News

POST TYPE

OPINION

ကျွန်တော်နှင့် လွှတ်တော် (၂)
28-Jul-2018 tagged as

လွှတ်တော်သည် မဏ္ဍိုင်ကြီးသုံးရပ်ထဲမှ တစ်ခုဖြစ်ပြီး အစိုးရကို စစ်ဆေးထိန်းညှိသောတာဝန်ကို ယူရသည်။ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံများအတွက်ကား Nation Building နှင့် State Building နှစ်ခုစလုံး သူနှင့်သက်ဆိုင်နေသည်။ ရခိုင်အရေးသည် အစိုးရနှင့်နိုင်ငံတော်ကို ကိုင်လှုပ်နေသည်။ တိုင်းရင်းသားမဟုတ်သူများ၏ နယ်လုမြေလုစစ်ပွဲ အစပျိုးနေသည်။ အချုပ်အခြာအာဏာ ပြဿနာဖြစ်လာသည်။ လွှတ်တော်ထဲတွင် ရခိုင်နှင့်ပတ်သက်သော မေးခွန်းများ၊ အဆိုများသည် အေးဆေးတည်ငြိမ်စွာ ပြီးသွားသည်ကမရှိ။ ပြင်ပ မီဒီယာလောက၊ သံတမန်လောကတွင်လည်း မီးရှူးမီးပန်းလွှတ်သည့်အခါ လွှတ်၊ လေမုန်တိုင်းဆင်သည့်အခါ ဆင်ဖြစ်နေသည်။ ရခိုင်မြောက်ပိုင်းတွင် ကုလသမဂ္ဂထိန်းချုပ်နယ်မြေ၊ ထိုမှ R2P၊ ထိုမှ ICC ခုံရုံးထိ ခြိမ်းခြောက်လာသည်။ လွှတ်တော်ကိုယ်စားလှယ် အများစုသည် ရခိုင်အရေးကို စိတ်မဝင်စား။ အလေးအနက်မထားပေ။ ဩဂုတ်လ ၂၅ ရက်နေ့ စခန်း ၃၀ ကို ဝင်တိုက်သည့်ကိစ္စ ပေါ်ထွက်လာပြီး ရခိုင်ပြည်သူများ လန့်ထိတ်တုန်လှုပ်ကာ အားကိုးစရာ ရှာမရဖြစ်နေချိန် လွှတ်တော်၏နံနက်ခင်းသည် ပူပင်စိုးရိမ်မှု ကင်းမဲ့စွာ ပြုံးနေခဲ့သည်။ ကျွန်တော်တို့ရခိုင်များကို စာနာစိတ်နှင့်မေးမြန်းသော၊ အားပေးသော ကိုယ်စားလှယ်များ နည်းပါးလွန်းနေခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့၊ ဖိနှိပ်ခံရလို့ တုံ့ပြန်တာမျိုး ရန်သူ့အားပေးလေသံများကိုပင် ခပ်သဲ့သဲ့ကြားခဲ့ရသည်။

လေးငါးခြောက်လအတွင်း မောင်တောဒေသသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အကြမ်းဖက်သမားများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်များ၏ နောက်ဆက်တွဲ ဘင်္ဂါလီတို့၏ သမိုင်းဝင် ဆုတ်ခွာမှုကြီး ပေါ်ပေါက်လာခဲ့သည်။ ဘက်ပေါင်းစုံ ပြင်ဆင်ပြီး အပိုင်တွက်ခဲ့သောထိုးစစ်သည် ဦးကျိုးခဲ့ရသည်။ အကျိုးဆက်အနေနှင့် ရာစုထက်ဝက်ကျော် ပြင်ဆင်တည်ဆောက်လာခဲ့သောနယ်မြေကို စွန့်ခွာခဲ့ရသည်။ ထိုသို့စွန့်ခွာခဲ့ရမှုကို အင်အားအဖြစ် တစ်ဖန်ပြန်လည် အသုံးချကာ မီဒီယာတိုက်ပွဲ၊ သံတမန်တိုက်ပွဲကို ဆက်လုပ်လာခဲ့သည်။ အကြမ်းဖက်ဝါဒီများသည် အမှန်တရားဘက်တော်သားများ၊ ခုခံတွန်းလှန်သော လုံခြုံရေးအဖွဲ့များ၊ ပြည်သူများသည် လူ့အခွင့်အရေး ချိုးဖောက်သူများ၊ မျိုးတုံးသတ်ဖြတ်သူများဟု နည်းမျိုးစုံဖြင့် ပုံဖော်ကာ အစိုးရနှင့် တပ်မတော်ကို ရှုတ်ချတိုက်ခိုက်လာခဲ့သည်မှာ မရပ်မနားတမ်း ဖြစ်နေသည်။ မွတ်ဆလင်အကြမ်းဖက်သမား ဆယ်ဦး ရှင်းလင်းခံရသောကိစ္စကို အကြီးအကျယ် ဟစ်အော်သည်။ ခမောင်းဆိပ်ရွာမှ ဟိန္ဒူမိသားစု ရာချီသေဆုံးရသော လူသတ်ပွဲကား တိမ်မြုပ်နေခဲ့သည်။ ကုန်ခဲ့သည့်ရက်များမှ ICG အစီရင်ခံစာတွင် ဟိန္ဒူလူသတ်ပွဲကို အမှန်အကန်ဖော်ထုတ်သော်လည်း ထူးခြားမှု ရှိမလာခဲ့ပေ။

