News

POST TYPE

OPINION

သီလဝါတွင် သုံးလအတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိ
13-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၂

သီလဝါအထူးစီးပွားရေးဇုန်တွင် ယခုဘဏ္ဍာနှစ် ကြားကာလ သုံးလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လ ပထမသီတင်းပတ်အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၄၂ ဒသမ ၀၀၈ သန်းဖြစ်ကြောင်း ယင်းဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန် အပိုင်း (က) ကို တည်ဆောက်ပြီးစီးနေပြီဖြစ်၍ အပိုင်း (ခ) မြေကွက်များကိုလည်း ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းများကို စတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း အဆိုပါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်တည်ဆောက်နေသည့် MJTD ကုမ္ပဏီထံမှသိရသည်။

လတ်တလောတွင် သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၇ ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၉၄ ခုခန့်က ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ယင်းလုပ်ငန်းထက်ဝက်ခန့်မှာ လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်ကြောင်း MJTD ထံမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သောစက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်စက်ရုံတို့ဖြစ်သည်။

J-01


  • VIA