News

POST TYPE

OPINION

အတ္တနှင့် ဆင်ခြင်တုံတရား
24-Jul-2018

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာဖြင့် နောက်ထပ် တစ်နှစ်ပြည့်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။ အလွန်ပဲ ဝမ်းနည်းရတဲ့နေ့ရက်ပါပဲ။ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူလူထုက မည်မျှချစ်သည်ဖြစ်စေ၊ မည်မျှလေးစားသည်ဖြစ်စေ ပြန်လည်အစားထိုးမရသည်ကိုတော့ သင်္ခါရသဘောနဲ့ ဖြေသိမ့်ကြရမှာပါ။ သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများဟာ လူသေသော်လည်း နာမည်မသေ၊ မြန်မာပြည်ကြီးရှိနေသမျှ အာဇာနည်ကြီးများရဲ့ လေးစားအတုယူဖွယ်ဂုဏ်ကတော့ တည်ရှိနေမှာ သေချာပါတယ်။ အာဇာနည်ကြီးများကို ချစ်ခင်လေးစားသောစိတ်နဲ့ အာဇာနည်နေ့လွန် မြန်မာပြည်ကြီးကို မျှော်ကြည့်မိပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများကို မည်သူလုပ်ကြံသလဲ

အထက်ပါမေးခွန်းကိုဖြေမယ်ဆိုရင်ဖြင့် ယေဘုယျအားဖြင့် ဂဠုန်ဦးစောလို့ ဖြေမိမှာပါ။ တစ်နည်းအားဖြင့် အာဇာနည်ကြီးများကို လုပ်ကြံခဲ့ကြတဲ့ သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတစ်စုက မြန်မာအမျိုးသားခေါင်းဆောင်ကို လုပ်ကြံခဲ့တာပါ။ ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်ခဲ့တာကတော့ ပြည်ပကနယ်ချဲ့တွေ ဖြစ်ပါတယ်။ နယ်ချဲ့တွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ကိုယ်တိုင်မလုပ်ကြံကြပါဘူး။ မြန်မာလူမျိုးအချင်းချင်း လုပ်ကြံဖို့ နောက်ကွယ်က ကြိုးကိုင်ခဲ့ကြတာပါ။ ကိုယ်တိုင် တရားခံအဖြစ်မခံပါဘူး။ မြန်မာအချင်းချင်း ကြားခံခိုင်းခဲ့တာပါ။ မြန်မာအချင်းချင်း ကြားခံလုပ်ကြံစေဖို့၊ မြန်မာအချင်းချင်း သွေးခွဲဖို့ နယ်ချဲ့က ငွေကြေးမက်လုံး၊ ရာထူးမက်လုံးတွေနဲ့ စည်းရုံးခဲ့တာပါ။ နယ်ချဲ့တွေရဲ့ သွေးခွဲခံခဲ့ရလောက်အောင်၊ အစည်းရုံးခံရလောက်အောင်၊ အမျိုးသားခေါင်းဆောင်တွေကို လုပ်ကြံရလောက်အောင် ကျွန်တော်တို့ အသိတရား၊ ဆင်ခြင်တုံတရား နည်းခဲ့ကြတာပါ။ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုးဆိုတဲ့ ဆန္ဒန်ဆင်မင်းဇာတ်တော်လိုပါပဲ။ အာဏာအတ္တ၊ ငွေအတ္တ၊ ရာထူးဂုဏ်ရှိန်အတ္တဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟအမှောင်တရားတွေ များလာချိန်မှာ အသိတရား၊ ဆင်ခြင်တုံတရား၊ ဝေဖန်ပိုင်းခြားနိုင် စွမ်းအားနည်းသူတွေဟာ အသုံးချခံရတယ်လို့ သင်ခန်းစာယူမိပါတယ်။ အခြားတစ်ဖက်က မြင်ကြည့်ရင်လည်း လူတွင်ပါလို့ နွားကျားကိုက်တယ်လို့ ယူဆနိုင်ပါတယ်။