မေလအတွင်းထူးခြားချက်မှာ နိုင်ငံတော်အစိုးရနှင့် UNHCR, UNDP တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်း၊ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဩဂုတ် ၂၅ ရက်နောက်ပိုင်း အခြေအနေများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် အကြံပေးခြင်းတို့ဖြစ်သည်။ UNDP နှင့် ရခိုင်အင်အားစုတို့ကြားတွင် ပြဿနာ ကြီးမားစွာမရှိ။ သို့သော် UNHCR ကိုကား စေတန်နတ်ဆိုးပမာ မြင်နေကြသည်။

၁၉၇၈-၇၉ ကာလ ဘင်္ဂါလီမွတ်ဆလင်များ မြန်မာပြည်မှ အစုလိုက် အပြုံလိုက် ထွက်ပြေးပြီး ပြန်ဝင်လာချိန်မှစကာ ယနေ့ကာလထိ ရခိုင်လူ့အဖွဲ့အစည်း၊ ရခိုင်လူမျိုးတို့အတွက် ကောင်းကျိုးဆောင်သောလုပ်ရပ်ဟူ၍ မည်မည်ရရ ဘာမှမရှိ။ တိုင်းရင်းသားမဟုတ်သူတို့၏ အကျိုးစီးပွားနှင့် ရေရှည်မျှော်မှန်းချက်များအတွက်သာ ငွေလုံးငွေရင်းနှင့် ပံ့ပိုးကူညီနေသည်ကို ဒေသခံရခိုင်များ သိရှိနားလည်ကြသည်။ ၂၀၁၂ အရေးအခင်းတွင်လည်း နောက်ကွယ်မှခြေရှုပ်ကာ နိုင်ငံတော်အား ဆန့်ကျင်သော UNHCR အရာရှိများကို အရေးယူခဲ့ရသည်။ MoU ထဲတွင် မည်သည့်အရာများ ပါရှိသည်ကို ကျွန်တော်တို့လွှတ်တော်တွင် တင်ပြအသိပေးခြင်း မရှိသေးပေ။ မလိုအပ်၍လား မပြောတတ်ပါ။

