News

POST TYPE

OPINION

လာအိုတွင် ဆောက်လုပ်ဆဲမီဂါဒန် ဆည်ကြီးပြိုကျ၊ လူရာပေါင်းများစွာ ပျောက်ဆုံး ရွာပေါင်းများစွာ ရေလွှမ်းမိုး
24-Jul-2018

(ပုံစာ- ဆည်ကြီး ပြိုကျရခြင်းအကြောင်းရင်းကို မသိရသေးပေ။) ဓာတ်ပုံ - BBC

ဗီယန်ကျင်း၊ ဇူလိုင် ၂၄

လာအို အရှေ့တောင်ပိုင်းတွင် ဆောက်လုပ်ဆဲ ဆည်ကြီးပြိုကျသွားခဲ့ရာတွင် ရုတ်တရက် ရေများတက်လာပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး ကျေးရွာများစွာ ရေလွှမ်းမိုးသွားပြီဖြစ်ကြောင်း လာအိုအစိုးရက အတည်ပြု ကြေညာထားသည်။ 

လာအိုအရှေ့တောင်ပိုင်း အတ္တပူရ်ပြည်နယ်တွင် ရေအားလျှပ်စစ်ထုတ် ဆည်ကြီး ပြိုကျသွားခဲ့သဖြင့် ရွာခြောက်ရွာ ရေအောက်ရောက်သွားကြောင်း လာအို သတင်းအေဂျင်စီး LNA က ဖော်ပြထားသည်။

အိမ်ခေါင်မိုးပေါ်တွင် ရွာသားများ ငုတ်တုပ်ထိုင်နေခြင်းနှင့် လှေများဖြင့် တိမ်းရှောင်ထွက်ပြေးနေကြပုံ စသည့် သတင်းဓာတ်ပုံများ တက်လျက်ရှိသည်။

“ယခု သဘာဝ ဘေးဒဏ်သည် အသက်များစွာ ဆုံးပါးနိုင်ပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေသည်”ဟု လာအို သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

ရှီပီယန်ရှီနန်နွိုင် ဆည်ကြီး ပြိုကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။ ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါ မီဂါဆည်ကြီးကို တည်ဆောက်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်ရန်အတွက်ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးပြီးနောက် ယင်းသို့ ဆည်ကျိုးကျသည့် ပြဿနာက နောက်ဆက်တွဲ ပါလာခြင်းဖြစ်သည်။

တောင်ကိုရီးယားအခြေစိုက် SK Engineering & Construction ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်ပြီး ဆည်အနီးအနားရှိ ပြည်သူများကို ဘေးလွတ်ရာ ပို့ဆောင်ရန်အတွက် ပြင်ဆင်နေကြောင်း Reuters သတင်းဌာနကို ကုမ္ပဏီက ပြောကြားသည်။

ဝန်ကြီးချုပ် သောင်လုံစီဆိုလစ်သည် အစိုးရအစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ပြီး သဘာဝဘေးဒဏ်ဖြစ်ရာနေရာသို့ အခြားအစိုးရအရာရှိကြီးများနဲ့အတူ ရောက်ရှိလာခဲ့သည်ဟု အစိုးရမီဒီယာက ဖော်ပြထားသည်။

ဒုက္ခသည်များအတွက် အဝတ်အစား၊ အစားအစာ၊ သောက်ရေနှင့် ဆေးဝါးတို့ လိုအပ်နေပါကြောင်း ဒေသအာဏာပိုင်များက အစိုးရနှင့် အခြားရပ်ရွာများသို့ တင်ပြအကူအညီတောင်းခံထားသည်။ 

လာအိုသည် အာရှတိုက်၏ ဘတ္ထရီ ဖြစ်စေရမည်ဟူသော ရည်မှန်းချက်ဖြင့် ရေအားလျှပ်စစ်ထုတ် ဆည်ကြီးများ လာအိုတွင် တည်ဆောက်နေခြင်းဖြစ်သည်။

F-02