မိမိတို့အတ္တအတွက် နယ်ချဲ့တွေရဲ့ ကြိုးကိုင်ခြယ်လှယ်တာကိုခံပြီး နိုင်ငံတော်ကို သစ္စာဖောက်တဲ့အထိ အသိတရားနည်းပါးခဲ့တယ်၊ မိုက်မဲခဲ့တဲ့သင်ခန်းစာဟာ တန်ဖိုးကြီးမားလှပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပိုင်အသိဉာဏ် ကိုယ်ခံစွမ်းအား အားနည်းနေမယ်ဆိုရင် သူတစ်ပါးရဲ့ကြိုးဆွဲရာအတိုင်း ကခဲ့ကြတာကို သမိုင်းအထောက်အထားတစ်ခုအဖြစ်နဲ့ တွေ့ရပါတယ်။ ကြိုးကိုင်စေခိုင်းသူက အပြစ်လား၊ အသိတရားနည်းပါးစွာနဲ့ နိုင်ငံသားအချင်းချင်း လုပ်ကြံသူက အပြစ်လား။ မည်သူကအကျိုးရှိခဲ့ပြီး မည်သူက အကျိုးယုတ်ခဲ့ပါသလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာတွေ ယူကြရမလဲ။ သင်ခန်းစာတွေကို ဘယ်လိုပြုပြင်ကြမလဲ။ လက်တွေ့ပါသော သဘောတရား ဖြစ်စေလိုပါတယ်။

အာဇာနည်နေ့လွန် ယနေ့မြန်မာနိုင်ငံ

ယနေ့ကာလ ကျွန်တော်တို့မျိုးဆက်တွေကတော့ အာဇာနည်ခေါင်းဆောင်ကြီးများ ကြိုးစားခဲ့သမျှ အသီးအပွင့်များကို မြိန်ရေရှက်ရေ ခံစားနေကြရဆဲပဲ ဖြစ်ပါတယ်။ အသီးအပွင့်များကိုခံစားနေကြရသလို ဒီအသီးအပွင့်တွေ ဆက်လက်ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကြိုးစားခဲ့တဲ့အကျိုးရလဒ်တွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်လည်းရှိနေပါတယ်။ မြန်မာပြည်သူ ပြည်သားအားလုံးရဲ့ ကိုယ်စီကိုယ်စီတာဝန်လို့လည်း ခံယူပါတယ်။ ဒါမှလည်း နောင်မျိုးဆက်များအတွက် ယနေ့ကျွန်တော်တို့မျိုးဆက် တာဝန်ကျေမယ်လို့ ယုံကြည်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အသက်အဆုံးရှုံးခံ ကြိုးစားမှုအကျိုးကျေးဇူးတွေကို ခံစား၊ စံစားနေကြပြီး ယနေ့ကျွန်တော်တို့ တာဝန်တွေကို မကျေပွန်ခဲ့ကြရင်ဖြင့် အထူးသဖြင့် အကျိုးပြုသူထက် အကျိုးဖျက်သူများ ဖြစ်နေကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား (စကားလုံးအသုံးအနှုန်းရိုင်းပျခဲ့ပါက လိုအပ်မည်ဟုယူဆ၍ သုံးနှုန်းပါသဖြင့် သည်းခံပေးနိုင်ပါရန်) ကျေးဇူးတရားမသိတတ်သူများ ဖြစ်မှန်းမသိဖြစ်သွားမယ်လို့ ခံစားမိပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးတရားကို အောက်မေ့ကြရသလို ဆက်လက်ဆောင်ရွက်ရမှာတွေ၊ အတုယူရမှာတွေ၊ သင်ခန်းစာယူရမှာတွေ အများအပြားရှိနေဆဲပါ။ အာဇာနည်နေ့ကို အောက်မေ့နေရုံ၊ လွမ်းဆွတ်နေရုံသာမကပါဘူး။ အဓိပ္ပာယ်ပြည့်ဝတဲ့ အာဇာနည်နေ့ဖြစ်ဖို့ဆိုရင် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ၊ အကောင်အထည်ဖော်မှုတွေ၊ ပြောင်းလဲရမှာတွေ လိုအပ်နေဆဲလို့မြင်တယ်။ ယနေ့မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက် မဟုတ်ပေမယ့် နိုင်ငံထူထောင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ ပြည်တွင်းစိန်ခေါ်မှုတွေအပြင် နိုင်ငံတကာရဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေ၊ စွက်ဖက်မှုတွေ၊ ကြိုးကိုင်မှုတွေကို ရင်ဆိုင်ဖြတ်သန်းနေကြရဆဲဆိုတာ လက်တွေ့အခြေအနေပါပဲ။ စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကိုလည်း ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။ ငြိမ်းချမ်းရေးရဲ့နောက်ကွယ်က ဒုက္ခတွေ၊ အနာဂတ်ပျောက်ဆုံးနေမှုတွေ၊ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ နိုင်ငံတော် အချုပ်အခြာအာဏာထိပါးခံရမှု၊ နယ်မြေခြိမ်းခြောက်ခံရမှုတွေ၊ တရားဥပဒေစိုးမိုးမှု စတာတွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် ကန့်သတ်ချက်တွေအဖြစ် ရှိနေဆဲပါပဲ။ ကျော်လွှားဖို့ လိုအပ်နေဆဲပါပဲ။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့ကိုယ်စီကိုယ်စီမှာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ လိုအပ်နေဆဲပါပဲ။ ကိုယ်တိုင်လုပ်မှ ရမယ့်ကိစ္စလို့ မြင်ပါတယ်။ 

