News

POST TYPE

OPINION

တရားဥပဒေစိုးမိုးရေးနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ တရားစီရင်ရေး
01-Aug-2018 tagged as တရားဥပဒေ

“ပြည်သူအချင်းချင်း ကျေအေးခွင့်၊ ရုပ်သိမ်းခွင့်မရှိသော လူသေဆုံးမှုဖြစ်စဉ်၌ နိုင်ငံတော်သည် တရားလိုဖြစ်ခြင်းကြောင့် တရားစီရင်ရေးစနစ်သည် ပြည်သူများကြားစံပြဖြစ်အောင် စစ်ဆေးဆုံးဖြတ်သင့်သည်” ဆိုတဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက စကားဟာ ဘယ်အရာကိုရည်ညွှန်းပြီး ပြောလိုက်သလဲဆိုတာ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ သမ္မတပြောခဲ့တဲ့ ပြည်သူနဲ့နိုင်ငံတော်ဖြစ်တဲ့အမှုဆို တာက ဥပဒေအရပြောရရင် ရာဇဝတ်မှုတွေအားလုံးကိုရည်ရွယ်ပြီးပြော ခဲ့တာပါ။ ရာဇသတ်ကြီး (Criminal Law) ထဲမှာပါဝင်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ ရိုက်မှု၊ လူသတ်၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ အနုကြမ်းစီးမှု၊ ပုန် ကန်မှု၊ ပြည်သူပိုင်ပစ္စည်းခိုးယူမှု အများပြည်သူငြိမ်းချမ်းသာယာမှုကို ထိခိုက်စေတဲ့ပြစ်မှုတွေနဲ့ဆိုင်တဲ့ ပုဒ်မအားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံရယ်လို့ဖြစ်တည်နေပြီဆိုရင် အုပ်ချုပ်တဲ့အစိုးရအနေနဲ့ သူ့တိုင်း ပြည်အတွင်းမှာ ဆူပူသောင်းကျန်းတိုက်ခိုက်ပြီး မငြိမ်မသက်အောင် ၊ပြည်သူတွေ ကျီးလန့်စာစား စားနေရအောင်၊ ပြည်သူတွေ အိပ်ကောင်းခြင်း မအိပ်ရ၊ မစားရ၊ မသွားရဘဲ ဒီသူခိုးကြမ်းပိုးတွေ၊ ဓားပြတွေ၊ လမ်းသူရဲတွေ၊ ခါးပိုက်နှိုက်တွေရဲ့ရန်ကလွတ်အောင် အစိုးရက ဆောင်ရွက်ပေးကြရတဲ့ ဓမ္မတာဟာ ဟိုးရှေးပဝေသဏီကတည်းက ဖြစ်တည်လာခဲ့ပါတယ်။

