News

POST TYPE

OPINION

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေး ကြိုဆိုပွဲလုပ်
17-Jul-2018
စစ်တွေ၊ ဇူလိုင် ၁၆ 

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူစီးပွားရေးဇုန် (SEZ) တည်ဆောက်ရေးအတွက် ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း (KDNEDA) က ဇူလိုင်လ ၁၄ ရက်တွင် ကြိုဆိုပွဲ လုပ်ဆောင်ခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်တိုင်းရင်းသားများက အခြားသောနိုင်ငံများနှင့် နေရာဒေသအသီးသီးတွင် အလုပ်လုပ်ကိုင်နေရကြောင်း၊ ရခိုင်ဒေသတွင်လုံခြုံမှု၊ ခိုင်မာသည့်ဖွံ့ဖြိုး တိုးတက်မှုများနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှသာ ရခိုင်တိုင်းရင်းသားများ အိမ်သို့ပြန်လာနိုင်မည်ဖြစ်ကြောင်း (KDNEDA) မှ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က ပြောသည်။ 

အဆိုပါကြိုဆိုပွဲသို့ လူမှုအဖွဲ့အစည်းများ၊ မြို့နယ်ကိုယ်စားလှယ်များ၊ ဒေသခံမြေရှင်များ၊ ရေလုပ်သားအပါအဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ကျောက်ဖြူစီးပွားရေးဇုန် ဆောင်ရွက်ရာတွင် လယ်ယာမြေအစားထိုး ပြန်လည်ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်ရရှိရေး၊ အတတ်ပညာများဖြန့်ဝေပေးရေး၊ ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသော တိုင်းရင်းသားများကို ကူညီထောက်ပံ့ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဦးဆောင်ကျင်းပသူများထံမှ သိရသည်။

စီးပွားရေးဇုန် ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာမှုမရှိစေဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်နှင့် ဒေသခံတိုင်းရင်းသားများ အဆင်မပြေမှုရှိပါက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုမည် မဟုတ်ဘဲ စားပွဲပေါ်ထိုင်ကာ တောင်းဆိုနိုင်ရန် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ကိုယ်စားလှယ်တို့ဖြင့် (KDNEDA) ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရပိုင် China International Trust Investment Corporation (CITIC) က တင်ဒါအောင်မြင်ခဲ့ပြီး မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ကြား ရှယ်ယာ ၃၀ နှင့် ၇၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ်သည်။ 

စီးပွားရေးဇုန်ကို ကျောက်ဖြူမြို့နယ်တွင် ဒေါ်လာ ၁၀ ဘီလီယံကုန်ကျခံ တည်ဆောက်ရန်စီစဉ်ထားပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်လာမည်ဖြစ်ကာ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအနီး ၁၀၀၀ ဟက်တာကျယ်သော စက်မှုဇုန်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ 

လက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့နယ်ထဲသို့ ရေနံတင်သင်္ဘောများ ဝင်ရောက်လာခြင်းတို့ကြောင့် ဒေသခံငါးဖမ်းစက်လှေသမားများမှာ ငါးဖမ်းဆီးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ 

R-22


  • VIA