ဒီပြည်တွင်း ပြည်ပစိန်ခေါ်မှုတွေကို အရှိအတိုင်းသုံးသပ်ကြမယ်ဆိုရင် အဆပေါင်းများစွာ ဆက်လက်အားထုတ်ဖို့ လိုအပ်နေဆဲ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို မဖြစ်မနေပြောင်းလဲကြရပါလိမ့်မယ်။ မြန်မာနိုင်ငံ အပြောင်းအလဲမှာ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေက များလွန်းလှတာကြောင့် ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အယူအဆတွေ၊ စိတ်သဘောထားတွေ၊ အတွေးတွေ၊ အပြောတွေ၊ အလုပ်တွေ၊ အကျင့်တွေ မပြင်ဘဲနဲတော့ လေထဲ အိမ်ဆောက်နေသလို၊ ရေပေါ်အရုပ်ရေးနေသလို ဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ သာမန်ပြည်သူတစ်ယောက်ရဲ့ ပြောင်းလဲမှုနဲ့ နိုင်ငံတော်အဆင့် တာဝန်ရှိသူအသီးသီးရဲ့ ပြောင်းလဲမှုအတိုင်းအတာကတော့ မတူနိုင်ပါဘူး။ တာဝန်ယူရတဲ့ တာဝန်ကြီးမားလာတာနဲ့အမျှ အပြောင်းအလဲရဲ့ ထိရောက်မှုပမာဏကတော့ များစွာကွာခြားသွားပါလိမ့်မယ်။အတွေးမှန်မှ အပြောမှန် အလုပ်မှန်ပါလိမ့်မယ်။ ကျွန်တော်တို့တစ်တွေရဲ့ အတွေးအခေါ်တွေ လွဲနေသမျှ ဖြစ်လာမယ့်အကျိုးဆက်များဟာလည်း လွဲနေဦးမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ ရောက်ရှိနေတဲ့ စိန်ခေါ်မှု ဝဲဂယက်ကရုန်းထွက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ဒါတွေဟာ အာဇာနည်နေ့လွန် ယနေ့မြန်မာနိုင်ငံ အခြေအနေလို့ သုံးသပ်ပါတယ်။

