News

POST TYPE

OPINION

သံသယမြစ်ကမ်းဘေး၌ ဖြည့်တွေးနေမိသော အတွေးများ
04-Aug-2018

(၁)

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းသူများမှာ သံသယစိတ် များတတ်၏တဲ့။ ဒါဆို မြန်မာတစ်ပြည်လုံး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းနေ ကြသူတွေချည်းဟု ပြောရတော့မည်လား။ 

ရင်ခုန်ရသောပင်လုံ

၁။ ဗိုလ်ချုပ်ဂွမ်မော်က ဦးသိန်းဇော်ကို လှမ်းနှုတ်ဆက်၏။ “သူနှင့် ဥပါယ်နှစ်မျဉ် ဇာတ်ကားရိုက်မလို့။ ဟိုလင်မယား မအားသေးတာနဲ့...”

၂။ “ငြိမ်းချမ်းရေးမှ မဟုတ်ပါဘူး။ အတော်များများ တရုတ်နဲ့ ပတ်သက်နေရမှာပါပဲ” (ဦးဉာဏ်ဝင်း)

၃။ “ဘယ်သူတွေက ငြိမ်းချမ်းရေးမလိုချင်ဘူးလဲဆိုတာ ပေါ်လွင်လာမှာပါ” (ဒေါ်အောင်ဆန်းစုကြည်)

၎။ “အားနည်းနေလို့ ငြိမ်းချမ်းရေးယူချင်တာမဟုတ်ဘူး” (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

၅။ “သိပ်တော့အားမရဘူး။ ကျားမတန်းတူရေးလောက်ကို ဆွေးနွေးနေရတာဆိုတော့လေ”...။

၆။ “ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ရှိနေမှာပါ”

၇။ “နိုင်ငံရေးသဘောတူညီချက် မရခဲ့တာတော့ မကောင်းပါဘူး”

တိုင်းပြည်တစ်ပြည်လုံး ရင်ခုန်သံတွေကြားမှာ ပေါ်ထွက်လာသည့် အသံတွေပါ။ ချိုးဖြူငှက်ကို အားနာသူက အားနာနေကြပြီး စကားတွေကြားမှာ ဝေဝါးကုန်တာတွေ ရှိသည်။ 

တချို့သူတွေရဲ့စကားက “ပင်လုံ” ၏ “ရင်ခုန်သံ” ကို အားပျော့သွား စေသည်။ တချို့သူတွေရဲ့စကားက အနှောင့်အသွားမလွတ်။ တချို့သူတွေရဲ့စကားက ငါ့စကား နွားရ။ ဒီလိုနဲ့ ပင်လုံအပေါ်မှာ သံသယတွေ တိုးဆင့်။ သက်ပြင်းတွေ တဖြန်းဖြန်းချကြ။ ကမ္ဘာ့ဖလားနဲ့ ရသေ့စိတ်ဖြေကြ။ လူမှုကွန်ရက်ပေါ်ကစကားလုံးတွေနဲ့ ရစ်ထွေးကြ။ လူမှုကွန်ရက်ပေါ်က ဆီလီကွန်အဝတ်အစားတွေနဲ့ မျက်ခုံးပင့်ကြ။ ရင်ခုန်လှိုက်မောကြ။ ပင်လုံ၏ ဆွဲဆောင်မှုလျော့သွားသည်က အသေအချာ။ ပင်လုံ၏ ညှို့ငင်အားကပျော့သွားသည်မှာ အသေအချာ။ သံသယသည် ယုံကြည်မှုကို လျော့ပါးစေ၏။ ယုံကြည်မလျော့ပါးသူမှာ “သံသယ” စိတ်ပိုပွားစေ၏။ ခက်ပြီ။ 

“ချိုးငှက်
သေနတ်ဒဏ်ရာနဲ့ ပြုံးလို့...။
ချိုးငှက်
တောင်ပံတချက်ရိုက်ခတ်ပြီး 
ကောင်းကင်ပေါ်ပျံတက်သွားတဲ့အခါ
သေနတ်ဟာ
သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးလို့”
(“တရား” - ကွန်စစ်ကောင်း)

