News

POST TYPE

OPINION

လာအိုရေကာတာ ကျိုးပေါက်ခြင်း
04-Aug-2018

(၁)

လာအိုနိုင်ငံတွင် တည်ဆောက်ဆဲရေကာတာကြီး မကျိုးပေါက်ခင်က ဤရေကာတာကြီး ကျိုးပေါက်တော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာများက သိကြပါသည်။ အင်ဂျင်နီယာတစ်ဦးကဆိုလျှင် မဖြစ်မီ သုံးရက်ကြို၍ ရေကာတာကျိုးပေါက်တော့မည်ဖြစ်ကြောင်း ကြိုတင်သိခဲ့ပါသည်။ ရေကာတာထိပ်တွင် မြေနိမ့်ဆင်းနေသည်မှာ ၄ လက်မခန့်ရှိကြောင်း သိခဲ့ပါသည်။ သို့ပါသော်လည်း ရေအောက်တွင်နေကြသော ကျေးရွာသူ၊ ကျေးရွာသားများ မသိခဲ့ကြပါ။ တကယ်က ဒလဟောကျဆင်းလာသော ရေတွေက ကျေးရွာများ၊ စိုက်ပျိုးခင်းများ၊ လူအများ၊ လူတို့ကျွေးမွေးထားသော တိရစ္ဆာန်များကို သိမ်းကျုံး ယူဆောင်သွားပါတော့သည်။

(၂)

ကုမ္ပဏီများက ရေကာတာကြီး ကျိုးပေါက်တော့မည်ဖြစ်ကြောင်း လာအိုအာဏာပိုင်များထံ သတင်းပို့ကြသည်ဟု ဆိုပါသည်။ အချို့သော ကျေးရွာများမှာ လူများရွှေ့ပြောင်းနေပြီဖြစ်ပါပြီ။ ယခုအချိန်အထိ လူ ၂၇ ဦး သေဆုံးပြီး လူများစွာမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ လူ ၆၀၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ ဇူလိုင်လ ၁၉ ရက်နေ့က ကမ္ဘောဒီးယားသတင်းဌာနက ကြေညာရာတွင် မြောက်ပိုင်း (Stung Treng) ဒေသမှ လူဦးရေ ၂၅၀,၀၀၀ ကျော်မှာ နေရာရွှေ့ပြောင်းပေးပြီးပါပြီ။

ယခုအခါ ကယ်ဆယ်ရေးလုပ်သားများက ကျန်သောလူများကို ကူညီနေကြရာ တစ်ပါတီစနစ်၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသော ဤအစိုးရအဖို့ ဤလုပ်ငန်းကို လုပ်ဆောင်နိုင်ခြင်းရှိမရှိ သံသယဝင်နေရပြီဖြစ်သည်။ ရေကာတာနှင့်ပတ်သက်၍ ဆောက်လုပ်သော တောင်ကိုရီးယားအပါအဝင် ကုမ္ပဏီတို့အနေနှင့် မည်မျှအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ပါဝင်နိုင်ခြင်းရှိမရှိ စဉ်းစားကြရမည်ဖြစ်သည်။ Xe-Pian, Xe-Namoy ပါဝါကုမ္ပဏီကို တောင်ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီနှင့် လာအိုနိုင်ငံမှ အစိုးရကုမ္ပဏီတို့ကိုစုပေါင်း၍ JV Joint Venture အဖြစ် ဖွဲ့စည်းထားသည်။ ထိုဂျေဗီမှ လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဆည်များစွာ တည်ဆောက်လျက်ရှိကြသည်။

လာအိုနိုင်ငံအစိုးရသတင်းဌာနက ကနဦးကြေညာရာတွင် ရေကုဗ မီတာ ၅ ဘီလီယံမျှ လွှမ်းမိုးခံရသည်ဟုဆိုသည်။ နောက်ပိုင်းတွင် တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်ကြေညာရာတွင် ဘီလီယံတစ်ဝက်မျှသာ ရှိပါတော့သည်။ ၁၇ ဒသမ ၁၇ ကုဗပေမျှသာရှိသည်။ ဤပမာဏသည်ပင် ရန်ကုန်တိုင်းတစ်တိုင်းလုံး ၂၈ ပေအနက်မျှအထိ ရေနစ်မြုပ်နိုင်သည်။ ကိုရီးယားကုမ္ပဏီ ၂ ခုကပေးသော ရီပို့မှာ ကွဲပြားခြားနားချက်များရှိနေသည်။ “သူတို့ ဘယ်အချိန်မှာ စ၍သိခဲ့ပါသလဲ၊ သို့မဟုတ် ရေကာတာကြီးပြိုကျသည်အထိ ဆိုးရွားသွားပုံကို ကြိုတင်သိရှိပါသလား” ဟူသော မေးခွန်းများ ရှိနေသည်။

ဇူလိုင်လ ၂၀ ရက်နေ့က ရေကာတာတွင် ချို့ယွင်းချက်များရှိနိုင်ကြောင်း၊ ရေကာတာထိပ်တွင် မြေသားပြိုဆင်းနေမှုမှာ ၄ လက်မခန့်ရှိကြောင်း၊ Water Power ခေါ် ကုမ္ပဏီက တောင်ကိုရီးယားပါလီမန်တွင် ဤအကြောင်းကို အစီရင်ခံစာတင်သွင်းခဲ့သည်။

