News

POST TYPE

OPINION

အစိုးရက တရားရေးမဏ္ဍိုင်ကို တရားဝင် စွက်ဖက်ခွင့်ရှိသလော (Daily, Vol-6/No-96)
31-Jul-2018 tagged as

ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားသူ အွန်လိုင်း သရုပ်ဆောင် အောင်ရဲထွေးအမှုအား ရန်ကုန်တိုင်းဥပဒေချုပ်၏အမိန့်ဖြင့် ကျေအေးရုပ်သိမ်းလိုက်ခြင်းကိုမူတည်ကာ တရားစီရင်ရေးမဏ္ဍိုင်အပေါ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏သဘောထားမှတ်ချက်စကားက နစ်နာသူများနှင့် ပြည်သူအများစု၏ စိုးရိမ်သောကကို တစ်စိတ်တစ်ပိုင်း နှစ်သိမ့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

အောင်ရဲထွေး သေဆုံးခဲ့သည့် အမှုအခင်းတွင် မည်သူမည်ဝါ၏လက်ချက်ဖြင့် သေဆုံးသွားကြောင်း အတည်မပြုနိုင်လျှင်ပင် အနိမ့်ဆုံးအဆင့် အပြင်းအထန် နာကျင်စေမှုဖြင့် ပြောင်းလဲအမှုဖွင့် စစ်ဆေးစီရင်နိုင်သော်လည်း ရန်ကုန်တိုင်း ဥပဒေချုပ်၏ ရာဇဝတ်ကျင့်ထုံးဥပဒေပြဋ္ဌာန်းချက်ကို အသုံးချကာ အမှုကို ကျေအေးရုပ်သိမ်းကာ ကိုယ်တိုင်ဝန်ခံထားသူသုံးဦးကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် အမှုရုပ်သိမ်းခွင့်ကို ပြဋ္ဌာန်းပေးထားသည့် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ သည် သွေးသားရင်းများအကြား ဖြစ်ပွားသော ပြစ်မှုဖြစ်ခြင်းကြောင့် တရားခံဖော်ထုတ်ရန် ခက်ခဲလျှင်၊ နောင်တွင် လူ့အဖွဲ့အစည်းအတွင်း အလားတူ ဖြစ်ရပ်မှုခင်းများ ဖြစ်ပေါ်တိုးတက်လာရန် အကြောင်းမရှိခဲ့လျှင် အပါအဝင် အဓိက ခြွင်းချက် ငါးချက်တစ်ခုခုဖြင့် အကျုံးဝင်မှသာ အသုံးပြုနိုင်သော ပုဒ်မမျိုးဖြစ်သည်။

ထိုအချက်များအနက် တစ်ချက်နှင့်မျှ တိုက်ရိုက် အကျုံးဝင်ခြင်းမရှိသည့်အပြင် နောင်တွင် အလားတူမှုခင်းများ ဖြစ်ပေါ်တိုးတက်လာနိုင်သည့် အန္တရာယ်ပါ ရှိနေသည့်ကြားက လွှတ်ပေးလိုက်ခြင်းဟု ဆိုနိုင်သည်။

ပွင့်လင်းစွာပြောရလျှင် တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိခွင့်ပေးထားသည့် အဆိုပါ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မသည် တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးက တရားဝင်စွက်ဖက် ခြယ်လှယ်ခွင့်ပေးထားသည့် ပုဒ်မတစ်ခုဖြစ်ပြီး တရားသူကြီးများ၏ အငြင်းပွားဖွယ်၊ စိတ်မချရဖွယ်၊ အဂတိတရား မလွတ်ကင်းဖွယ် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ခြင်းပြုခဲ့ပါက တရားရေးမဏ္ဍိုင်ကို ပို၍နာမည်ဂုဏ်သိက္ခာကျစေနိုင်မည်ဟု သုံးသပ်နိုင်သည်။

ထိုကဲ့သို့ အငြင်းပွားဖွယ် ကျေအေးရုပ်သိမ်းခွင့်ပြုလိုက်သော အောင်ရဲထွေးသေဆုံးမှုကို ရှေ့နေလောက၊ ဥပဒေပညာရှင် လောကအတွင်းသာမက နိုင်ငံတစ်ဝန်း မကျေမနပ် ဝေဖန်ပြောဆိုမှုများ ကြီးမားလာပြီးနောက် နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကပင် ဝင်ရောက်ပြောဆို မှတ်ချက်ပေးရသည့်အခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်သည်။

အခြားတစ်ဖက်မှကြည့်ပါက နိုင်ငံတော်သမ္မတ၏ မှတ်ချက်စကားသည်ပင်လျှင် တရားမျှတမှုရှိသော်ငြား လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင်ကို သမ္မတက ဝင်ရောက်စွက်ဖက်သည့်သဘော ဆောင်နေသောကြောင့် တရားရေးမဏ္ဍိုင်အပေါ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်က ဩဇာသက်ရောက်မှုရှိနေကြောင်း ထပ်ဆင့် သက်သေပြသည့်သဘော သက်ရောက်နေပေသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေအားလုံးသည် လက်ရှိအချိန်အထိ တရားဝင် လက်ခံကျင့်သုံးနေသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏အောက်တွင်ရှိနေရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော မဏ္ဍိုင်အချင်းချင်းအကြား အပြန်အလှန် ထိန်းညှိမှုကို ထိခိုက်စေမည့် တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားကိုယ်သဘောနှင့် ဖီလာပြုနေသော ဥပဒေအားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပြောင်းလဲရမည်ဖြစ်သည်။

ယင်းတာဝန်ကို ဥပဒေပြုမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်က အလေးအနက်ထား၍ ဆောလျင်စွာ ထမ်းဆောင်ခြင်းအားဖြင့် မဏ္ဍိုင်အချင်းချင်းအကြား ဒီမိုကရေစီနည်းကျ အပြန်အလှန် ထိန်းညှိရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ မဏ္ဍိုင်အသီးသီးအပေါ် ယုံကြည်အားကိုးမှု မြင့်တက်လာစေရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပေါ် စိတ်ပျက်လက်ပျက် ဖြစ်မသွားစေရေးတို့ကို ကြီးစွာ အထောက်အကူဖြစ်ကြောင်း မီးမောင်းထိုး ဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၃၁-၇-၂၀၁၈)

  • TAGS