News

POST TYPE

OPINION

ပျက်အစဉ် ပြင်ခဏ၊ မူသာ ပဓာန (Daily, Vol-6/No-99)
04-Aug-2018
အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ မြင်ကြားတွေ့သိနေရတဲ့ အမှုအခင်းကိစ္စ တော်တော်များများက အံ့အားသင့်စရာ ကောင်းလောက်အောင် ကျွန်တော်တို့ရဲ့ လူမှုတန်ဖိုးတွေ၊ ကျင့်ဝတ်စံနှုန်းတွေ ဒလဟော ကျနေသလားလို့ မေးစရာ ဖြစ်လာတယ်။

ဘာမဟုတ်တဲ့ ကိစ္စလေးတွေ၊ ပြဿနာလေးတွေ၊ သဘောထား မတိုက်ဆိုင်မှုလေးတွေနဲ့တင် ရက်ရက်စက်စက် လူသတ်တဲ့အထိ ဖြစ်လာတာမျိုး၊ မကြားဝံ့ မနာသာ ကလေးသူငယ်ဆိုင်ရာ လိင်အကြမ်းဖက် မှုခင်း ပိုများလာတာမျိုး၊ ဆယ်ကျော်သက်၊ နှစ်ဆယ်စွန်းစွန်း လူငယ်တွေ ခိုး၊ ဆိုး၊ လု၊ နှိုက်တဲ့နှုန်း မြင့်လာတာမျိုးနဲ့ ပိုင်ရှင်မဲ့ ဖမ်းမိတဲ့ မူးယစ်ဆေး၊ သစ်၊ တားမြစ်ကုန်စည် အမှုအခင်းတွ နေ့တိုင်းလိုလို ဖြစ်လာတာမျိုးတွေပေါ့။

နေ့စဉ် ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း စည်းကမ်းမဲ့ အပြုအမူတွေ၊ ဥပဒေ စည်းကမ်း ချိုးဖောက်မှုတွေကို ကျင့်သားရနေတဲ့ ပုံစံမျိုး၊ ပြုမြဲ ပြုနေကျ ပုံစံမျိုးနဲ့ ကျူးလွန် ဖောက်ဖျက်နေကြတယ်။ ရိုင်းပျ စော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆို၊ ပုတ်ခတ်၊ စောင်းမြောင်း၊ တိုက်ခိုက်တာတွေကလည်း အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်မှာ တင်းကျမ်းပြည့်နေတယ်။

အမှိုက်ကောက် လှုပ်ရှားမှုကလည်း ရက်သတ္တ တစ်ပတ်လောက်နဲ့ တချို့နေရာတွေမှာ တစ်လလောက်ပဲ ခံလိုက်တယ်။ အမှိုက်ပစ်တဲ့သူတွေကတော့ အချိုးမပြင်တဲ့အပြင် ပြည်သူပိုင်ပန်းခြံ၊ ကစားကွင်းလို နေရာမျိုးတွေမှာတောင် အရက်ဝိုင်းဖွဲ့ သောက်၊ အမှိုက်တွေ ဖွထားခဲ့တာ မြင်မကောင်းဘူး။ လက်တစ်ကမ်းတိုင်းမှာ အမှိုက်ပစ်စရာ အမှိုက်ပုံးတွေ ထောင်သောင်း ချီပြီး ချပေးလိုက်ရင်တော့ စည်းကမ်းမဲ့ပစ်တာ လျော့သွားမယ် ထင်တယ်။

လမ်းပေါ်တက်လိုက်ရင်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုက မမြင်ချင်မှ အဆုံးဆိုသလိုပဲ။ နိုင်ငံတကာမှာဆို အပြစ် အကြီးဆုံး ယာဉ်စည်းကမ်း ချိုးဖောက်မှုလို့ ပြောနိုင်တဲ့ အလွတ်ချိုးကွေ့ကြောထဲကနေ တည့်ကြောထဲကို မီးပွိုင့်နားကပ်မှ ဖြတ်ဝင်တာမျိုး၊ တည့်ကြောထဲဝင်ပြီး မီးပွိုင့်နား ရောက်မှ ကွေ့ဖို့အချက်ပြမီးနဲ့ ထိပ်က ပိတ်နေတာမျိုး၊ မီးဝါနဲ့ မီးနီကြား ဖြတ်မောင်းတာမျိုးတွေက နေ့တိုင်း၊ ရုံးဆင်း၊ ရုံးတက်ချိန်တိုင်း တွေ့နေရတယ်။

ယာဉ်ကြောပိတ်ဆို့မှုနဲ့အတူ ကားရပ်စရာ နေရာမရှိတဲ့အတွက် ဖြူနီကြားမှာရော၊ ဖြူနီကြား မဟုတ်တဲ့ နေရာတွေမှာပါ နှစ်ထပ်၊ သုံးထပ် ရပ်လာကြတာမျိုး၊ ကားပါကင်နေရာ လုရင်း တုတ်တစ်ပြက်၊ ဓားတစ်ပြက် ရန်ဖြစ်ကြတာမျိုး၊ မြို့လယ်က လမ်းကျဉ်းလေးတွေထဲမှာ ကားရပ်ပြီး ပစ္စည်း အတင်အချ လုပ်နေကြတဲ့အတွက် နောက်ကကားတွေ အချိန်အကုန်ခံပြီး စောင့်နေကြရတာမျိုးတွေက အရင်ထက် ပိုဆိုးလာတယ်။