အဆိုပါချို့ယွင်းချက်များမှာ ရေကာတာများတွင် ရှိတတ်မြဲဖြစ်ကြောင်း၊ အဆိုပါအချိန်က ရာသီဥတုဆိုးပုံမျိုးတွင် ပို၍ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထိုဖြစ်ရပ်ကို ဆက်လက်၍ စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

တနင်္ဂနွေနေ့ ၂၂ ရက်နေ့ရောက်သောအခါ မြေကြီးပြိုဆင်းနေသော နေရာ ၁၀ နေရာမျှတွေ့ခဲ့ရပြီး ထိုနေရာများကို ပြင်ဆင်ရန်အတွက် ပြင်ပကိရိယာများ လိုအပ်သောကြောင့် စောင့်ဆိုင်းခဲ့ရကြောင်းသိရသည်။ ထိုလိုအပ်သောပစ္စည်းများမှာ တနင်္လာနေ့ ညနေ (၂၃ ရက်) နေ့ ညနေခင်းဆိုသည်မှာ အလွန်နောက်ကျနေပြီဖြစ်သည်။

SK Engineering အဖွဲ့မှာ ဤရေကာတာဆောက်လုပ်ရေးတွင် တာဝန်ယူရသောအဖွဲ့ဖြစ်ပြီး အစီရင်ခံစာတွင် ရေကာတာ၏အပေါ်ပိုင်းမှာ ပြဿနာတက်တော့မည်ကို တနင်္ဂနွေနေ့ ၂၂ ရက် နံနက် ၉ နာရီတွင် သိရှိသည်ဟုဆိုသည်။

ကုမ္ပဏီက ထုတ်ပြန်ရာတွင် သူတို့သည် ရေကာတာမှ ချို့ယွင်းချက်ကို သိပြီးသည်နှင့်တစ်ပြိုင်နက် တာဝန်ရှိသူများကို အကြောင်းကြားပြီး အနီးဆုံးကျေးရွာများ ရွှေ့ပြောင်းရေးကိစ္စများကို အဆောတလျင် ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ထိုနယ်မှ ပို၍တာဝန်ရှိသော ပုဂ္ဂိုလ်များ (Provincial Government) ကို အကြောင်းကြားရန် ပျက်ကွက်ခဲ့ပြီးနောက် နောက်တစ်နေ့ နေ့လယ်ပိုင်းမှသာ အကြောင်းကြားနိုင်ခဲ့သည်။ ထိုအချိန်မှာ ရေကာတာကို ပြုပြင်မရနိုင်တော့ပေ။

တနင်္လာနေ့တွင် (Saddle Dam D) မှာ ရွာသွန်းသော မိုးရေကြောင့် အလွန်စိုးရိမ်ရသော အခြေအနေသို့ရောက်နေပြီး အောက်ခြေမှ ရွာများကို မြင့်ရာအရပ်သို့ ရွှေ့ပြောင်းပေးရန် သင့်လျော်သည်ဟု အကြံပြုထားသည်။

တနင်္လာနေ့ ညနေပိုင်းတွင် ရေကာတာမှ ရေပေါက်ကျမှုများမှာ ထိန်းမရတော့ဘဲ ပထမဆုံးရွာတွေမှာ ရေမြုပ်သွားပြီဖြစ်ကြောင်း အင်္ဂါနေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် သတင်းရရှိသည်။ တောင်ကိုရီးယားကုမ္ပဏီ နှစ်ခုစလုံးက သူတို့၏အစီရင်ခံစာတွင် ရေကာတာပျက်စီးရခြင်းအကြောင်းရင်းကို မိုး ဆိုးရွားစွာရွာမှုဟု ဖော်ပြခဲ့ကြသည်။

အချို့ ရေအားလျှပ်စစ်ပညာရှင်များကလည်း ရေကာတာကျိုးပေါက်ရခြင်းမှာ ရေကို လိုသည်ထက်ပို၍ လှောင်ထားခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ချို့ယွင်းချက်များကြောင့်ဟု ဆိုသည်။ ကြီးမားသော မိုးရွာသွန်းမှုကိုမူ ထိုနေရာများတွင် ယေဘုယျအားဖြင့် မျှော်လင့်ထားရမည်သာဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို ဆိုးရွားသော ရာသီဥတုကြောင့်ဟု အပြစ်ပုံချခြင်းမှာ သဘာဝမကျလှပေ။

ကုလသမဂ္ဂကမူ ဤရေကြီးခြင်းကြောင့် ရွာရှစ်ရွာမှာ ထိခိုက်ပျက်စီးရပြီး တကယ်ထိခိုက်ခံရသော လူများကမူ ထိခိုက်သောကျေးရွာများမှာ ၁၁ ရွာမျှ ရှိသည်ဟု ဆိုသည်။ အချို့သောကျေးရွာများမှာ လူသူအရောက်ပေါက်ခက်ခဲပြီး ယခုကဲ့သို့သောရာသီမျိုးတွင် ပို၍သွားလာရန် မဖြစ်နိုင်ဟု ဆိုသည်။ ယခုချိန်အထိ အကူအညီမပေးနိုင်သေးသောသူများ၊ အကူအညီပေးသူများနှင့် မတွေ့နိုင်သေးသောလူများ ရှိနေဦးမည် ဖြစ်သည်။

