News

POST TYPE

OPINION

တရားရေးမဏ္ဍိုင် ဖြောင့်မတ်ပါ၏လော (Daily,Vol-6/No-92)
26-Jul-2018 tagged as

အုပ်စုဖြင့် ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်မှုကြောင့် သေဆုံးသွားခဲ့သော အွန်လိုင်း သရုပ်ဆောင် အောင်ရဲထွေးအမှု ကျူးလွန်သူသုံးဦးကို လူသတ်မှုပုဒ်မဖြင့် တရားစွဲဆို စစ်ဆေးခံနေစဉ် ၎င်းအမှုကို စစ်ဆေးနေသော အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုလိုက်ပြီးနောက် လူအများ၏ပြောဆိုဝေဖန်မှုများ အထူးမြင့်တက်သွားခဲ့သည်။

ပုံမှန်အားဖြင့် တရားဥပဒေ၏ လုပ်ရိုးလုပ်စဉ်နှင့် ကျင့်ထုံးများအရ ယင်းအမှုမျိုးသည် လူသေမှု သို့မဟုတ် အပြင်းအထန် နာကျင်စေမှုအဖြစ် စွဲချက်ပြောင်းလဲ၍ရသော်ငြား ကျေအေးခွင့်မရှိသော ပြစ်မှုမျိုးတွင်ပါဝင်နေပေရာ ယခုကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းကြောင့် တရားစီရင်ရေး လောကအပေါ် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့သည်။

တရားရုံးအနေနှင့်မူ စစ်ဆေးချက်အရ သေဆုံးသူ၏ဒဏ်ရာမှာ မည်သူ၏လက်ချက်ဆိုသည်ကို ဖော်ထုတ်မရနိုင်ခြင်း၊ တရားအစွဲခံရသူများသည် သေဆုံးသူနှင့် ဘာသာတူခြင်း၊ ရန်ငြိုးရန်စမရှိခြင်း၊ သက်သေမခိုင်မာခြင်းနှင့် စွဲချက်မတင်ရသေးသော အမှုဖြစ်နေခြင်းတို့ကြောင့် အမှုကိုရုပ်သိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု တရားစွဲခံရသူများ၏ရှေ့နေ ပြောဆိုချက်အရ သိရသည်။

သေဆုံးသွားသူ၏ မိသားစုက မည်သို့ပင် ကျေအေးလိုသည်ဖြစ်စေ လူအုပ်စုဖြင့် အနိုင်ကျင့်ခြင်းကြောင့် သေဆုံးသွားရသည့်ဖြစ်ရပ်သည် ဥပဒေကို နိုင်ငံသားအချင်းချင်း၊ လူအချင်းချင်းအကြား၊ အပြန်အလှန် အသိအမှတ်ပြု လေးစားရေး၊ ယဉ်ကျေး၍ နိုင်ငံကြီးသားပီသသော နိုင်ငံသားများ ဖြစ်စေရေး၊ တရားဥပဒေကို လေးစားလိုက်နာရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေရာ အနိမ့်ဆုံးအဆင့် လူသေမှုအဖြစ် ပြောင်းလဲပေးခွင့်သာ ခွင့်ပြုသင့်ပြီး သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ကသော်လည်းကောင်း၊ တရားရုံးကသော်လည်းကောင်း ကျေအေးခွင့်မရှိပေ။

သို့သော် မူလကပင် အကျင့်ပျက်ခြစားမှုပေါင်း များစွာကြောင့် တရားရေးမဏ္ဍိုင်အပေါ် ပြည်သူအများစုက ယုံကြည်လေးစားမှု မရှိခဲ့သည့်ကြားက ယခုကဲ့သို့ နိုင်ငံသိ၊ နာမည်ကျော် အမှုအခင်းမျိုးကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ချ၊ ရုပ်သိမ်းခွင့်ပေးလိုက်သော တရားရုံးအပေါ် အထူးတလည် အထင်အမြင် သေးသွားနိုင်ပေသည်။

