News

POST TYPE

OPINION

တရုတ်-မြန်မာနယ်စပ်တွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်မည်
14-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၄

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် အကောင်အထည်ဖော် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို စိတ်ဝင်စားမှုလျှောက်လွှာ (EOI) ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ အထူးစီးပွားရေးဇုန်ဖော်ဆောင်မည့်နေရာကို အတည်ပြုသတ်မှတ်နိုင်ရန်အတွက် နှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ပြည် တွင်း ပြည်ပကုမ္ပဏီများကို ယခုနှစ်အတွင်း EOI ခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အခုက နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက်မယ့် ဇုန်နေရာကို နှစ်ဖက်သဘောတူညီဖို့ လုပ်နေတယ်။ အဲဒါသဘောတူညီချက်ရပြီဆိုတာနဲ့ ကျန်တဲ့လုပ်ငန်းစဉ်တွေကို အဆင့်လိုက် ဆက်သွားမယ်”ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်းအတွက် ၂၀၁၇ ခုနှစ် မေလအတွင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်၌ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားပြီးဖြစ်ကာ အကောင်အထည်ဖော်မည့်နေရာ သတ်မှတ်ပြီးပါက စီမံကိန်းကို စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

လတ်တလောတွင် စီမံကိန်းနေရာကို တရုတ်နိုင်ငံဘက်က ရွှေလီနယ်စပ်ဒေသနှင့် မြန်မာနိုင်ငံဘက်က မူဆယ်နယ်စပ်တွင် အကောင်အထည်ဖော်ရန် အဆိုပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ဒီလို စီးပွားရေးဇုန် ဖြစ်လာရင်တော့ တရုတ်ဈေးကွက်ကိုပို့နေတဲ့ ပို့ကုန်တွေအတွက် တော်တော် အဆင်ပြေလာနိုင်တယ်။ ဒါပေမဲ့ တရုတ်က သူတို့ပဲ အသာစီး ယူထားမယ့်ပုံစံမျိုး ဖြစ်နေမှာပဲ စိုးရတယ်”ဟု တရုတ်ဈေးကွက်သို့ သစ်သီးများတင်ပို့နေသော ကုန်သည်တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းထွက် ပို့ကုန်အများစုသည် တရုတ်နိုင်ငံဈေးကွက်ကိုသာ အဓိကတင်ပို့နေရပြီး တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားကာ ထုတ်ကုန်များ၏ ဈေးနှုန်းများမှာလည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားအပေါ် မူတည်ပြီး ရောင်းချနေရခြင်းကြောင့် ဈေးနှိမ်ဝယ်ယူများ အမြဲကြုံတွေ့ရကြောင်း ၎င်းကဆိုသည်။

အဆိုပါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ပြီးပါက ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ခရီးသွားကဏ္ဍများနှင့် စက်မှုဇုန်များ ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

J-01