News

POST TYPE

OPINION

စာပေလည်းတုံး လူမျိုးလည်း တုံးပါတော့မယ်
01-Aug-2018


အခုအခါမှာ အင်တာနက်ရာစုနှစ်ထဲကို တဖြည်းဖြည်း တော်တော် ခရီးပေါက်လာပြီဖြစ်တာနဲ့အညီ ပုံနှိပ်မီဒီယာတို့ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေတာကို သတိထားမိကြမယ်လို့ ယူဆပါတယ်။ လူတွေရဲ့ သတင်းအချက်အလက်ရယူခြင်း၊ စာဖတ်ခြင်း၊ လေ့လာသင်ယူခြင်းဆိုင်ရာ အလေ့အထတွေဟာ အိုင်တီနည်းပညာရဲ့ အတင်းအကျပ်ဆွဲခေါ်ရာနောက်ကို လိုက်ချင်သည်ဖြစ်စေ၊ မလိုက်ချင်သည်ဖြစ်စေ တရွတ်တိုက်ပါနေပြီဖြစ်ပြီးတော့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတစ်ခုလုံးဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ဘယ်တော့များ ပျောက်ကွယ်သွားတော့မလဲလို့ စိုးရိမ်တကြီးနဲ့ ပူပန်မှုတွေဟာ ကျယ်ပြန့်လာနေပါပြီ။ တစ်ချိန်ချိန်မှာ စာအုပ်တွေ၊ သတင်းစာတွေ၊ တခြားသော ပုံနှိပ်မှတ်တမ်းတွေအားလုံးကို ပြတိုက်တွေမှာပဲ သွားရောက်ကြည့်ရှုလေ့လာရတော့မှာလားဆိုတဲ့အတွေးမျိုးက တဖြည်းဖြည်း ကျယ်ပြန့်လာနေပါပြီ။

ဒါဟာ ချဲ့ကားပြောဆိုမှုသက်သက် ဒါမှမဟုတ် အတွေးခေါင်မှုသက်သက်ပဲလို့ ကန့်ကွက်ပြောဆိုမှုများ ရှိနေသေးပေမယ့် ဒီလိုကန့်ကွက်ပြောဆိုမှုတွေဟာ အင်အားနည်းလာနေပါပြီ။ နည်းပညာကမ္ဘာကြီးရဲ့ ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှုဟာ ကြောက်ခမန်းလိလိ လျင်မြန်လွန်းတာကြောင့် အရာခပ်သိမ်းဟာ တစ်မုဟုတ်ချင်းပေါ်လာပြီး တစ်မုဟုတ်ချင်းပဲ ခေတ်တုံးပျောက်ကွယ်သွားတော့မယ့် ဆယ်စုနှစ်တွေကို မကြာမတင်မှာပဲ လူသားတွေ ကြုံတွေ့ရနိုင်ပါတယ်။