သံသယမြစ်ကမ်းဘေးမှာ ကဗျာလေးနဲ့ဖြည့်တွေးလိုက်ရသည်။ သေနတ်ဟာ သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးလို့တဲ့။ သံသယတွေဟာ သံသယတွေ ထိမှန်လဲကျသေဆုံးရတော့မလား။ တခြားသောရင်ခုန်သံတွေကြားမှာ ပင်လုံက ခဏနားသွားခဲ့ချေပြီ။ သံသယတွေ ပြေငြိမ်းခဲ့ပြီလား။ ယုံကြည်မှုရာခိုင်နှုန်း ဘယ်လောက်တည်ဆောက်နိုင်ပါပြီလဲ။ သံလွင်ပင်ကတော့ သက်တမ်းအနှစ်တစ်ထောင် ရှည်ပါသည်တဲ့လေ။

(၂)

အမုန်းတွေ ပေးနေတယ်တဲ့လား

နေ့တိုင်းလို သံသယသံတွေ ကြားနေရပြန်သည်။ 

၁။ ဝစ်သောက်ကား (Without) တွေ ဖမ်းတဲ့ကိစ္စ

ပရဟိတအသင်းတွေရဲ့ လိုင်စင်မဲ့နေမှုကို ဘာကြောင့် လျစ်လျူမရှုနိုင်တာလဲ။ အ,ပါ့ NLD အစိုးရ။ အမုန်းတွေ တမင်ယူနေသည်လား။ တိတ်တိတ်လေး ဖမ်းပါရော့လား။ ဝစ်သောက်ကားတွေ၊ တကယ်လူမှုရေးလုပ်နေတဲ့ ပရဟိတကားတွေကို လက်တို့ပြီး တစ်ခုခုလုပ်ပေးလို့ မရပေဘူးလား။ 

ဒါ တမင်တကာ အစိုးရနဲ့ ပြည်သူ ရန်တိုက်ပေးတာ။ လုပ်ပိုင်ခွင့်ရှိနေတဲ့ အမြဲတမ်းအတွင်းဝန်လိုလူတွေက လုပ်နေတာ။ 

မဟုတ်ပါဘူးကွာ။ ဒါ အစိုးရကချတဲ့ ပေါ်လစီပါကွာ။ 

... ဒါနဲ့ပဲ သံသယတိုက်ပွဲတွေ နွှဲနေကြပုံ။ 

...ဘယ်သူလုပ်တာလဲ။ ကြေကွဲဖို့အသင့်။ ဝေဖန်ဖို့ရယ်ဒီ။ တန်းတူညီမျှရေးမတွေး။ သံသယနဲ့တွေး၊ သံသယနဲ့ပြော။ မမောနိုင်ကြ။ ကြားရ ကြားရ နားဝမချမ်းသာစရာများ။ 

သံသယမြစ်ကမ်းဘေး ငေးပြီးသာထိုင်နေမိပြန်သည်။ အမှန်အကန်လုပ်ကြပေါ့။ ပရဟိတဆိုတိုင်းလည်း ဥပဒေအထက် မနေချင်ကြနဲ့ပေါ့လေ။ တကယ်လုပ် တကယ်စေတနာထက်သန်သူတွေတော့ စိစစ်ပြီးကူညီပေးသင့်တာပေါ့။ ဖြည့်တွေးနေမိပြန်သည်။ ရင်ခုန်သံကတော့ မမှန်သေး။ 

၂။ ပညာရေးလောက အမိန့်စာများ၊ ညွှန်ကြားလွှာများကိစ္စ

ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို တိုင်းရုံးက အစည်းအဝေးခေါ်သည်တဲ့။ 

သင်ကြားရေးဆရာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းသည်တဲ့။ အားလုံးက မျှော်လင့်ကြသည်မှာ ဆရာဖြစ်လက်မှတ် (Green Card) ချပေးမှာပဲဟူ၍ဖြစ်သည်။ သို့သော် လက်တွေ့မှာ ထိုသို့မဟုတ်။ 