ဒီရန်တွေက အေးအောင်လည်း အစိုးရက စစ်တပ်တွေဖွဲ့၊ ရဲတွေဖွဲ့ပြီး ဥပဒေတွေပြဋ္ဌာန်းပြီး ကာကွယ်ပေးထားကြရပါတယ်။ ပြည်သူတွေအကြားမှာ ဖြစ်ပွားလာပြီဆိုရင်လည်း ဘယ်သူကပဲ မတိုင်တိုင်တိုင်၊ တိုင်တိုင်တိုင် သူတို့ကိုပေးအပ်ထားတဲ့ အခွင့်အာဏာအရ သွားရောက်ဖမ်းဆီးပြီး တရားရုံးကို တင်ပို့ကြရတာ ထုံးစံတစ်ရပ်ပါပဲ။ ဒီလိုတွေလုပ်နိုင်ဖို့လည်း ရဲတပ်ဖွဲ့မှာဆိုရင် အောက်ခြေအဆင့်ရဲ တပ်သားလေးကိုတောင် လူသတ် ဓားပြတိုက်၊ ရာဇဝတ်မှုကျူးလွန်သူ မည်သူကိုမဆို ပြစ်မှုထင်ရှားပြီဆိုရင် ဖမ်းဆီးပိုင်ခွင့်ကို နိုင်ငံတော်သမ္မတ၊ ရှင်ဘုရင်လုပ်သူတွေက အပ်နှင်းထားပေးသလို တပ်မတော်ထဲမှာဆိုရင်လည်း အများပြည်သူကို ဒုက္ခလာပေးမယ့် ရန်သူတစ်ယောက်ကို ရဲဘော်လေးက ပစ်သတ်ပိုင်ခွင့် အပ်နှင်းထားကြလေ့ ရှိပါတယ်။ ဒီလိုမှ အာဏာမအပ်နှင်းဘူး၊ မဖမ်းဆီး တရားမစွဲ ထောင်မချဘူးဆိုရင် နိုင်ငံအတွင်းမှာ တရားဥပဒေမဲ့တွေများလာပြီး ဘယ်လို ငြိမ်းချမ်းမလဲ၊ လမ်းသရဲကြီးတော့ ခါးပိုက်နှိုက်၊ ခါးပိုက်နှိုက်ကြီးတော့ သူခိုး၊ သူခိုးကြီးတော့ဓားပြ၊ ဓားပြကြီးတော့ သူပုန်အဖြစ်တွေနဲ့ အစိုးရကို ပြန်အန်တုလို့ သူ့လက်ထဲကအာဏာကို ယှဉ်ပြိုင်လုယူသွားကြမှာလည်း အမှန်ပါပဲ။ 

ဒီအတွက် ဒီလိုရာဇဝတ်မှုတွေ ဖြစ်လာပြီဆိုရင် အထက်ဆုံးမှာ သမ္မတပြောသလို သူတို့ပြည်သူအချင်းချင်း ကျေနပ်ကြတယ်၊ ကျေအေးကြတယ်ဆိုရုံနဲ့ မပြီးဆုံးပဲ၊ အဲ့ဒီလို ကျူးလွန်တဲ့တရားခံတွေကို တရားရေး တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံတော်တရားဥပဒေစိုးမိုးရေးအရာရှိ (Law enforcement officer) တွေဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ ပြည်ထဲရေးလက်အောက်က ရဲတွေက ကနဦးဖမ်းဆီးတာ၊ စစ်ဆေးချက်ရယူတာ၊ ချုပ်နှောင်သော့ခတ်ကြိုးတပ်ပြီး တရားရုံးကိုအစောင့်အရှောက်တွေနဲ့ တင်ပို့ကြရတာ၊ ဆေးစစ်ချက်တွေ၊ သက်သေခံချက်တွေ၊ ဓာတုဗေဒစစ်ဆေးချက်တွေ၊ အတုအစစ် ခွဲခြားစစ်ဆေးချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်က ဆရာဝန်တွေက စစ်ဆေးပေးကြရတာ၊ နောက် သစ်တောကြိုးဝိုင်းအတွင်းက ပြည်သူပိုင်သစ်တွေကို ခိုးကြတဲ့အမှုတွေမှာလည်း သစ်တောဌာနကဝန်ထမ်းတွေက အစိုးရသက်သေလုပ်ပေးကြရတာ၊ ဒါ့အပြင် အခြားဝန်ကြီးဌာနပေါင်းစုံနဲ့သက်ဆိုင်တဲ့ ရာဇဝတ်မှုတွေ မှာလည်း အလားတူဌာနတွေကပါ ပါဝင်ပူးပေါင်းပြီး အစိုးရသက်သေအဖြစ် တရားရုံးအထိ သက်သေခံပြီး လိုက်လံထွက်ဆိုပေးကြရတာ၊ ဒါ့အပြင် အစိုးရရဲ့ ဥပဒေအကြံပေး၊ အကျိုးဆောင်ပြည်ထောင်စုရှေ့နေချုပ်ရုံးလက်အောက်က ဥပဒေအရာရှိဝန်ထမ်းတွေကလည်း ဒီအပေါ်ရာဇသတ်ကြီးထဲက ဆိုင်ရာပုဒ်မကို ကျူးလွန်တဲ့ အကြီးအလေးအပေါ်မှာ ဆွဲယူ ပုဒ်မတပ်၊ ဥပဒေဆိုင်ရာအကြံပြုချက်ပေးလို့ တရားလွှတ်တော်ချုပ်ရုံး အောက်က တရားရေးဝန်ထမ်းဖြစ်တဲ့ ဆိုင်ရာခရိုင်၊ မြို့နယ်တရားသူကြီးထံကို သက်သေသက္ကာယအစုံအလင်နဲ့ တရားခံကိုပါ ပူးတွဲပြီးတင်သွင်းကြရတာ။ ဒါကိုကြည့်ရင်ပဲ တရားစီရင်ရေးမဏ္ဍိုင်အတွင်းမှာ တရားလွှတ် တော်ချုပ်ရုံးနဲ့ သူ့လက်အောက်က တရားသူကြီးတွေတင်မကပဲ အုပ်ချုပ်ရေးယန္တရားလက်အောက်က ဌာနဆိုင်ရာအားလုံးကပါ ပါဝင်နေတာ မြင်တွေ့ကြရမှာပါပဲ။

