News

POST TYPE

OPINION

မဒေးကျွန်း တရုတ်ရေနံတင် ဆိပ်ကမ်းအနီး မြစ်ရေအရောင်ပြောင်းမှု ၁၀ ရက်ကျော် ကြာမြင့်
29-Jul-2018
စစ်တွေ၊ ဇူလိုင် ၂၈ 

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံတင် ဆိပ်ကမ်းမှ ၅ မိုင်ကျော်အကွာ သံဇစ်မြစ်၊ မဲချောင်းတောင် အောက်ခြေအနီး မြစ်ရေများ နောက်ကျိ မည်းညစ်ကာ အရောင်ပြောင်းလဲနေမှု ၁၀ ရက်ကျော် ကြာမြင့်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ မြစ်ရေမည်းညစ်မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၈ ရက်က ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မဒေးကျွန်းဆိပ်ကမ်း CNPC မှ တာဝန်ခံတို့ သွားရောက်လေ့လာခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဆိုသည်။

“ကျွန်တော်တို့ အဲဒီညိုမဲနေတဲ့ ရေကို ခပ်ပြီးတော့ ရေသန့်ဘူးမှာ မိနစ် ၂၀ လောက်ထည့်ထားတော့ အနည်ကျသွားပြီးတော့ ရေညှိလိုလို၊ သံကြေးလိုလိုနဲ့ အနံ့တော့ မနံဘူး။ ရေနံအနံ့လည်းမထွက်ဘူး၊ ဘာဖြစ်တာလဲဆိုတာတော့ ကျွန်တော်တို့ ပညာရှင်မဟုတ်တော့ အဖြေမပေးနိုင်ဘူး”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောကြားသည်။

အဆိုပါ ရေမည်းညစ်အရောင် ပြောင်းလဲမှုမှာ ၃ မိုင်ခန့်ရှိပြီး အခြားနေရာတွင်လည်း ဖြစ်ပေါ်နေကြောင်း၊ ယင်းနေရာမှာ လမ်းခရီးအခက်အခဲကြောင့် မသွားရောက်ခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

“ရေနံတင်ဆိပ်ကမ်းကြောင့် ဖြစ်ဖို့များတယ်၊ ရေနံလှောင်ကန်က အညစ်အကြေးတွေကို အက်စစ်တစ်မျိုးနဲ့ ဖျက်ဆီးပြီးတော့ မြစ်ထဲကို သွန်ချလိုက်လားလို့တော့ထင်တယ်၊ ရေက ပုလင်းနဲ့ထည့်ထားလို့ အချိန်ကြာလာရင် အပုပ်နံ့က တော်တော်ထွက်တယ် မခံနိုင်ဘူး။ သင်္ဘောက ရေနံစိမ့်ယိုတာတော့ မဖြစ်နိုင်ဘူး”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်သူ ဦးထွန်းကြည်က ပြောကြားသည်။ 

ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့မှ ဒေသခံများမှာ သံဇစ်မြစ်တစ်လျှောက်ကို မှီခိုကာ လုပ်ကိုင်စားသုံးနေသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သောကြောင့် အစိုးရအနေနှင့် လေ့လာဆန်းစစ် အဖြေထုတ်ရန် လိုအပ်ပြီး ကုမ္ပဏီကရေနံလှောင်ကန်မှ အညစ်အကြေးများကို မြစ်ထဲစွန့်ပစ်ပါက အစိုးရအနေနှင့် ထိရောက်စွာအရေးယူရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

ရေများ ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းကို သိရှိနိုင်ရန် သက်ဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ဓာတ်ခွဲစစ်ဆေးရန် FDA နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များထံ ပို့ဆောင်မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများထံမှ သိရသည်။ 

R-22


  • VIA