အထူးသဖြင့်တော့ တယ်လီဖုန်းစကရင်တွေ၊ ကွန်ပျူတာစကရင်တွေပေါ်ကနေ သတင်းအချက်အလက်တွေ၊ ရသမျိုးစုံတွေနဲ့ ပညာဗဟုသုတတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ရရှိခြင်းဆိုတဲ့ ဖြစ်ပေါ်တိုးတက်မှုကြီးက ကမ္ဘာအနှံ့ ကျယ်ပြန့်ကြီးထွားလာနေတာကြောင့် လူတို့ရဲ့ စာဖတ်ခြင်းဆိုင်ရာ အမူအကျင့်များက လုံးဝပြောင်းလဲသွားတော့မယ်လို့ ယူဆပြောဆိုနေမှုများကို ချဲ့ကားတယ်၊ အစိုးရိမ်လွန်တယ်လို့ပြောဖို့ တော်တော်ပဲ ခက်ခဲပါတယ်။ နည်းပညာတွေ ဘယ်လောက်မြင့်မားလာပါစေ၊ သတင်းအချက်အလက်တွေ ဘယ်လောက်မြန်ဆန်ပါစေ စာအုပ်စာပေများ သတင်းစာ ဂျာနယ်များရဲ့ သတင်းအချက်အလက်ပေးပုံ၊ ပညာဗဟုသုတဖြန့်ဝေပုံက နည်းပညာများက မယှဉ်နိုင်တဲ့ တန်ဖိုးတစ်ခုရှိနေတာ အမှန်ပါ။ ဒါကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့အဖွဲ့အစည်းများမှာဆိုရင် နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်ပါစေ စာအုပ်တွေ၊ သတင်းစာတွေ၊ စာစောင်တွေကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီးတော့ ဖတ်ရှုနေကြဆဲဖြစ်နေရတာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် တော်တော်များများက အိမ်တစ်လုံးဆောက်တဲ့အခါ စာကြည့်ခန်းဆိုပြီး သပ်သပ်မပါမဖြစ်ထည့်တတ်ကြပါတယ်။ အဲဒီအခန်းမှာ ကောင်းနိုးရာရာ စာအုပ်စာပေများကို သိုမှီးသိမ်းဆည်းထားမယ်၊ အဲဒီအခန်းထဲမှာ အေးအေးလူလူ စာပေတွေကို ဖတ်မှတ်လေ့လာမယ် စသဖြင့် ရည်ရွယ်ပြီး ဒီလိုစာကြည့်ခန်းကို အိမ်တွေမှာ သေသေချာချာ ကျကျနန ထည့်သွင်းတည်ဆောက်ကြတာပါပဲ။

အရှေ့တိုင်းက အင်မတန်မှ ချမ်းသာကြွယ်ဝပြီး တိုးတက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံမှာဆိုရင် စာအုပ်တွေကို အခုအချိန်ထိ စောင်ရေသန်းနဲ့ချီ ရိုက်နှိပ်ဖြန့်ချိနေကြတုန်းပါ။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် နည်းပညာတွေ ဘယ်လိုပဲတိုးတက်တိုးတက် ဘယ်လောက်ပဲ လွယ်ကူမြန်ဆန်မြန်ဆန် ဖွံ့ဖြိုးပြီးသား လူ့အဖွဲ့အစည်းကလူတွေဟာ ပုံနှိပ်ထားတဲ့ စာအုပ်စာပေများကို လွန်စွာမှတန်ဖိုးထားပြီး တမြတ်တနိုး ဖတ်ရှုကြဆဲဖြစ်ပြီးတော့ အဲသလို စာပေကို လေးလေးစားစား တန်ဖိုးထားဖတ်ရှုလေ့လာကြတဲ့ ဓလေ့ကလည်း လူ့အဖွဲ့အစည်းတွေ ပိုမိုတိုးတက်ဖို့၊ ပိုမိုစည်းကမ်းရှိဖို့၊ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်ဝပြည့်စုံတဲ့ လူ့ဘောင်အဖြစ် ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ များစွာမှ အထောက်အပံ့ဖြစ်နေတယ်ဆိုတာကို သက်သေအခိုင်အမာပြနေတာဖြစ်ပါတယ်။

အင်မတန်မှ ဆင်းရဲနိမ့်ကျတဲ့ လူ့အဖွဲ့အစည်းတွေကို ပြန်လေ့လာကြည့်ရင်လည်း အဲသလိုစာပေကို တန်ဖိုးထားဖတ်ရှုတဲ့ အလေ့အထတွေမရှိတော့ခြင်း ဒါမှမဟုတ် တစ်စတစ်စ လျော့နည်းလာခြင်းဆိုတဲ့ အနေအထားကို တွေ့မြင်ရမယ်ဖြစ်ပါတယ်။ စာအုပ်စာပေများ မှေးမှိန်လာခြင်းဟာ ဆင်းရဲမွဲတေလာခြင်းနဲ့ ပြိုင်တူဖြစ်ပေါ်နေတယ်ဆိုတာကို သတိပြုမိသူ အင်မတန်မှနည်းသလို ဒီကိစ္စကို စိုးရိမ်ထိတ်လန့်ရကောင်းမှန်းလည်း မသိကြပါဘူး။ ဒါနဲ့ပဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ လုံးပါးပါးပြီးတော့ လူစဉ်မမီဖြစ်လာရပါတော့တယ်။

