News

POST TYPE

OPINION

၈၈ ကို ဖြတ်သန်းကြည့်ရှုခြင်း
06-Aug-2018

ဒီနေ့ ဒီအချိန်မှာ အသက် ၅၀ ကျော် လူကြီးတွေ ဖြစ်နေကြပြီဖြစ်တဲ့ ကျွန်တော်တို့မျိုးဆက်အားလုံ ၈၈ ကို တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ဖြတ်သန်းခဲ့ကြမယ်ထင်ပါတယ်။ အချို့က ကျောင်းသားဘဝ တက်ကြွလှုပ်ရှားပြီး မဆလအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ထိပ်ဆုံးက ပါဝင်သူ။ တချို့က အများနည်းတူ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွေမှာ (တို့အရေး ... တို့အရေး ... တို့အရေး ...) လို့ ကြွေးကြော်ပါဝင်သူ။ တချို့ကတော့ လမ်းလျှောက်ရာမှာမပါဘဲ လမ်းဘေးကနေ လက်ခုပ်တီးအားပေးသူ။ တချို့သော အနည်းစုကတော့ လမ်းလျှောက်ရာမှာလည်းမပါ။ ကြွေးကြော်သံလည်းမအော်။ လက်ခုပ်လည်းမတီးဘဲ ဒီအတိုင်း မတ်တတ်ရပ်ကြည့်နေသူ။

သေချာတာတစ်ခုကတော့ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကြီးဟာ နိုင်ငံတစ်ဝန်း၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုအားလုံး တစ်နည်းတစ်ဖုံ ပါဝင်ခဲ့တယ်ဆိုတာပါပဲ။ 

၁၉၈၈ ခုနှစ် ဩဂုတ်၊ စက်တင်ဘာလများက မှတ်တမ်းဓာတ်ပုံများကိုပြန်ကြည့်ရင် အကောက်ခွန်၊ ယာဉ်ထိန်းရဲ၊ သူနာပြု အစရှိတဲ့ ဝန်ထမ်းပေါင်းစုံသာမက အစိုးရသတင်းစာတိုက်တွေအထိ အဖွဲ့အစည်းပေါင်းစုံ၊ ဆင်းရဲ ချမ်းသာ လူတန်းစားအစုံ၊ ရဟန်းသံဃာအားလုံး ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ မှတ်မှတ်ရရ သမ္မတဒေါက်တာမောင်မောင်က အသံတိတ်နေတဲ့အိမ်ရှင်မတွေလည်း ရှိနေသေးတယ်ဆိုလို့ အိမ်ရှင်မတွေလည်း မနေသာတော့ဘဲ လမ်းပေါ်ထွက်လာကြသလို အလှဖန်တီးရှင်များအဖွဲ့တောင် ဗိုလ်ချုပ်လမ်းပေါ်မှာ တွေ့လိုက်ရသေးတယ်။ ပြောချင်တာကတော့ ၁၉၈၈ အရေးအခင်းကြီးဟာ အဲဒီအချိန်က မဆလအစိုးရကိုသာမက အရှေ့တောင်အာရှနဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုပါ တုန်လှုပ်ချောက်ချားသွားစေခဲ့တယ်ဆိုတာပဲ။

