News

POST TYPE

OPINION

အတွင်းမီးများကို ဦးစွာ ငြှိမ်းသတ်ပါ (Daily, Vol-6/No-79)
11-Jul-2018 tagged as

ငြိမ်းချမ်းရေးဟု ပြောလိုက်သည်နှင့် အများစုက ပြည်တွင်းစစ်ကိုသာ ပြေးမြင်ကြသည်။ ပြည်တွင်းစစ်သည် မြင်သာထင်သာရှိသော ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်သောကြောင့် မငြိမ်းချမ်းမှုနှင့် ပြည်တွင်းစစ်က တိုက်ရိုက် ဆက်စပ်နေခြင်းဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ မငြိမ်းချမ်းမှုများ၏ မြစ်ဖျားခံရာမှာ အင်အားစု အသီးသီး၏ စိတ်ပိုင်းခံစားမှုများဖြစ်သည်။ အင်အားစုဆိုရာတွင်လည်း လက်နက်ကိုင်ထားသူများရော လက်နက်ကိုင် မထားသူများရော အားလုံး အကျုံးဝင်သည်။

သို့သော် မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေများအရ လက်နက်ကိုင် တိုက်ပွဲများက ငြိမ်းချမ်းရေးကို အဓိက အဟန့်အတားပြုနေရာ လက်နက်ကိုင်ထားသူများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များက အဓိကနေရာတွင် ရှိနေပြန်သည်။

လက်နက်တပ်ဆင်ထားသော အင်အားစုတစ်ခုသည် လက်နက်အင်အား သို့မဟုတ် ပါဝါအမာသည် ၎င်းတို့၏ အဓိက စွမ်းအင်ဟု ယုံကြည်ကြသည့်အလျောက် ပြဿနာ အရပ်ရပ်အပေါ် ထိုပါဝါအမာကို အထိုင်ပြုချဉ်းကပ်၊ စဉ်းစား၊ သုံးသပ်၊ အဖြေထုတ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ပါဝါအမာကို အထိုင်ပြုထားသူများက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ခဲ့သည့် အချိန်ကာလ များစွာ ရှည်လျားခဲ့သောကြောင့် မိမိတို့ကိုယ်ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၊ နိုင်ငံအတွက် မရှိမဖြစ် အင်စတီကျူးရှင်းတစ်ခုအဖြစ် နည်းမျိုးစုံဖြင့် ပုံဖော်လာတတ်သည်။

ထို့အပြင် မိမိတို့တွင် သဘာဝအလျောက် ရှိနေတတ်သည့် အားနည်းချက်၊ ချို့ယွင်းချက်များကိုပင် မရှိတော့သယောင်၊ သမိုင်းအချက်အလက်များကို လိုရာဆွဲ အဓိပ္ပာယ်ကောက်ကာ ပါဝါအပျော့ကို ကိုယ်စားပြုသည့် နိုင်ငံရေးသမားများတွင်သာ တာဝန်ရှိသယောင် ထမင်းရည်ပူလာလျှာလွှဲ အပြစ်ပုံချလာ တတ်သည်။

အင်အားကြီးသူများသာ အနိုင်ရလေ့ရှိတတ်သော လောကသဘာဝအရ အင်အားနည်းသူများအပေါ် အင်အားကြီးသူများက အနိုင်ယူနေသမျှ ငြိမ်းချမ်းမှု ဖြစ်ပေါ်လာနိုင်စရာ မရှိပေ။ ထို့အတူ သမိုင်းအချက်အလက်များကိုလည်း မိမိတို့ အထိုင်အသီးသီးမှ သန်ရာ သန်ရာ အဓိပ္ပာယ်ကောက်ကာ တစ်ဖက်နှင့်တစ်ဖက် အပြစ်ဖို့ စွပ်စွဲနေသမျှ ငြိမ်းချမ်းရေးလမ်းစ ပေါ်လာနိုင်စရာ မရှိပေ။

ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ ရုပ်ပိုင်းဆိုင်ရာ လက်နက်ကိုင်တိုက်ပွဲများ ရပ်စဲရေး၊ ပြည်တွင်းစစ် ပြီးဆုံးရေးစသည့် ငြိမ်းရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းနေလင့်ကစား အားလုံး၏ စိတ်အခံတွင် ငြိမ်းချမ်းသော အတွေးအကြံများမရှိလျှင် လက်တွေ့ကျသော ငြိမ်းချမ်းရေး မရရှိနိုင်ပေ။

အတ္တ၊ လောဘ၊ မနာလိုမှု၊ တွန့်တိုစေးနှဲမှု၊ အမျိုးသားရေး အစွန်းရောက် အတွေးအခေါ်၊ ဘာသာရေး ခွဲခြားရှုမြင်မှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှု၊ အာဏာ လက်မလွှတ်လိုမှု၊ အများထက် အခွင့်အရေး ပိုရသင့်သူများအဖြစ် ထင်မြင်ယူဆနေမှုကဲ့သို့ အတွင်းပိုင်းဆိုင်ရာ ပူလောင်မှုများ လျော့ပါး ငြှိမ်းသတ်နိုင်ပါမှ အေးမြသော ငြိမ်းချမ်းရေးလမ်းစကို မြင်နိုင်မည်ဖြစ်ကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၁-၇-၂၀၁၈)

  • TAGS