အခုရာစုသစ်ကာလမှာ စာပေကို အလေးထားဖတ်ရှုခြင်းဓလေ့ရှိရင်တောင်မှ နည်းပညာရဲ့ ထိုးနှက်မှုဒဏ်ကို တော်တော်တန်တန်နဲ့ ကြံ့ကြံ့ခံနိုင်ဖို့မလွယ်လှပါဘူး။ စောစောကပြောသလိုပဲ မကြာမတင်သော ဆယ်စုနှစ်တွေမှာ စာအုပ်စာပေဆိုတာတွေ လုံးဝကွယ်ပျောက်သွားနိုင်တယ်ဆိုတဲ့ ယူဆချက်ကို အခြေခံပြီး နက်နက်တွေးကြည့်ရင် ဆင်ခြင်မိနိုင်ပါတယ်။ နည်းပညာရဲ့ ပံ့ပိုးမှုနဲ့ စာဖတ်နိုင်ခြင်း၊ သတင်းအချက်အလက်ရယူနိုင်ခြင်း၊ ပညာသင်နိုင်ခြင်းဆိုတာ အင်မတန်မှကောင်းတဲ့ကိစ္စပါ။ လွယ်ကူတယ်၊ မြန်ဆန်တယ်၊ နောက်ဆိုရင် တစ်ကမ္ဘာလုံးမှာ အသိပညာ၊ အတတ်ပညာနဲ့ ပတ်သက်ရင် ဘယ်နေရာ ဘယ်ဒေသမှ နောက်ကျကျန်ခဲ့တော့မှာ မဟုတ်တော့ပါဘူး။ အားလုံးဟာ တစ်ပြေးညီလေ့လာဆည်းပူးနိုင်ကြတော့မှာက နည်းပညာရဲ့ အထောက်အပံ့ကြောင့်ပါပဲ။

သို့သော် တစ်ဖက်မှာလည်း ပုံနှိပ်ထားတဲ့ စာအုပ်စာစောင် စတာတွေရဲ့ အားသာချက်တွေကို လျှော့တွက်လို့မရပြန်ပါဘူး။ သမိုင်းဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်ထားမယ်၊ စိတ်ကူးစိတ်သန်းတွေကို ပြုစုထားမယ်၊ ရသတွေကိုခံစားဖို့ ကိုယ်နဲ့မကွာ ဆောင်ထားနိုင်မယ်၊ ပြဋ္ဌာန်းစာအုပ်တွေကို အလွယ်တကူဖွင့်ဖတ်ပြီး လေ့လာနိုင်မယ် စသဖြင့် တန်ဖိုးဖြတ်မရတဲ့ အားသာချက်တွေရှိပါတယ်။ စာတစ်အုပ်ကို လက်မှာကိုင်ပြီး အေးအေးလူလူဖတ်ရှုရတဲ့ အရသာကို ဘယ်လောက်ဈေးကြီးတဲ့ စမတ်ဖုန်းပေါ်ကရသကမှ လိုက်မမီနိုင်ပါဘူး။ ဘယ်လောက်နည်းပညာမြင့်တဲ့ ကွန်ပျူတာပေါ်ကရနိုင်တဲ့ ရသကမှ လိုက်မမီနိုင်ပါဘူး။