ဒီအရေးတော်ပုံပြောပြော၊ အရေးအခင်းလို့ပဲဆိုဆို ဖြစ်ရပ်ကြီးကို ၁၉၈၈ နောက်ပိုင်းမွေးဖွားလာတဲ့လူငယ်တွေ မမြင်မတွေ့ခဲ့ကြပါဘူး။ တစ်ဆင့်စကား၊ တစ်ဆင့်နားဖြစ်စေ၊ ဆရာသမား သက်ကြီးများရဲ့ ပြောစကားကြောင့်ဖြစ်စေ၊ စာအုပ်စာတမ်းတွေ ဖတ်လို့ဖြစ်စေ၊ ဗီဒီယိုမှတ်တမ်းတွေ ကြည့်ရှုလို့ဖြစ်စေ ဒီအကြောင်းအရာတွေကို သိနိုင်ကြပါတယ်။ ခု ဒီဖြစ်ရပ် နှစ်ပေါင်း ၃၀ ပြည့်လာတဲ့အခါ မျိုးဆက်တစ်ဆက်လို့ ပြောနိုင်မယ့် အသက် ၃၀ အရွယ် လူငယ်တွေလည်း အရွယ်ရောက်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားသွားတဲ့ ဒီလူထု အုံကြွ ဆန္ဒပြပွဲကြီးဟာ နောက်ဆုံးမှာတော့ သေနတ်ကျည်ဆန်မိုးနဲ့ သွေးအိုင်တွေနဲ့ မလှမပ နိဂုံးချုပ်ခဲ့ရပါတယ်။ အဲဒီအချိန်က ပြည်သူလူထုရဲ့ဆန္ဒ အမှန်တကယ် ပြည့်ဝခဲ့ပါသလားလို့မေးရင် မပြည့်ဝခဲ့ပါဘူး။ မပြည့်ဝခဲ့တဲ့အပြင် နောင် နှစ်ပေါင်း နှစ်ဆယ်ကျော်အထိ စစ်အာဏာရှင်အစိုးရရဲ့ တင်းကျပ်တဲ့ဖိနှိပ်မှုအောက်မှာ ပြားပြားဝပ်ခဲ့ရတယ်။ ပြောရရင် ၈၈ ဒီမိုကရေစီလူထုအုံကြွမှုကြီးဟာ (Aborted) သန္ဓေလျှောပြီး ပြီးဆုံးသွားခဲ့တယ်လို့ ဆိုရမယ်။

ဟိုတစ်ချိန်တုန်းက မက်ခဲ့တဲ့ အိပ်မက်က “ဒီမိုကရေစီ”ပါ။ အခြေခံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လုံးဝဆိတ်သုဉ်းနေတဲ့ မဆလ အစိုးရလက်ထက်မှာ “ဒီမိုကရေစီ”ကို ပြည်သူတွေအားလုံး ငံ့လင့်တောင့်တခဲ့ကြတယ်။ ကမ္ဘာမှာ အဲသလောက်ကြီးကျယ်တဲ့ အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုဟာ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်မှာ အာဏာရှင် မားကို့စ်ကိုဖြုတ်ချခဲ့တဲ့ (People Power) လူထုတော်လှန်ရေး ဆန္ဒပြပွဲတစ်ခုပဲ ရှိပါသေးတယ်။ စစ်အေးခေတ်ရဲ့ အဆုံးသတ်ကာလမှာ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရဟာလည်း အဘက်ဘက်က ဘေးကျပ်နံကျပ် ဒုက္ခရောက်နေတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ရုံမက နိုင်ငံဟာလည်း အဆင်းရဲဆုံး စာရင်းဝင်အဖြစ် ရောက်ရှိခဲ့တယ်။ တကယ်တော့ ၁၉၈၈ လူထုအုံကြွမှုကြီးဟာ တစ်စုံတစ်ယောက်ရဲ့ ပယောဂဆိုတာထက် နိုင်ငံတစ်ခုရဲ့ ပြိုလဲချိန်ဟာ သူ့အလိုလို ရောက်လာခဲ့တာပါပဲ။