ထွက်ပြေးသွားသူများကို ပြန်လည် လက်ခံရေးတွင် မြန်မာအစိုးရ၏ သဘောထားသည် မျှတသော်လည်း တစ်ဖက်မှ တောင်းဆိုချက်များက ဘောင်ကျော်လွန်းနေသည်။ သူတို့အား လူမျိုးသစ်တစ်ခုအဖြစ် အသိအမှတ်ပြုရေး၊ နိုင်ငံသားဖြစ်ရေး၊ မူလကျေးရွာများတွင် ပြန်လည်နေထိုင်ရေးတို့မှာ ဈေးကြီးလွန်းနေသည်။ သူတို့သည် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသား မဟုတ်သောကြောင့် သူတို့ ထွန်ယက်လုပ်ကိုင် စားသောက်ခဲ့သော လယ်ယာများသည် သူတို့ပိုင်ဆိုင်မှုဖြစ်မည်လား။ အားလုံး သူတို့ကို နိုင်ငံသားပေးရမည်လား။ နိုင်ငံအနှံ့ ကြိုက်သလို သွားရောက်နေထိုင်လုပ်ကိုင် စားသောက်ခွင့်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးကဲ့သို့ မြို့ကြီးပြကြီးနေ ဗမာလူမျိုးများကော လက်ခံမည်လား။ UNHCR အတွက် ကြိုတင်စီမံထားသော အဂျန်ဒါဆက်တင်အတိုင်း သွားမည်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါချေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့၏ အကြံပေးချက်နှင့်အညီ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်သည် နိုင်ငံတော်သမ္မတရုံးမှ ထွက်လာသည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မည်။ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး အပါအဝင် အဖွဲ့ဝင် ၃ ဦးပါမည်။ တုံ့ပြန်ချက်အနေနှင့် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုး၏ အရေးကြီးအဆို ပေါ်ထွက်လာသည်။ ဇွန် ၆ ရက်နေ့တွင် တင်သွင်းပြီး ၇ ရက်နေ့တွင် ဆွေးနွေးမည့်စာရင်းပေးကာ ၈ ရက်နေ့တွင် ဆွေးနွေးမည်ဟု ရက်သတ်မှတ်လိုက်သည်။ မထင်မှတ်ဘဲ ၈ ရက်နေ့ သောကြာတွင် လွှတ်တော်များ ရပ်နားလိုက်သည်။ ရခိုင်အရေးနှင့်ပတ်သက်မည်ဟုတော့ ထင်ကြေးပေးကြသည်။ တစ်ခါမှမခေါ်သေးသော ကာလုံအစည်းအဝေး လုပ်မည်လား။ ရခိုင်အရေးသည် အစိုးရတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းနိုင်သောကိစ္စ မဟုတ်တော့ပြီ။ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် ညီညွတ်ရန်အရေးကြီးသည်။ ကာလုံသည် ဖွဲ့စည်းအုပ်ချုပ်ပုံဘောင်အတွင်းမှ ညီညွတ်ရေးပလက်ဖောင်း မဟုတ်ပါလော။ သမိုင်းဝင်တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့သည်။ ကာလုံတော့ မဟုတ်။ ရခိုင်အရေး ပါဝင်သည်ဟု သတင်းထုတ်ပြန်သည်။ သဘောထားများ သဘောတူညီမှုများကို သိခွင့်မရပေ။

၁၁ ရက် တနင်္လာနေ့တွင် အရေးတကြီးအဆိုကို အချေအတင်ဆွေး နွေးကြသည်။ ရခိုင်အမတ်များ၊ ကြံ့ခိုင်ရေးအမတ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဖက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အမတ်များက တစ်ဖက်ဖြစ်သည်။ ကျွန်တော်တို့ ကော်မရှင်ဖွဲ့ခြင်းကို ဆန့်ကျင်သည်မဟုတ်၊ နိုင်ငံခြားသား ပါဝင်မှုကို မကြိုက်ခြင်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အမတ်များထဲတွင်သော်လည်းကောင်း၊ ပါတီလိုလားသူများထဲတွင်လည်းကောင်း ထူးချွန်တည့်မတ်သူများ ရှိပါမည်။ အရောင်အသွေးကင်းသော ပညာရှင်များလည်း အများကြီးပါ။ မည်သူမည်ဝါ မသိသော ပုဂ္ဂိုလ်တစ်ဦးကို လက်ခံဖို့ရာမှာ လက်ရှိရှုပ်ထွေးနေသော ရခိုင့်အခြေအနေအရ အန္တရာယ်များသည်။ အနှီပုဂ္ဂိုလ်သည် OIC အေးဂျင့်လား၊ CIA လား။ ဆောရော့စ်၏ ငယ်မွေးခြံပေါက်လား။ မည်သူက တာဝန်ယူမည်နည်း။ ကိုဖီအာနန် အကြံပေးကော်မရှင်ကိစ္စတွင်လည်း ကျွန်တော်တို့ရခိုင်များ ကန့်ကွက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကော်မရှင်ကို ကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့သည်။ ထွက်ပေါ်လာသော အစီရင်ခံစာသည် ထူးထူးခြားခြားလည်းမဟုတ်။ ပြောနေကျ ဆိုနေကျ ဖွံ့ဖြိုးရေး၊ သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များသာဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပြုစုခဲ့သော ရခိုင်ကော်မရှင်အစီရင်ခံစာသည် ယေဘုယျ ပြီးပြည့်စုံပြီးသားဖြစ်သည်။ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်သာဖြစ်၏။ အစီရင်ခံစာအသစ်ထဲတွင် အလွန်အန္တရာယ်ကြီးသော ၁၉၈၂ နိုင်ငံသားဥပဒေပြင်ဆင်ရေးကိုနှပ်ကြောင်း ပေးထားသေးသည်။ ထိုအစီရင်ခံစာ ထွက်ပေါ်လာသောနေ့နှင့်ဆက်ကာ ARSA ၏ လုံခြုံရေးစခန်း ၃၀ ကို လူအင်အားနှင့်တစ်ပြိုင်နက် တိုက်ခိုက်မှု ပေါ်ထွက်လာခဲ့သည် မဟုတ်ပါလား။