စာဖတ်ခြင်းဓလေ့ကို ကျကျနန ပြုစုပျိုးထောင်နိုင်တဲ့ လူ့အဖွဲ့အစည်းတွေပဲ တိုးတက်ဖွံ့ဖြိုးပါတယ်။ အဲဒီအရေးကြီးလှတဲ့ စာဖတ်ခြင်းဓလေ့အတွက် ပုံနှိပ်မီဒီယာလောက်သင့်တော်တာ မရှိတော့ပါဘူး။ နည်းပညာတွေက အစားထိုးပြီး အဆင်ပိုပြေအောင် လုပ်မပေးနိုင်ပါဘူး။ စာဖတ်ခြင်းဓလေ့ဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တွင် မကပါဘူး။ လူ့အဖွဲ့အစည်းတစ်ခု ရေရှည်ငြိမ်းချမ်းသာယာရေး၊ လူတိုင်းက ကိုယ်ကျင့်တရားစံနှုန်းများကို နားလည်ဘောပေါက်ပြီး ကျင့်ဝတ်များကို တန်ဖိုးထားလိုက်နာကြရေး စတဲ့ နေပျော်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အင်္ဂါရပ်များကို စာဖတ်ခြင်းကသာ ဖြည့်စွမ်းပေးနိုင်ပါတယ်။

ဒီတော့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ စာဖတ်ခြင်းဓလေ့ ယိုယွင်းလာမယ်၊ စာအုပ်စာပေများရဲ့ အခန်းကဏ္ဍ ကျဆင်းလာမယ်ဆိုရင် ဘယ်လောက်တောင်မှ စိုးရိမ်စရာကောင်းတယ်ဆိုတာ တွေးဆကြည့်ကြဖို့သင့်ပါတယ်။ စာကြည့်တိုက်တွေကို တိုးချဲ့သင့်ပါတယ်။ စာဖတ်တဲ့ဓလေ့ကို ပြန့်ပွားအောင် နည်းလမ်းတွေရှာဖွေပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါတယ်။ အစိုးရတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကလည်း ကြိုးစားပြီး ဆောင်ရွက်သင့်တာကို ဆောင်ရွက်ကြဖို့သင့်ပါတယ်။

ဒီနေရာမှာ စာအုပ်အရောင်းဆိုင်များရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ အင်တာနက်ကွန်ရက်များ ကျယ်ပြန့်လာ မြန်ဆန်လာတဲ့အချိန်မှာ ရသစာပေများဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်လုမတတ် ဖြစ်သွားရပါတယ်။ ဒါဟာ နည်းပညာမြင့်မားတိုးတက်လာခြင်းဆိုတဲ့ အကြောင်းတရားတစ်ရပ်မဟုတ်ပါဘူး။ စာအုပ်ဆိုင်များရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုက ပိုပြီးတော့ အခြေခံကျပါတယ်။ စာအုပ်ထုတ်ဝေသူများဟာ စာအုပ်ဆိုင်များက ပညာပြခြင်း၊ အကြွေးစနစ်နဲ့ ရောင်းချရပြီးတော့ စာအုပ်အရောင်းဆိုင်များက စည်းမျဉ်းများကို ကောင်းစွာလိုက်နာခြင်းမရှိဘဲ စာအုပ်ရောင်းရငွေများကို ကောင်းစွာ ပြန်ရှင်းမပေးခြင်းကြောင့် ဒုက္ခရောက်ကုန်ကြရပါတယ်။ ရသစာပေပေါ်ထွက်လာမှုနှုန်းထားဟာ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီးတော့ ပျောက်ကွယ်လုမတတ်ဖြစ်နေပါပြီ။ ဘယ်သူကမှလည်း ဒါကို အရေးတယူနဲ့ အခြေအနေတွေ ပြန်ကောင်းလာအောင်လုပ်ဖို့ ယနေ့အချိန်အထိ မရှိသေးပါဘူး။ ရသစာပေဆိုတာ လူ့အဖွဲ့အစည်းများရဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းပေးတဲ့ အရေးပါသော အကြောင်းတရားတစ်ရပ်ဆိုတာ မေ့လျော့နေကြပါပြီ။ စာအုပ်ထွက်နှုန်းကျလို့ ထုတ်ဝေသူနဲ့ စာပေဖန်တီးသူတွေ ပျောက်ကွယ်သွားကြတဲ့ နောက်ကနေ ရောင်းစရာစာအုပ်နည်းလာလို့ အမြတ်အစွန်းမရှိတော့တာကြောင့် စာအုပ်ဆိုင်တွေက နောက်ကနေလိုက်ပြီး ပြုတ်ကုန်ကြပါပြီ။ ရန်ကုန်မြို့မှာဆိုရင် အရင် ရသစာပေစာအုပ်တန်းမှာ ဆိုင်ရာဂဏန်းရှိခဲ့ပေမယ့် အခုဆိုရင် သုံးလေးဆိုင်သာ ကျန်ပါတော့တယ်။ အင်မတန်မှ ရင်လေးစရာကိစ္စပါ။