၁၉၈၈ မြန်မာ့ဒီမိုကရေစီ လူထုအုံကြွမှုဖြစ်ပေါ်စဉ်တုန်းက ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲသေးဘူး။ ယူဂိုဆလားဗီးယား မပြိုကွဲသေးဘူး။ ဒိုမီနိုသီအိုရီလိုပဲ မြန်မာနိုင်ငံက စတင်လိုက်တဲ့ ဒီမိုကရေစီအရေး၊ လစ်ဘရယ်အရေးဟာ နောက်နှစ် ၁၉၈၉ တွေမှာ အရှေ့ဥရောပအထိ ပျံ့နှံ့သွားတယ်။ ၁၉၈၉ ခုနှစ်အတွင်း အလယ်နဲ့ အရှေ့ ဥရောပက တစ်ပါတီအစိုးရအားလုံး ဆက်တိုက်ဆိုသလို ပြုတ်ကျသွားခြင်းဟာ မြန်မာနိုင်ငံရဲ့ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုနဲ့ ဆက်စပ်မှု ရှိ မရှိ အသေအချာ မပြောနိုင်ပေမယ့် ဖြစ်ရပ်အားလုံးဟာ တစ်ပုံစံတည်း ဆင်တူနေတာ တွေ့ရတယ်။ ၁၉၈၉ ခုနှစ်မှာ ပိုလန်ကစတင်ပြီး ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ အရှေ့ဂျာမနီနိုင်ငံအားလုံး လှိုင်းတံပိုးလိုပဲ ဆက်တိုက်ပြိုသွားခဲ့တယ်။ နောက်ဆုံးမှာ ဘာလင်တံတိုင်းကြီးလည်း ပြိုသွားခဲ့တယ်။ တစ်ဆက်တည်းလို့ဆိုရမယ့် ကျောင်းသားများရဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုလည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်။ ၁၉၈၉ ခုနှစ် ဇွန်လ တိန်အင်မင်းရင်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာကျော်ဆန္ဒပြပွဲပါ။ ဒီဆန္ဒပြပွဲကိုတော့ တရုတ်အစိုးရက တခြားမြို့ကြီးတွေကို ကူးစက်မသွားခင် ရက်ရက်စက်စက် နှိမ်နင်းပစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အင်အားကြီးလှတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးလည်း ဂေါ်ဗာချက်ဗ်ရဲ့ ဂလက်စနော့ဗ် ပြုပြင်ပြောင်းလဲရေးနဲ့အတူ ပြိုကွဲသွားခဲ့တာပဲ။ ၁၉၉၀ ပြည့်လွန်နှစ်များဟာ မုန်တိုင်းထန်တဲ့ကာလလို့ပဲ ပြောရမယ်။ ဆိုဗီယက်ဆိုတာ ပျောက်ကွယ်ပြီး ရုရှားသမ္မတနိုင်ငံသစ် ဖြစ်လာတဲ့အချိန်မှာ ရုရှားဟာ ကွန်မြူနစ်စနစ်ဟောင်းနေရာမှာ လစ်ဘရယ်ဒီမိုကရေစီစနစ် အစားထိုးနိုင်ဖို့ အတော့်ကို ရုန်းကန်ခဲ့ရပြီး ပဋိပက္ခတွေလည်း များခဲ့ပါတယ်။

မြန်မာနိုင်ငံအကြောင်းကို ပြောရရင်တော့ အားလုံးလည်း သိကြပြီးဖြစ်တဲ့အတိုင်း ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ အထိ၊ စစ်အစိုးရရဲ့လက်အောက်မှာ ၂၂ နှစ်ကြာသွားပြီး နိုင်ငံဟာလည်း ရှိသမျှသယံဇာတတွေ ပြုတ်ပြုတ်ပြုန်း၊ ပညာရေးနိမ့်ကျ၊ လူသားအရင်းအမြစ်ဆုံးရှုံးကာ ဒီနေ့အထိ အာဆီယံမှာ အဆင်းရဲ အနိမ့်ကျဆုံးနိုင်ငံတစ်ခုအဖြစ်နဲ့ ကျန်နေဆဲပါ။ ကိုယ့်နိုင်ငံ အကြောင်းပြောရတာ မကောင်းတဲ့ အနိဋ္ဌာရုံတွေချည်းပဲဆိုတော့ ဒီအကြောင်းတွေလည်း ထပ်တလဲလဲ မပြောချင်တော့ပါဘူး။ သေချာတာ တစ်ခုကတော့ “တစ်ပါတီအာဏာရှင်စနစ်”ကို အစောဆုံး ဦးဆောင်တော်လှန်ခဲ့တဲ့နိုင်ငံ၊ ဒီမိုကရေစီအခွင့်အရေးကို အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဟာ ဒီနေ့ဒီအချိန်အထိ ကမ္ဘာမှာ ကျိန်စာဆိုးမိပြီး ကျန်နေရဆဲအဖြစ်ပါ။ 

