News

POST TYPE

OPINION

ရှက်တတ်သူတွေ ဖြစ်စေချင် (Daily, Vol-6/No-93)
28-Jul-2018

ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ရေကြီး၊ ရေလျှံနေတာတွေနဲ့ပတ်သက်ပြီး တာဝန်အကျေဆုံးလို့ ပြောရမယ့်သူတွေက စီတီဇင်ဂျာနယ်လစ်လို့ ပြောရမယ့်ပြည်သူတွေပါပဲ။ ဖုန်းနဲ့ရိုက်ပြီး အွန်လိုင်းပေါ်မှာ ချက်ချင်း တင်ခဲ့ကြတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက အွန်လိုင်းပေါ် တက်ကြည့်နေတဲ့သူ အားလုံးနီးပါး ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ကြရတယ်။ 

တစ်ဆက်တည်းမှာပဲ ကိုယ့်ချွေးနှဲစာနဲ့ရပ်တည်ပြီး မရှုံးအောင်၊ အရှုံးနည်းအောင် ကျားကုတ်ကျားခဲ မနည်းကြီး ရုန်းကန်အားထုတ်နေရတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေကလည်း စီတီဇင်ဂျာနယ်လစ်တွေနဲ့အပြိုင် ဒီသတင်းတွေကို သူတို့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်နဲ့ ဝက်ဘ်ဆိုက်တွေကနေ ပြည်သူကို အချိန်မဆိုင်း တင်ပြနေကြတယ်။ စိတ်မကောင်းစရာက ဒီအချိန်အထိ အဲဒီနေရာတွေကို ပြည်သူ့ဘဏ္ဍာငွေနဲ့ စိုက်ထုတ်ကျခံနေရတဲ့ နိုင်ငံပိုင်အစိုးရအာဘော် မီဒီယာတွေ တစ်ခုမှ မရောက်သေးတာ၊ မဖော်ပြ၊ မထုတ်လွှင့်နိုင်သေးတာပဲ။ အစိုးရဌာနဖြစ်တဲ့အတွက် အဆင့်ဆင့် ခွင့်ပြုချက်တင်ရ၊ စောင့်ရတာတွေကြောင့် အခုအချိန်အထိ သတင်းမတင်နိုင်သေး၊ တိုက်ရိုက် မတင်ဆက်နိုင်သေးတာ ဖြစ်ကောင်းဖြစ်မယ်။

တကယ်တော့ ဒီနှစ်က အစိုးရအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ ကံဆိုးတဲ့နှစ်လို့ ပြောရမယ်။ အရင်နှစ်တွေထက်စာရင် မိုးပိုများ၊ ရေကြီး၊ ရေလျှံမှုပိုများ တစ်နည်းပြောရရင် သဘာဝ ဘေးအန္တရာယ်ပိုများတယ်လို့ ပြောရမယ်။ အကျိုးဆက်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆုံးရှုံး၊ လမ်းပန်းဆက်သွယ်ရေးတွေ ထိခိုက်၊ ပြည်သူတွေ ဒုက္ခ ပိုရောက်၊ အစိုးရအပေါ် ဝေဖန်ပြစ်တင်တာတွေ ပိုများလာတာပေါ့။

တကယ်တော့ သဘာဝဘေးအန္တရာယ် ထိခိုက်မှုတွေရှိလာရင် ဒါကို စိတ်စေတနာကောင်းကောင်းနဲ့ တုံ့ပြန်တတ်ရင် အစိုးရအတွက် ပြည်သူကပေးတဲ့အမှတ်တွေ တိုးလာစေတဲ့အပြင် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် ဆန္ဒမဲတွေကိုလည်း တိုးမြှင့်ပေးရာ ရောက်တယ်။ 

အမေရိကန်သမ္မတအိုဘားမား ဒုတိယသက်တမ်းအတွက် ဖလော်ရီဒါကို မဲဆွယ်ခရီးစဉ်သွားဖို့လုပ်နေတုန်း အမေရိကန် အရှေ့ဘက်ကမ်းခြေဒေသကို ဟာရီကိန်းစန္ဒီ ရုတ်တရက် ဝင်တိုက်ခဲ့တယ်။ အဲဒီသတင်းလည်းကြားရော ချက်ချင်း သူ့မဲဆွယ်ခရီးစဉ် ဖျက်ပြီး မုန်တိုင်းသင့်ပြည်သူတွေဆီ ကိုယ်တိုင်ကိုယ်ကျသွားတယ်။ ဒုက္ခရောက်နေသူတွေကို ဖက်လဲတကင်း နှစ်သိမ့်အားပေးခဲ့တဲ့ သတင်းဓာတ်ပုံတွေ မီဒီယာတွေမှာ ပလူပျံသွားခဲ့ပြီး အမေရိကန် အရှေ့ဘက်ကမ်းခြေဒေသတစ်ခုလုံး အိုဘားမားကို မဲပေးတဲ့ဦးရေ တစ်ဟုန်ထိုးတက်သွားခဲ့တယ်။

