယ်လို့ပြောနေပေမယ့် ဒီဟာလေးကို အကြောင်းပြုပြီးတော့ အလွယ်ရနေသူတွေကတော့ ဆက်လုပ်နေကြဦးမှာပါပဲ။ ဒါ့ကြောင့် ဒါကို သေသေချာချာ ထိထိရောက်ရောက် ထိန်းနိုင်သိမ်းနိုင်ဖို့ လိုနေပါပြီ။ အခုတော့ အလွယ်တကူ သူကြွယ်ယူဆိုတဲ့ ဆိုရိုးအတိုင်းပဲ၊ မရှိလို့ လုပ်စားတဲ့သူတွေပါသလို ကားတဝီးဝီးနဲ့ အများကြီး ချမ်းသာနေတဲ့သူတွေကပါ ထဲထဲဝင်ဝင်လုပ်ကိုင်နေကြတော့ ဒီအပင်ကြီးတွေရဲ့ အနာဂတ်က တော်တော့်ကို ရင်လေးစရာဖြစ်နေပါပြီ။

လက်ရှိတော့ အပင်တွေထောင်သောင်းချီ၊ သိန်းသန်းချီအောင် ရှိနေမှာပေါ့။ ဒါပေမဲ့ တစ်နေ့တစ်နေ့ ဟောဒီချိန်းဆောသံတွေ တဒီးဒီးကြားမှာ တဝုန်းဝုန်းလဲပြိုကျနေရတဲ့နှုန်းက ဘယ်လောက်တောင်ရှိနေပြီဆိုတာကလည်း ကြည့်တတ်သူတွေ မြင်နေကြတာမို့ မြင်နေရတာမို့ အချိန်သိပ်မနှောင်းခင်လေးမှာ ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြဖို့ တကယ်ကို လိုအပ်နေပါပြီ။ 

ပန်းပိတောက်တို့ကြွေရာမြေတဲ့။ ပိတောက်တွေကြွေတာကို ငေးမောရင်းနဲ့ ချစ်ရခင်ရတဲ့သူကို လွမ်းဆွတ်တမ်းတနေမိသူတစ်ဦးရဲ့ ရင်တွင်းမှာ ဆို့နင့်လှိုက်စားပြီးတော့ ပွင့်အန်ပေါ်ထွက်လာတဲ့သီချင်းလေးပါ။ အခုပြောနေတဲ့မြေကတော့ တစ်ချိန်ချိန်မှာ ကြွေစရာပိတောက်လေး တစ်ပွင့်တောင် မရှိတော့လောက်အောင် ဖြစ်သွားလေမလားရယ်လို့ စိုးရိမ်နေရတဲ့ နေရာတစ်ခုပါ။

တစ်ခုပဲဆုတောင်းနေမိပါတယ်။ ပန်းပိတောက်တို့ကြွေရာမြေမှာ ပန်းပိတောက်တွေ ထာဝရ ဝေနေနိုင်ပါစေ... လို့။

သိုက်စိုးထွန်း (နတ်ရွာ)