ကိုယ့်နောက်မှ တစ်ပါတီအာဏာရှင်စနစ်ကို ဖယ်ရှားခဲ့တဲ့ ဥရောပနိုင်ငံတွေအားလုံး ဒီနေ့ ဒီအချိန်မှာ စီးပွားဖွံ့ဖြိုးပြီး တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီ။ ယူဂိုဆလားဗီးယားလို ပြည်တွင်း စစ်သွေးချောင်းစီးလို့ အစိတ်စိတ် ကွဲသွားတဲ့ ခွဲထွက်နိုင်ငံတွေတောင် တည်ငြိမ်သွားပြီ။ ခရိုအေးရှားဆို ဒီနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတောင် ရောက်သွားသေး။ ဂေါ်ဗာချက်ဗ်အလွန် သမ္မတ ယဲ့လ်ဆင်လက်ထက်မှာ ကသောင်းကနင်းဖြစ်ခဲ့တဲ့ ရုရှားကလည်း အခု ပူတင်လက်ထက်မှာ တော်တော်လေးငြိမ်ပြီး စစ်အေးခေတ်တုန်းကလို အမေရိကန်ကို ပါဝါချင်း ပြန်ယှဉ်နိုင်တဲ့အနေအထား ရောက်သွားပြီ။

၁၉၈၈ ဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ မေ့ပျောက်လို့မရနိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့ပါ။ ၁၉၈၈ ခုနှစ်ရဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံပြည်သူ သန်းပေါင်းများစွာဟာ ဒီမိုကရေစီကို တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်။ ဦးနေဝင်း ဦးဆောင်တဲ့ တစ်ပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပေမယ့် မြန်မာပြည်သူတွေဟာ ကံဆိုးစွာနဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ စစ်အာဏာရှင်ခေတ်တစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ လူထုအုံကြွပြီး ဒီမိုကရေစီတောင်းဆိုခံရတဲ့ အခြားသော ဆိုရှယ်လစ် တစ်ပါတီ အစိုးရများနဲ့မတူတဲ့အချက်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သွားရခြင်းပါ။ အကယ်၍ ၁၉၉၀ ပြည့်နှစ်က ပထမဆုံးကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကိုသာ အဲဒီအချိန်ကရှိခဲ့တဲ့ စစ်အစိုးရက အသိအမှတ်ပြုပေးခဲ့ရင် မြန်မာနိုင်ငံဟာ ဒီလောက်အထိ နစ်နာပြီး နိမ့်ကျကျန်ရစ်စရာ အကြောင်းမရှိပါဘူး။ ဘာ့ကြောင်လဲဆို အဲဒီအချိန်က အခြားသော ဒီမိုကရေစီ အုံကြွတောင်းဆိုခံနိုင်ငံတွေမှာလည်း အသီးသီး ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရလို့ပါ။ အပြောင်းအလဲတစ်ခုရဲ့ ကြားကာလမှာ နိုင်ငံတိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီနေ့ဒီအချိန်မှာတော့ သူတို့ သက်သောင့်သက်သာဖြစ်သွားပါပြီ။

ခုချိန်မှာ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုမှာ ရှေ့ဆုံးကပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ အမှန်တရားအတွက်၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ အားလုံးနီးပါး ပွင့်လင်းတဲ့ ရာသီအခင်းအကျင်းမှာ နိုင်ငံရဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြပါပြီ။ ၁၉၈၈ ဩဂုတ်လ ၈ ရက်နေ့က မိုးထဲလေထဲမှာ အသံကုန်ဟစ်ပြီး “တို့အရေး ... တို့အရေး ...”လို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသူတွေလည်း ထိုက်သင့်တဲ့ ဦးဆောင်နေရာအသီးသီးမှာ ရောက်နေခဲ့ကြပါပြီ။ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်၊ လူထုဆန္ဒပြပွဲကြီးမှာ ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေ အားလုံး ရဟန်းသံဃာ၊ ဝန်ထမ်း၊ လူထု လူတန်းစား အလွှာပေါင်းစုံနဲ့ ဖုံးလွှမ်းပြည့်ကျပ်သွားခဲ့ပါတယ်။ အဲဒီအချိန်က တောင်းဆို၊ ကြွေးကြော် အော်ဟစ်ခဲ့ကြသူအားလုံး ဒီနေ့အချိန်မှာ လူ့ဘဝသက်တမ်းထက်ဝက်ကျိုးခဲ့ပါပြီ။ နှစ်ပေါင်း ၃၀ ပြည့်လာခဲ့ပေမယ့်လည်း ဒီလူတွေဟာ ဟိုအရင်တုန်းကနဲ့ သိပ်ထူးခြားလှတဲ့ အခြေအနေတစ်ခုကိုတော့ ရောက်မလာသေးကြောင်းပါ ...။

ချစ်ဝင်းမောင်
၎-၈-၂၀၁၈