ဒါက ဘာကိုပြလဲဆိုတော့ သမ္မတတစ်ဦးရဲ့ မုန်တိုင်းသင့် ပြည်သူတွေအပေါ်မှာ လက်တွေ့ကျကျထားတဲ့ စိတ်စေတနာ၊ အလေးအနက်ထားမှုကို ပြည်သူကပြန်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ကို မဲပေးပြီးတုံ့ပြန်ကြတဲ့သဘောကို ပြတာ။ ဒါမျိုးက အစိုးရဖြစ်နေတဲ့အချိန်မှာ အတိုက်အခံထက်ပိုပြီး အားသာချက်ပိုရှိတယ်။ သဘာဝဘေးအန္တရာယ်ကို အကြောင်းပြုပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုပိုရအောင် လုပ်လို့ရသွားတာမျိုးပေါ့။

ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်ကိုယ်ကျသွားပြီး ကိုယ်ထိလက်ရောက်၊ စိတ်ပါလက်ပါ၊ အူလှိုက်သည်းလှိုက်နဲ့ စာနာထောက်ထားကြောင်း၊ ကိုယ်ချင်းစာကြောင်း၊ နားလည်ခံစားမိကြောင်း မပြနိုင်ရင်၊ ကယ်ဆယ်ရေးနဲ့ အကူအညီ၊ အထောက်အပံ့တွေ ချက်ချင်း လုပ်မပေးနိုင်ရင်တော့ အဲဒီအားသာချက်ကို ရမှာမဟုတ်ဘူး။ 

မြန်မာပြည်မှာတော့ သဘာဝဘေးအန္တရာယ်ကျတိုင်း တာဝန်အကျေဆုံးကတော့ ပြည်သူအချင်းချင်းပဲ။ ဆိုင်ကလုန်း နာဂစ်ကာလကနေ ဒီနေ့အထိ ဘယ်ဒေသမှာ သဘာဝဘေးအန္တရာယ်သင့်သင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေဆီက အကူအညီတွေ ချက်ချင်းရောက်သွားတယ်။ အစိုးရနဲ့ တခြားတာဝန်ရှိသူတွေက နောက်ကျနေတတ်တယ်။ 

အခုနောက်ပိုင်း အသိအမှတ်ပြုရမှာက အွန်လိုင်းလူမှုကွန်ရက်ကို အသုံးချပြီး တစ်တိုင်းတစ်ပြည်လုံးကို အသိပေးနေတဲ့ စီတီဇင်ဂျာနယ်လစ်တွေနဲ့ တာဝန်သိ ပုဂ္ဂလိက သတင်းမီဒီယာတွေပါ။ ဒီလိုသဘာဝဘေးအန္တရာယ် သင့်နေတာကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အချိန်ဆွဲနေလို့မရအောင်၊ မသိလိုက်လို့ပါ၊ မကြားလိုက်လို့ပါလို့ ဆင်ခြေပေးလို့မရအောင်၊ အချိန်ဆွဲ၊ နှောင့်နှေး၊ ဖင့်နွှဲနေလို့မရအောင် အွန်လိုင်းပေါ် ချက်ချင်းတင်ပြီး အသိပေးနိုင်ခဲ့ကြတယ်။

ဒါကို ခေတ်သစ် မီဒီယာပါရာဒိုင်း အပြောင်းအလဲရဲ့ အသီးအပွင့်တစ်ခုလို့လည်း ပြောလို့ရတယ်။ အင်တာနက် အွန်လိုင်းလူမှုကွန်ရက်က တံခါးပိတ်၊ အမှောင်ချထားခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တံခါးဖွင့်၊ အမှောင်ခွင်း၊ အလင်းပေးနိုင်ခဲ့တယ်။ အာဏာ၊ ငွေ၊ ရာထူးတွေနဲ့ဖိပြီး သတင်းအမှောင်ချ၊ မတရားလုပ်ခဲ့သမျှ အင်တာနက် အွန်လိုင်းလူမှုကွန်ရက်ကိုသုံးပြီး တစ်လောကလုံးကို အသိပေးဖွင့်အံပြီး မတရားမှုကို အန်တုရင်ဆိုင်လာနိုင်ခဲ့တယ်။ မတရားသဖြင့် အကျပ်ကိုင်၊ ဖိနှိပ်၊ ဆုံးဖြတ်၊ ပြစ်ဒဏ်ချသမျှကို မတရားကြောင်း အွန်လိုင်းလူမှုကွန်ရက်ကတစ်ဆင့် အများပြည်သူကို ဖွင့်ချအသိပေးနိုင်ခဲ့တယ်။ 