Green Card ရှိပြီးသောသူများကို မွမ်းမံသင်တန်းပေးရန်တဲ့။ အားလုံးမှင်တက်ကုန်၏။ အမိန့်စာနှင့်တလွဲ။ ညွှန်ကြားလွှာနှင့်တခြား။ ဆရာဖြစ်သင်တန်းလက်မှတ်ရှိသူတွေကို သင်တန်းပေးမည်ဆိုတော့ ဘယ်သူတွေက ဆရာလုပ်ကြမှာလဲ။ ဆရာဖြစ်သင်တန်းလက်မှတ်ရှိသူတွေဆိုတော့ တကယ့်ဝါရင့်ဆရာကြီးတွေ၊ ပညာကြီးဆရာကြီးတွေလည်း ပါဝင်နေပြီး သူတို့တစ်တွေကို မည်သူတွေက သင်ကြမည်လဲ။ 

အစည်းအဝေးတက်ရောက်ကြသူ ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေအားလုံး စိတ်ပျက်သွားကြသည်တဲ့။ ဆူညံသွားကြသည်တဲ့။ ပွက်လောရိုက်သွားကြသည်တဲ့။ Private ဆိုသောစကားလုံးနှင့်မကိုက်ညီဘဲ အာဏာရှင်ဆန်သော အမိန့်စာများ၊ ညွှန်ကြားလွှာများနှင့် ဆက်တိုက် ကြုံလာကြသောအခါ လက်ရှိအစိုးရအပေါ် သံသယဝင်လာကြ၏။ ဘာလဲ။ ဘယ်လဲ။ တမင်နှိပ်ကွပ်သည်လား။ ကြိုးနီစနစ် မပျောက်သေးတာလား။ ထုံးစံအတိုင်း အမြဲတမ်းအတွင်းဝန်ဆိုသူတွေကပဲ တမင်တကာ လုပ်နေကြသည်လား။ သံသယတွေ ဝင်လာကြပြန်သည်။ အစိုးရကို မုန်းအောင် လုပ်နေတာနေမှာတဲ့။ ပြောကြပြန်သည်။ 

မဟုတ်ဘူးဗျ။ ဒါ အစိုးရကိုယ်တိုင်ပေါ်လစီချလုပ်နေတာ သေချာတယ်။ လုပ်ရည်ကိုင်ရည်နည်းတဲ့သူတွေ ဦးဆောင်နေကြတာလေဗျာ။ 

သံသယလှိုင်းတို့၊ အရှိန်နှင့်အဟုန်နှင့် ရိုက်ခတ်နေကြပြန်သည်။ ကမ်းခြေသည် တစ်စတစ်စ ပဲ့ကြွေလို့။ ပုံပျက်လို့။ ယိုယွင်းလို့။ 

ပညာရေးဌာနကလည်း ပညာရေးဌာနပင်။ 

မရောင်ရာ ဆီလူး။ 

ဆရာတွေကို White Card တွေ၊ Green Card တွေနှင့် ခြိမ်းခြောက်လို့ခြိမ်းခြောက်။ “ရ” ထားတဲ့ဘွဲ့နဲ့ မကိုက်ညီတဲ့ဘာသာရပ်မသင်ရဘူး ပြောလို့ပြော။ တကယ်လည်းမဟုတ်။ လုပ်စားခေတ်က ဥပဒေကြီးအတိုင်း လုပ်နေတုန်း။ စစ်သည်။ ဆေးသည်။ ရစ်သည်။ မေးသည်။ အံ့ဖွယ်။ မူလတန်းဘယ်မှာနေသလဲ။ အထက်တန်း ဘယ်ကျောင်းထွက်လဲ။ နောက်ထပ် နာမည်ရှိသေးလား။ ဟား ဟား...။ မရောင်ရာဆီလူး။ ပြီးတော့ ထုတ်ပေးသည့် Green Card ထဲမှာ တွေ့ရာစာရေးမ ရေးခိုင်းထားသည့် နမော်နမဲ့အမှားတွေ ဗရပွနဲ့။ 