ဒီအတွက် တရားရေးမဏ္ဍိုင်လို့ ပြောလိုက်ပြီဆိုရင် နိုင်ငံ့ဝန်ထမ်းအားလုံးနဲ့ကို သက်ဆိုင်နေလေ့ရှိတတ်တာကို သတိချပ်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေပြုရေးမဏ္ဍိုင်ကလည်း ချန်ထားလို့မရပါဘူး။ သူ့ထံက ပြုစုလိုက်တဲ့ဥပဒေတွေအထဲမှာ ဘယ်သို့သောပြဋ္ဌာန်းချက်တွေဟာ မြေပြင်မှာ သဟဇာတမဖြစ်သလဲ၊ ဘယ်အချက်ကို ပြင်ဆင်ဖြည့်စွက်သင့် သလဲဆိုတာကိုလည်း စောင့်ကြည့်လေ့လာပြင်ဆင်ပေးကြရသလို အဲ့ဒီ အုပ်ချုပ်ရေးဌာနတွေ၊ တရားရေးဌာနတွေ ယိုင်နဲ့နေပြီဆိုရင်လည်း သူက ထိန်းကျောင်းပေးနိုင်ရပါမယ်။ ဒီအတွက် သူ့ကို နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးတွေ၊ တရားသူကြီးတွေကို စွဲချက်တင်နိုင်တဲ့ အထူးအခွင့်အာဏာ (Impeachment) ပေးအပ်ထားတာကိုလည်း မြင်ကြရမှာပါ။ ဒီအတွက် တရားစီရင်ရေးအားနည်းနေပြီ၊ ယိုင်နဲ့နေပြီဆိုရင်တော့ အစိုးရတစ်ရပ်လို့ခေါ်တဲ့ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့ သုံးဖွဲ့စလုံးမှာ တာဝန်ရှိလာနေတာဖြစ်ပါတယ်ဆိုတာ အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို ကြည့်ရင် မြင်နိုင်ကြမယ်ထင်ပါတယ်။

ဒီလိုလုပ်တာဟာ အသတ်ခံရသူမိသားစု၊ ကျန်ရစ်ခဲ့သူ ညီအစ်ကို မောင်နှမ၊ ဇနီးလင်ယောကျာ်းမယားက ခိုင်းလို့မဟုတ်သလို နိုင်ငံတော်အစိုးရအနေနဲ့သာ နိုင်ငံ့ဘဏ္ဍာစားထားကြတဲ့ တရားရေးဝန်ထမ်းတွေရဲ့ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်က ပေးထားတဲ့တာဝန်နဲ့ဝတ္တရား Code Of Conduct တွေ၊ COE လို့ခေါ်တဲ့ ဝန်ထမ်းတွေလိုက်နာစောင့်ထိန်းကြရမယ့် ကျင့်ဝတ် Code Of Ethic တွေအရ ကျေပွန်အောင် ဦးလည်မသုန်ထမ်းဆောင်ကြရခြင်းသာ ဖြစ်တယ်ဆိုတာလည်း အမှန်အတိုင်းပဲပြောရမှာပါပဲ။