ကားရပ်ဖို့ နေရာ အလုံအလောက် ဖန်တီးမပေးဘဲ မဖြစ်လို့ ကန့်သတ်ထားတဲ့ နေရာတွေမှာ ရပ်တဲ့ကားတွေ၊ နှစ်ထပ် သုံးထပ်ရပ်တဲ့ကားတွေကို ဆွဲကားနဲ့ ဆွဲပြီး ဒဏ်ရိုက်တာက ဆွဲတုန်း နာရီပိုင်း၊ မိနစ်ပိုင်းလောက်ပဲ မရပ်တာရှိမယ်။ ဆွဲတဲ့ကား ထွက်သွားတာနဲ့ ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားတယ်။ တကယ်တော့ အခပေး ကားပါကင် လုံလုံလောက်လောက် ဖန်တီးပေးပြီး အဲဒီနေရာတွေမှာ စည်းကမ်းတကျ ရပ်ခိုင်းတာမျိုး၊ မရပ်တော့မှ ပြင်းပြင်းထန်ထန် ဒဏ်ရိုက်တာမျိုးဆိုရင် ပိုကောင်းမယ်။

တကယ်တော့ ဒီပြဿနာ အားလုံးကို ဆန်းစစ်ကြည့်လိုက်ရင် ဆင်းရဲမွဲတေမှုနဲ့ စီမံခန့်ခွဲမှု အလွဲဆိုတဲ့ ရင်းမြစ် အကြောင်းအရင်းနှစ်ခုကို တွေ့ရမယ်။ ဆင်းရဲတဲ့အတွက် ဆာလောင်နေတဲ့ ဝမ်းဗိုက်ကို အာဟာရ ဖြည့်တင်းဖို့ ရုန်းကန်နေတဲ့ အချိန် များတယ်။ ဦးနှောက်နဲ့ နှလုံးသား ထက်မြက် သန်စွမ်းအောင် မြှင့်တင်ပေးမယ့် ဉာဏ်ပညာနဲ့ စိတ်အာဟာရ ဖြည့်တင်းဖို့ ပျက်ကွက်လာတယ်။ 

ဆင်းရဲတဲ့အတွက် အာဏာသုံးရပ်မှာ အကျင့်ပျက် ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ များလာပြီး နယ်ပယ် အရပ်ရပ်နဲ့ လူထု၊ လူတန်းစား အသီးသီးမှာလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်တဲ့ အမှုအခင်းတွေ၊ ဒုစရိုက်မှုတွေ များသထက် များလာတယ်။ 

တကယ်တော့ ဒီပြဿနာတွေ အားလုံးက အရင်စနစ်ဆိုးတုန်းက စည်းကမ်းမဲ့၊ ဥပဒေမဲ့ ဖြစ်ခဲ့တာတွေ၊ စည်းကမ်းကျော်၊ ဥပဒေကျော် ခွင့်ပြုခဲ့တာတွေရဲ့ အကျိုးဆက်လို့ ဆိုပေမယ့် ပြဿနာဖြစ်တိုင်း အရင်လူတွေချည်း အပြစ်ပုံချနေတာမျိုးကလည်း မသင့်တော်ပြန်ဘူး။

ကျွန်တော့်အမြင်အရပြောရရင် ဒီလို စည်းကမ်းနဲ့ ကျင့်ဝတ်ပိုင်းမှာ ပရမ်းပတာ ဖြစ်လုနီးနီး ဖြစ်နေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်တတ်ဖို့၊ စီမံခန့်ခွဲတတ်ဖို့ အရည်အချင်းရှိတဲ့ ဥပဒေပြုလွှတ်တော်နဲ့ အစိုးရတွေလိုတယ်။ ဝေဖန်၊ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိဖို့လိုမယ်။ အကြံပြု၊ ထောက်ပြတာတွေကို ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်တတ်ဖို့ လိုမယ်။ လုပ်သင့် လုပ်ထိုက်တာကို ရဲရဲတင်းတင်း၊ ပြတ်ပြတ်သားသား ဆုံးဖြတ်၊ လုပ်ကိုင်ဖို့ လိုမယ်။

အခြေခံပညာ မူလတန်း ပညာရေးကအစ အရပ်ဘက်၊ နိုင်ငံ့ဝန်ထမ်းဘက်၊ ရဲဘက်ရော၊ စစ်ဘက်စတဲ့ နယ်ပယ် အားလုံးမှာရှိတဲ့ အလယ်တန်း၊ အထက်တန်း၊ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းနေတဲ့ ကမ္ဘာကြီးရဲ့ အလျင်၊ ဒီမိုကရေစီ တန်ဖိုးနဲ့ လူမှုကျင့်ဝတ် စံနှုန်းတွေနဲ့ ညီညွတ်တဲ့ ခေတ်မီ သင်ရိုးညွှန်းတမ်းတွေအဖြစ် မွမ်းမံပြုပြင်ရမယ်။ 

အဲဒီလို အများကြိုက်နိုင်တာရော၊ အများ မကြိုက်နိုင်တာရော ဥပဒေနဲ့အညီ စီမံခန့်ခွဲဖို့အတွက် အနိမ့်ဆုံးအားဖြင့် ဥပဒေ၊ စည်းကမ်းနဲ့အညီ သူ့နေရာနဲ့သူ ထိုက်တန်ကျွမ်းကျင်၊ နားလည်၊ တတ်သိတဲ့ လူမှန်နေရာမှန် တာဝန်ပေးတတ်ဖို့၊ ဗဟို ချုပ်ကိုင်မှု လျှော့ပြီး အောက်ခြေ အဆင့်ဆင့်အလိုက် လုပ်ပိုင်ခွင့် လွှဲအပ်ထားဖို့ လိုတယ်။ ဒါတွေအားလုံးကို ချုပ်ပြီး ပြောရရင် လူအစားမူနဲ့ စီမံခန့်ခွဲဖို့ပဲ။

အယ်ဒီတာ (၄-၈-၂၀၁၈)

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၁ - ၄-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)