ကြည့်ဦး။ 

ဘွဲ့... M.A (Chemistry) ။ ကိုင်း...ဘယ့်နှယ်လုပ်မလဲ။ M.A (ဓာတု) တဲ့။ စစ်တုန်းက မိုးလားကဲလား။ ရေးတော့ M.A (ဓာတု) တဲ့။ ရစ်စရာမရှိ ရစ်။ ရစ်ပြီးတော့လည်း “အနှစ်” မရှိ။ အင်း...ဖြည့်တွေးစရာတောင် မရှိလောက်အောင် ဖြစ်ခဲ့ပြီဟု ပြောရချိမ့်မည်။ 

ပညာရေးလောကမှ ဆရာ ဆရာမကို မူးယစ်ရာဇာအလား စစ်ဆေးသည်ကတော့ ခေတ်မရှိသင့်တော့။ လက်ခံ၍ မရနိုင်တော့။ အမုန်းခွန်အား ပေးသနားပါလို့ အော်ရပေတော့အံ့။ 

ဘယ်သူ့ကို မုန်းရမည်လဲ။ 

ဖြေတွေးနဲ့ပဲ နေကြရဦးမှာလား။ 

ဖြည့်တွေးနဲ့ပဲ ရင်ဆိုင်နေကြရဦးမှာလား။ 

သံသယမြစ်ကမ်းနံဘေးမှာ တွေဝေရင်း ငေးနေကြရဦးမှာလား။ တချို့ကတော့ပြောသည်။ လက်ကျန်ငမိုက်သားတွေအတွက် သည်းခံဦး ဆိုလား။ ၂၀၂၀ အပြုတ်တိုက်ကြစို့ဆိုလား။ ဘာကိုယုံရမည်မသိ။ တွေတွေ ဝေဝေပင်။ 

သံသယကြောင့်ပင် အသက်ရှည်ရဦးမလား

အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးရဲ့ အသက်ရှည်ရခြင်းအကြောင်းရင်းကို အများကမေးကြတော့ အဘိုးက ပြုံးပြုံးကြီးဖြေပါတယ်တဲ့။ 

“ငါ့မိန်းမနဲ့ငါနဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်က လက်ထပ်ချိန်မှာ ကတိသစ္စာတစ်ခု ပြုခဲ့ကြတယ်။ သူနဲငါ့ကြား အမှားတစ်ခုခုလုပ်မိရင် လုပ်မိသူက မှားမှန်းသိသွားတဲ့အခါ အိမ်ပြင်ထွက်ပြီး ငါးကီလိုမီတာ လမ်းလျှောက်ရတယ်”

“၇၅ နှစ်အတွင်းမှာ ခဏခဏထွက်လမ်းလျှောက်ရတော့ ကျန်းမာတာပေါ့ကွာ” လို့ အဘိုးကဖြေတော့ လူအုပ်ကြားက လူတစ်ယောက်က “အဘွားလည်း ပိန်ပိန်ပါးပါးနဲ့ ကျန်းမာသန်စွမ်းနေတာပဲ မဟုတ်လား” လို့ ပြောတယ်။

အဲဒီတော့ အဘိုးဖြစ်သူက ပြုံးစေ့စေ့နဲ့ပြန်ဖြေတာကတော့ ဒီလိုပါ။ 

“အေး... ငါမှားတိုင်း ငါးကီလိုမီတာ တကယ်လျှောက်မလျှောက် နောက်ကနေ လိုက်ချောင်းရင်းနဲ့ မင်းတို့အဘွားလည်း ကျန်းမာနေတာပေါ့ကွာတဲ့”

ကိုင်း...။ 

အပြစ်ရှိသူတွေ လမ်းဆုံးအောင်လျှောက်မလျှောက် သံသယနဲ့ လိုက်ချောင်းရင်းနဲ့ပဲ ကျွန်တော်တို့တိုင်းပြည်ကလူတွေတော့ ကျန်းမာသက်ရှည်နေကြဦးတော့မှာပါပဲ။ 

အင်း...

ဒီလိုပဲ...

ဖြည့်တွေးရင်း ကျေနပ်လိုက်ရသည်ပေါ့။ 

မျိုးသည်မင်း