ဒီလိုလုပ်တဲ့နေရာမှာလည်း ဘယ်အဆင့်ကို ဘယ်လိုဆောင်ရွက်ရမယ်၊ တရားခံကို ဘယ်လိုစုံစမ်းဖော်ထုတ်စစ်ဆေးရမယ်၊ အမှုတွဲကို ဘယ်လိုတည်ဆောက်ရမယ်၊ နှုတ်သက်သေခံချက်နဲ့စာရွက်စာတမ်းသက်သေခံချက်များ (Oral and Document) ကို ဘယ်လိုယူရမလဲ၊ ကျန်းမာရေးနဲ့ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်တွေကို ဘယ်လိုယူရမလဲ၊ ဥပဒေအရာရှိဖြစ်သူက ဘယ်လိုအကြံပေးရမလဲ၊ တရားသူကြီးက ဘယ်လိုပြစ်မှုစီရင်ရမလဲဆိုတာတွေကိုလည်း ရာဇဝတ်ဆိုင်ရာ ကျင့်ထုံး ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ (Criminal Law and Procedure) ထဲမှာ အသေအချာစုံစုံလင်လင် ပါရှိပြဋ္ဌာန်းထားပြီး အဲ့ဒီအထဲကအတိုင်းပဲ တစ်သဝေမတိမ်း လိုက်နာပြုကျင့်ကြရိုးထုံးစံ ရှိပါတယ်။

အခု အပြင်မှာ အချို့က ပြောနေကြသလို တရားလိုဘက်က ကျေအေးလို့ပဲဖြစ်ဖြစ်၊ ပုဒ်မမတပ်၊ စွဲချက်မတင်ခင်မှာ အဲ့ဒီရာဇဝတ်ကျင့်ထုံးဥပဒေထဲက ပုဒ်မ ၄၉၄ (က) အရ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်ရုံးတရားသူကြီးက မှားယွင်းဆုံးဖြတ်မိလို့ပဲဖြစ်ဖြစ် ရုပ်သိမ်းခဲ့ရင်တောင် ဒီလို လူသတ်မှု ပုဒ်မ ၃၀၂ တို့ မုဒိမ်းမှုတို့ဆိုရင် အစိုးရရှေ့နေကတောင် သူတို့ထက်ကြီးတဲ့ ပြည်ထောင်စုတရားလွှတ်တော်အထိ အဆင့်ဆင့်အယူခံ ပြင်ဆင်တက်ကြရမှာ ထုံးစံပါပဲ။

အခုတော့ အစိုးရရှေ့နေလုပ်တဲ့သူက တင်ပြလို့ တရားသူကြီးကလည်း ခွင့်ပြုလိုက်တယ်ဆိုတဲ့ကိစ္စဟာ လက်ရှိနိုင်ငံ့တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေကြတဲ့တရားရေးဝန်ထမ်းတွေအပေါ် များစွာ ဂယက်ရိုက်စေခဲ့သလို တရားဥပဒေစိုးမိုးရေးမှာ နဂိုကတည်းကမှ အားနည်းယိုင်ချည့်နေတဲ့အကြားက အခုဆိုရင်လူထုအကြားမှာ စိုးရိမ်သောကပွားစရာတွေ အတော်များလာခဲ့ပါပြီ။ နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေတဲ့၊ တည်ဆဲဥပဒေတွေကို မလိုက်နာဘဲ ရာဇဝတ်မှုကျူးလွန်ကြတဲ့ တရားခံတွေကို ပြည်သူ့ရဲတွေကဖမ်းဆီးပြီး နိုင်ငံတော်အစိုးရဘက်က အစိုးရရှေ့နေတွေက တရားစွဲဆိုပြီး တရားသူကြီးတွေက အပြစ်ပေးအမိန့်ချ ထောင်ချအပြစ်ပေးကြရမယ့်အစား အခုတော့ လူသတ်မှုလိုအမှုမျိုးကိုတောင် ကျေအေးကြလို့ ရုပ်သိမ်းခွင့်ပြုခဲ့တယ် ဆိုတဲ့ကိစ္စဟာ အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။