ရခိုင်မြေသည် စုတ်ပြတ်နာကျင်သွားခဲ့ရသည်။ ပြင်းထန်သော၊ ဆိုးဝါးသောဖိအားများ ပေါ်ထွက်လာသောအခါ၌ ကိုဖီအာနန်ကော်မရှင်သည် သူနှင့်မဆိုင်သလို တုဏှိဘာဝေ မြုံနေတော့သည်။ နိုင်ငံခြားသား ဦးဆောင်ကော်မရှင်တစ်ဖွဲ့က လုံခြုံရေးဝန်ထမ်းများ၊ ရခိုင်ဒေသခံပြည်သူများကို မေးမြန်းစုံစမ်းဖို့ဆိုသည်မှာလည်း လက်ခံနိုင်ဖွယ်ရာ မရှိချေ။ ရခိုင်တို့အနေနှင့် ယန်ဟီးလီပြဿနာမှ ခါးသီးသော အတွေ့အကြုံရပြီးသားမို့ ဤကော်မရှင်သည် ပူးပေါင်းဆောင်ရွက်စရာ မလိုသောအဖွဲ့သာ ဖြစ်သည်။ ဤကော်မရှင်နှင့် ဤနိုင်ငံခြားသားများကို ထောက်ခံသူများသည် သမိုင်း၏ဆိုးကျိုးများကို ငြင်းမရ ရှောင်မရ တာဝန်ယူရပေလိမ့်မည်။ ကျွန်တော်တို့က အချက်အလက်များနှင့် ဆွေးနွေးသည်။ နိုင်ငံခြားသားကို ထောက်ခံလိုလားသူများကို သမ္မတရုံးထုတ်ပြန်ချက် (၃/၂၀၁၈) ကို အခိုင်အမာကိုင်စွဲပြီး ကာကွယ်သည်။ မဲခွဲတော့ ထုံးစံအတိုင်း ကျွန်တော်တို့ ရှုံးပါသည်။ နိုင်ငံခြားသားတစ်ဦးက ဦးဆောင်သောကော်မရှင်သစ်တစ်ရပ် ပေါ်ထွက်လာပြန်ပါပြီ။ ကော်မတီ၊ ကော်မရှင်တွေက များလာသလို ဖိအားများက ပိုဆိုးလာသည်။ ရခိုင်မြေမှာ တိုးတက်မှုကိုလည်း လက်ဆုပ် လက်ကိုင် မမြင်ရပေ။ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးမှာ ဟင်းမျိုးစုံနှင့်ထမင်းဝိုင်းများတည်ကာ လာကြပါ လာကြပါဟု လှိုက်လှဲပျူငှာ ဖိတ်ခေါ်နေသော်လည်း မည်သူမျှမလာသော အလှူပွဲကဲ့သို့ ဖြစ်နေသည်။ မည်ကဲ့သို့ ဆက်လုပ်ကြမည်နည်း။ ဤကော်မရှင်သစ်၏အစီရင်ခံစာကော မည်သို့ထွက်လာမည်မသိ။ အဖြေမရှိသောပုစ္ဆာများစွာနှင့် ရခိုင်အရေးကား မြန်မာနိုင်ငံရေးသမိုင်းတွင် အကြီးဆုံး အကျပ်အတည်းများထဲမှ တစ်ခုဖြစ်လာသည်ကတော့ အမှန်ပင်။

မောင်ခိုင်အောင်
ဆက်လက်ဖော်ပြပါမည်။

  • TAGS