မရှက်တတ်တဲ့သူတွေကတော့ ဗြိတိသျှကိုလိုနီခေတ်က၊ တစ်ပါတီအာဏာရှင်ခေတ်က၊ စစ်အာဏာရှင်ခေတ်က အစိုးရကို အန်တုဆန့်ကျင်လိုသူတွေ၊ အတိုက်အခံပါတီတွေ၊ နိုင်ငံသားပြည်သူတွေကို မတရားဖိနှိပ် အုပ်ချုပ်ဖို့ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ခေတ်နောက်ကျပြီး တစ်ဖက်သတ်ဆန်လွန်းတဲ့ ဥပဒေဆိုးတွေကို ကိုယ့်အာဏာ၊ ရာထူးတည်မြဲရေး၊ လာဘ်လာဘရရေး အတွက် ဒီနေ့အထိ မြိန်မြိန်ရှက်ရှက် ကိုင်သုံးနေကြတယ်။

ဒါတွေကို အတိတ်ကာလတွေတုန်းကတော့ လူမသိ၊ သူမသိ အတိဒုက္ခရောက်ခဲ့၊ နစ်နာခဲ့၊ ဘဝပျက်ခဲ့ကြရပေမယ့် ဒီနေ့ခေတ်မှာတော့ လူတိုင်းက မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ့်ရဲ့နစ်နာမှုတွေကို အများသိအောင်၊ ရှက်တတ်သူတွေ သိအောင် အသံကျယ်ကျယ် ထုတ်ပြောခွင့်ရလာပြီ။ ရှက်တတ်သူတွေ အားလုံးရဲ့ အကူအညီ၊ အထောက်အပံ့ အားပေးမှုနဲ့ ထိုက်သင့်သလောက် နစ်နာမှုတွေ လျော့သင့်သလောက် လျော့လာပြီ။ 

မြန်မာလူ့အဖွဲ့အစည်းမှာ ဒါကို ဒီနေ့အထိ လျစ်လျူရှုနေတဲ့ မရှက်တတ်သူတွေ ရှိနေသေးတယ်။ မရှက်တတ်သူတွေမှာ သူတို့ရဲ့ အရှက်တရားကို မမြင်နိုင်အောင် အာဏာ၊ စည်းစိမ်နဲ့ လုပ်ခဲ့ပြီးတဲ့ အကုသိုလ်ဒုစရိုက်တွေက ပိတ်ဖုံးနေတယ်။ အရှက်တရားမရှိတဲ့သူမှာ အကြောက်တရားလည်းမရှိဘူး။ အဲဒီအတွက် မကောင်းမှု ဒုစရိုက်တွေကို ရှက်ရမှန်း၊ ကြောက်ရမှန်းမသိဘဲ ကျူးလွန်နေမိကြတယ်။ 

ဒီနေ့လို ဟင်းလင်းပွင့်လာတဲ့ခေတ်ကြီးမှာ အင်တာနက်မီဒီယာက မကောင်းမှုဟူသမျှ ဆိတ်ကွယ်ရာမရှိဆိုတဲ့ လောကနိယာမတရားက တကယ်မှန်ကြောင်း လက်တွေ့ကျကျ ပြပေးနေတယ်။ အင်တာနက်မီဒီယာကို အကျိုးရှိရှိ သုံးတတ်ရင် အရှက်တရား၊ အကြောက်တရားရှိတဲ့ မင်္ဂလာတရားတော်နဲ့ညီတဲ့ လူ့ဘောင်လောကဖြစ်အောင် ပံ့ပိုးပေးနိုင်တယ်ဆိုတာ ပြောလိုရင်းပါ။ ရှက်တတ်သူတွေ ဖြစ်ပါစေ။

အယ်ဒီတာ (၂၈-၇-၂၀၁၈)