ဒီထက်ပိုဆိုးတာကတော့ အခုဆိုရင် အဲဒီအကျင့်ပျက်မှု ဗိုင်းရပ်စ်က ဗဟုသုတနဲ့ပညာရပ်ဆိုင်ရာ စာအုပ်များရောင်းချတဲ့ ဆိုင်ကြီးတွေဆီ ကူးသွားပါပြီ။ စာအုပ်ဆိုင်ကြီးတွေ (တချို့) က စာအုပ်ထုတ်ဝေသူများကို နှိပ်ကွပ်ပါတယ်။ စာအုပ်ရောင်းလို့ကုန်ပြီးတဲ့တိုင် ရောင်းရငွေကို ပြန်မရှင်းချင်တော့ပါဘူး။ စာအုပ်ဖြန့်သူတွေကို ဝန်ထမ်းတွေရော ပိုင်ရှင်များကပါ မထေမဲ့မြင်လုပ်လာကြပါပြီ။ ခပ်နှိမ်နှိမ် ဆက်ဆံတဲ့အကျင့် စဖြစ်နေကြပါပြီ။ အားလုံးမဟုတ်ပေမယ့် ပြဿနာက ကြီးထွားလာနေပါပြီ။ Ethic ပျက်ယွင်းမှုဆိုတာ ဗိုင်းရပ်စ်လို ကူးစက်နေတာကြောင့် လက်ရှိ အဆင့်အတန်းရှိရှိ ရောင်းဝယ်ဖောက်ကားနေတဲ့ စာအုပ်ဆိုင်တချို့လည်း ဘယ်လောက်အထိ ဒီပိုးကို လွန်အောင်ရှောင်နိုင်ကြမယ်မသိပါဘူး။ ရင်လေးစရာပါ။

ဒီကိစ္စဟာ စာအုပ်စာပေများ လုံးဝကွယ်ပျောက်သွားနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ အစိုးရများအနေနဲ့လည်း ဒါကို အမျိုးသားရေးစီမံချက်အနေနဲ့ ဆောင်ရွက်ကြမှ ဖြစ်ပါလိမ့်မယ်။ အခုအချိန်အထိတော့ ဘယ်အစိုးရကမှ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး စဉ်းစားတာ မတွေ့ရသေးပါဘူး။ စာပေအဆင့်အတန်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အဆင့်အတန်းဖြစ်ပါတယ်။ လူမျိုးရဲ့ အဆင့်အတန်းဖြစ်ပါတယ်။ စာပေအဆင့်အတန်းမရှိတော့တဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘာအဆင့်အတန်းမှ မရှိနိုင်တော့ပါဘူး။ ဒီတော့ အင်မတန်မှ တိုးတက်မှုနှုန်းမြန်ဆန်လှတဲ့ ရာစုသစ်မှာ လူစဉ်မီမီ ရှင်သန်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ဖို့ စာအုပ်စာပေ အဆင့်အတန်းမြင့်လာအောင် ဘာလုပ်ကြမလဲဆိုတာ အဖြေရှာကြဖို့ သင့်ပြီဆိုတာ တင်ပြလိုရင်းပါ။

မင်းနွယ် (ရန်ကုန်)