အထူးသဖြင့် တရားဥပဒေကို ခိုင်ခိုင်မတ်မတ် ဖြောင့်မှန်စွာ ကျင့်သုံးရမည့် တရားရုံးတစ်ရပ်က ဤသို့ရုပ်သိမ်းခွင့်ပြုလိုက်ခြင်းသည် လူအုပ်စုဖြင့် ကျူးလွန်သော လူသတ်မှု၊ လူသေမှုများ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရုံးများ မလိုအပ်တော့ဘဲ နှစ်ဖက်အကြား ငွေကြေးဖြင့်သော်လည်းကောင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်း အမျိုးမျိုးဖြင့်သော်လည်းကောင်း ရှင်းလင်းရုပ်သိမ်းလျှင်ရနိုင်ကြောင်း နှပ်ကြောင်းပေး၊ လမ်းစ ဖော်ပေးလိုက်သကဲ့ ဖြစ်သွားခဲ့ကြောင်း သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ တရားစီရင်ရေး လောက၏ ပကတိ အခြေအနေမှန်ကို ကန့်လန့်ကာ လှစ်ပြလိုက်ခြင်းဖြစ်ပြီး ငွေများ တရားနိုင်၊ အာဏာရှိ တရားနိုင်ဆိုသော တရားရေးမဏ္ဍိုင်အပေါ် ရှိနေသည့် ခေါက်ရိုးကျိုးအမြင်များ ပို၍ခိုင်မာသွားစေရန် အတည်ပြုပေးလိုက်သည့် သဘောဟုလည်း ဆိုနိုင်သည်။

သို့သော် ယနေ့အချိန်အထိ တရားရုံးများ၊ အကျဉ်းထောင်များတွင် မိမိ၏ ယုံကြည်ချက်ကြောင့်၊ ဓန၊ အာဏာအင်အားကြီးသူများ၏ ဖိနှိပ်မှုကြောင့်၊ ခေတ်နောက်ကျနေသော ဥပဒေများ၏ အားနည်းချက်ကြောင့်၊ မတရားအစွပ်စွဲခံရခြင်း၊ လုပ်ကြံထောင်ချောက်ဆင်ခံရခြင်းတို့ကြောင့် မမျှမတ စီရင်၊ အမိန့်ချခံရပြီး တရားရုံး၊ အကျဉ်းထောင်များတွင် အချိန်အကုန်ခံ၊ ဘဝအပျက်ခံ ဒုက္ခကြုံနေရသူ အများအပြားရှိနေခြင်းမှာ မျှတမှုမရှိပေ။

နောင်တွင် အုပ်ချုပ်သူ အစိုးရများသည် အချိန်တန်လျှင် ရွေးကောက်ပွဲ အနိုင်ရရေး၊ မိမိ၏ အာဏာတည်တံ့ရေးတို့အတွက် ပေါ်ပြူလာဆန်သော အရေးကိစ္စများဖြင့် အချိန်ပေး၊ အားစိုက်လုံးပန်းကာ သက်တမ်းတစ်ခု ပြီးမြောက်သွားကြမည်ဖြစ်ရာ ပြည်သူလူထုအတွက် ဖြောင့်မတ်သော တရားစီရင်ရေးမဏ္ဍိုင်တစ်ခုသာ အားကိုးစရာ ကျန်ရှိတော့မည်ဖြစ်သည်။

လက်ရှိအခြေအနေအတိုင်း ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိပါက တရားစီရင်ရေးမဏ္ဍိုင်သည်လည်း နောင်လာမည့် အစိုးရသက်တမ်းများအထိ ပြည်သူလူထုက အားကိုးယုံကြည်ထိုက်သော မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်လာနိုင်ရေး အလှမ်း ဝေးနေဦးမည်ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၆-၇-၂၀၁၈)

  • TAGS