ဤကိစ္စဖြစ်ပြီး တံတား ၁၄ စင်းမှာ ကျိုးပဲ့ပျက်စီးသွားပြီဟု ကုလသမဂ္ဂကပြောသည်။ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရသော လူပုဂ္ဂိုလ်မှာ ၁၄၉၄ လောက်ရှိပြီဖြစ်သည်။ ထိုနေရာများသို့ ကယ်နိုင်ရန် ဟယ်လီကော်ပတာများ၊ လှေများဖြင့်သာ ရောက်နိုင်မည်ဖြစ်သည်။ ဤဒေသမှာ (Attapen Province) ကလေးငယ်များ အာဟာရအချို့တဲ့ဆုံးနေရာလည်းဖြစ်သည်။

အက်တာပန် (Attepen) မြို့မှ ၃ နာရီကျော် ကားမောင်းသွားရသော ဆိုးရွားသည့် နေရာများတွင် ၂၆ ရက်နေ့က စစ်တပ်မှပုဂ္ဂိုလ်များနှင့် အကူအညီပေးကြသောနိုင်ငံများစွာမှ မော်လန်တီးယားလုပ်သူများကို တွေ့ရမည်ဖြစ်သည်။ သူတို့သည် လှေငယ်ကလေးများစွာနှင့် ပျောက်ဆုံးသွားသူတို့၏ ရုပ်အလောင်းများကို ရှာဖွေနေကြခြင်းဖြစ်သည်။

အချို့သောသူများမှာ မိမိတို့အိမ်များရှိရာသို့ ပြန်လာနေကြပြီး ၎င်းတို့၏အိမ်များမှာ ရေနှင့်မျောပါသွားပြီဖြစ်ကြောင်း တွေ့ကြရသည်။

Unicef အကူအညီပေးရေး အဖွဲ့ခေါင်းဆောင်ကမှု သူတို့ အိမ်ထောင် ၁၅၀၀ အတွက် ဆပ်ပြာများ၊ ဂျာရီကင်း (JerryCan) များ အခြားလိုအပ် သောအထောက်အပံ့ပစ္စည်းများအတွက် အပြည့်အစုံရှိကြောင်း၊ သူ့အတွက် အရေးကြီးဆုံးပြဿနာမှာ ရေဘေးဒုက္ခသည်များသည် အများအားဖြင့် အလွန်ဝေးကွာသောအရပ်များ၌ နေထိုင်ကြသောသူများဖြစ်ကြောင့် သူတို့ကိုတွေ့ဖို့ရာပင် မလွယ်ကြောင်းပြောသည်။

အများအားဖြင့် ရွာပေါင်းများစွာတွင် သူတို့ကို သေစေလောက်သော အန္တရာယ်ကြုံနေရသည်ကို ကြိုတင်မသိရှိကြဟုဆိုသည်။ ၂၅ နှစ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးကမူ သူ့ကိုအနီးအနားရွာမှ မိတ်ဆွေတစ်ဦးက တယ်လီဖုန်းဖြင့် အကြောင်းကြားသဖြင့် ဘေးကင်းရာကိုရွှေ့ပြောင်းနိုင်ခဲ့ကြောင်း၊ အစိုးရက ကြေညာသည်ကို မသိရှိရကြောင်း ပြောပြပါသည်။

(၃)

ရေအားလျှပ်စစ်ကျွမ်းကျင်သူတို့က ရေကာတာတစ်ခု မတည်ဆောက်မီ စီးပွားရေး၊ ပတ်ဝန်းကျင်အရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်က ထောင့်စေ့အောင် ကြည့်ကြရသည်။ ၂ နှစ်၊ ၃ နှစ် စသည်ဖြင့် အချိန်ယူကြရသည်။ တက်သုတ်ရိုက်ဆုံးဖြတ်ပါက ရေကာတာများသည် လူတို့ကို လျှပ်စစ်ဓာတ်ရှာပေးသည့်နည်းတူ တဖြည်းဖြည်းနှင့် အန္တရာယ်ပေးမည့်အရာများဖြစ်ကြသည်။

ယခု လာအိုကိစ္စတွင် ဆည်များ၏အောက်၌ ငါးမွေးသူများရှိကြရာ ထိုငါးများ၏ (Eco System) ကို ဖျက်ဆီးရာရောက်သဖြင့် ထိုငါးများ အသက်မရှည်နိုင်၊ ငါးကိုသာ အဓိကပရိုတင်းအဖြစ် အားထားနေကြသူ များစွာရှိသည်။ ထိုသူများအဖို့ စားစရာပျောက်သွားဖြင်းဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Laos Dam builders were aware of trouble: Mike Ives: July 28 NewYork Times