ဒီအတွက် နိဂုံးချုပ်ရရင် တရားဥပဒေစိုးမိုးမှုလျော့ရဲလာတာဟာ တရားစီရင်ရေးကဏ္ဍရဲ့ ဆောင်ရွက်မှုတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တရားစီရင်ရေးဆောင်ရွက်တဲ့နေရာမှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဂယ်ပေါက်ထွက်ပေါက်ရှာတာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းချက်တစ်ခု ပုဒ်မတစ်ခုကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး အသုံးချတာ၊ အဂတိတရားကို အလွန်နှစ်သက်ပြီး တရားခံ၊ တရားလို နှစ်ဖက်ထံက လာဘ်လာဘ ရယူတာဟာ ယနေ့ခေတ်အချိန်အခါမှာတော့ အလွန်ကို စက်ဆုပ်ဖွယ်ရာ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ 

တရားရေးဝန်ထမ်းတွေအနေနဲ့ မိမိတို့ကိုယ်ကိုယ် မင်းခစား၊ ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့ဘဏ္ဍာကို စားနေတဲ့သူ၊ နိုင်ငံတော်က ကျောင်းတွေမှာ ဥပဒေပညာသင်ယူခဲ့ရသူ၊ နိုင်ငံတော်က အလုပ်အကိုင်ပေးထားသူတွေအဖြစ်ခံယူတတ်ကြပြီး ကိုယ်စီကိုယ်စီလိုက်နာကြရမယ့် နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေတွေ၊ တရားစီရင်ရေးနယ်ပယ်မှာကျင့်သုံးရမယ့် ရာဇသတ်ကြီးနဲ့ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားမမှုဆိုင်ရာ ကျင့်ထုံး၊ ဓမ္မသတ်၊ ရာဇသတ်တွေကို လေးစားလိုက်နာပြီး ပြည်သူ့မျက်နှာနဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေ ဖြစ်ကြစေချင်ပါပြီ။ ခေတ်ဟောင်းစနစ်ဟောင်းက မည်သို့ပင်ဖြစ်ခဲ့၊ ဖြစ်ခဲ့၊ ယနေ့ခေတ်အချိန်အခါမှာ စိတ်ကောင်းနှလုံးကောင်းမွေးမြူပြီး ပြည်သူတွေကို မျက်နှာမူပြီး အလုပ်အကျွေးပြုကြစေချင်ပါပြီ။ တရားစီရင်ရေးယိုင်နဲ့နေပြီ၊ တရားစီရင်ရေးမဏ္ဍိုင် ပြိုလဲနေပြီဆိုတဲ့အပေါ်မှာလည်း တရားလွှတ်တော်ချုပ်အောက်က တရားသူကြီးတွေအပေါ်မှာတင် သက်ရောက်နေတယ်လို့ မခံယူကြဘဲ နိုင်ငံတော်သမ္မတကစပြီး သူ့လက်အောက်က ဌာနဆိုင်ရာအားလုံး၊ လွှတ်တော်ပါအပါ ကိုယ်စားလှယ်တွေအားလုံး၊ ဝန်ကြီးဝန်လေးတွေကပါ ဒီစကားလုံးအပေါ် ကိုယ်နဲ့မသက်ဆိုင်သလို မနေကြဘဲ (အထက်မှာပြောသလို ဌာနအားလုံးနဲ့သက်ဆိုင်နေပါတယ်) မိမိတို့နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ဝိုင်းဝန်းမြှင့်တင်ကြဖို့ လိုလာပြီဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