အတ္တနှင့် ဆင်ခြင်တုံတရား

ယနေ့အချိန်ထိလည်း မြန်မာ့နိုင်ငံရေးဟာ အစေးမကပ်သေးဘူးလို့ ဆိုရမှာပါ။ တစ်ပါးသူရဲ့ သွေးထိုးမှုတွေ၊ စွက်ဖက်မှုတွေ ပါဝင်နေသလို အချင်းချင်းအတ္တ၊ မာန၊ အာဃာတတွေနဲ့ ယှဉ်ပြိုင်နေကြဆဲပါပဲ။ မျက်စိတစ်ဆုံးကြည့်ဖို့ထက် မျက်တောင်မွေးတစ်ဆုံးသာ ကြည့်နေကြတာပါ။ ကိုယ်စီကိုယ်စီရဲ့ အသိတရားကျယ်ပြန့်အောင် ဆောင်ရွက်နေကြတာထက် အတ္တတွေကိုပဲ ကျယ်ပြန့်အောင် လုပ်ဆောင်နေကြတယ်လို့ မြင်ပါတယ်။ အသိတရားလျော့နည်းလာတာနဲ့အမျှ အတွေးမှား၊ အပြောမှား၊ အလုပ်မှားတွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာပါလိမ့်မယ်။ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိအတ္တထက် ဆင်ခြင်တုံတရားရှိရှိ အသိတရားရှိရှိနဲ့ နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်တာကို ဦးဆောင်လုပ်ကိုင်ခဲ့တာ အတုယူရမှာပါ။ ဆန့်ကျင်ဘက်ကိုကြည့်ရင် ဦးစောဟာ အတ္တကိုဦးစားပေးပြီး ဆင်ခြင်တုံတရား၊ အသိတရားနည်းပါးခဲ့လို့ နယ်ချဲ့လက်ပါးစေဖြစ်ခဲ့သလို မိမိနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်တွေကို လုပ်ကြံတဲ့အထိ မိုက်မဲခဲ့တာပါ။ ကျွန်တော်တို့ကရော ဆင်ခြင်တုံအသိတရား မြှင့်တင်ကြမှာလား၊ အတ္တနယ်ပယ် ချဲ့ထွင်ကြမှာလား။ အချင်းချင်းပုတ်ခတ်နေကြ၊ လက်ညှိုးထိုးအပြစ်တင်နေကြ၊ ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲကွဲပြားနေကြရင်ဖြင့်...။ 

ဒီဖြစ်စဉ်တွေကို သင်ခန်းစာယူကြရမှာပါ။ သူများပြောတိုင်းယုံ၊ သူများခိုင်းတိုင်းလုပ်နေကြရုံနဲ့တော့ ယနေ့နိုင်ငံမှာရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြတ်ကျော်ရေးဟာ ခက်ခဲနေပါလိမ့်ဦးမယ်။ ကိုယ်တိုင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ကိုယ်တိုင်ဆုံးဖြတ် နိုင်စွမ်းတွေ ရှိဖို့လိုနေပါပြီ။ ကိုယ်တိုင်တွေးခေါ်၊ ဝေဖန်စဉ်းစားနိုင်စွမ်းမရှိသမျှ သူများခေါင်းနဲ့ အလုပ်လုပ်နေကြရဦးမှာဖြစ်သလို သူများရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေကို ခံနေကြရဦးမှာ ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းလာတာနဲ့အမျှ ကျိုးကြောင်းဆီလျော်တဲ့အတွေး၊ ကျိုးကြောင်း ဆီလျော်တဲ့စကား၊ ကျိုးကြောင်းဆီလျော်တဲ့ အလုပ်တွေဖြစ်လာမယ်လို့ မမျှော်လင့်နိုင်သလို အတွေးမှာ၊ အပြောမှား၊ အလုပ်မှားတွေကိုလည်း မြင်နေရ၊ ကြားနေရ၊ ခံစားနေကြရဦးမှာပါ။ ဒါကြောင့် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားရေးအားလုံးမှာ ငါနဲ့ငါသာဆိုတဲ့ အတ္တတွေလျှော့ချပြီး အသိတရားရှိရှိ၊ ဆင်ခြင်တုံတရား ရှိရှိနဲ့ ကိုယ်တိုင်က စံနမူနာပြ ပြောင်းလဲကြမှသာ ယနေ့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဖြောင့်ဖြူးနိုင်မယ်လို့ ယုံကြည်ပါတယ်။

လူရွှင်တော်စကား

အငြိမ့်ပွဲကြည့်တဲ့အခါ လူရွှင်တော်တွေက ခွန်းထောက်ဆိုတာတွေ၊ ပြက်လုံးထုတ်တာတွေ၊ မိတ်ဆက်တာတွေ လုပ်ကြပါတယ်။ လူရွှင်တော် လေးယောက်လောက်က ပြောကြ၊ ဟာသလုပ်ကြတော့ အချိန်လည်း အတော်အသင့်ကြာပါတယ်။ ကျန်တဲ့အငြိမ့်ခန်းဆက်ကဖို့အတွက် လူရွှင်တော်တွေကတော့ ပြောလက်စ စကားကို ဒီလိုအဆုံးသတ်ပြောလေ့ရှိပါတယ်။ ကဲ...အစ်ကိုတို့ရေ အပြောလေးတွေလျှော့ပြီး အလုပ်နဲ့လက်တွေ့ပြကြပါစို့လို့ ပြောပါတယ်။

သိန်းထွန်း (IR)