News

POST TYPE

OPINION

တပ်ချုပ်အပါအဝင် အရာရှိ ၁၃ ဦးကို အရေးယူရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြေညာချက်ထုတ်
27-Jun-2018
ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ်အတွင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘင်္ဂါလီများအပေါ် ကျူးလွန်မှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီး ၈ ဦး၊ အရာရှိငယ် ၁ ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အရာရှိ ၃ ဦးတို့ကိုအရေးယူရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဇွန်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စာမျက်နှာ ၁၇၄ မျက်နှာပါသည့် အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်အနေနှင့် ဘင်္ဂါလီများအပေါ် အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အစာရေစာ ဖြတ်တောက်မှု၊ မြေမြှုပ်မိုင်းသုံးစွဲမှုနှင့် ရွာများကို ပစ်မှတ်ထားပြီး အကြီးအကျယ် မီးရှို့မှု စသည့် လူသားထုအပေါ် ကျူးလွန်သော ပြစ်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ AI  အဖွဲ့အနေနှင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟု သူတို့ကိုယ် သူတို့ အမည်ပေးထားသော အကြမ်းဖက် လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြဿနာအတွင်း ဟိန္ဒူကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ်များ အပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်းနှင့် AI အဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာ၌ ကလေးငယ် အများစုပါဝင်သော ဟိန္ဒူဘာသာဝင် ၅၃ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ARSA အဖွဲ့ဝင်များအနေနှင့် ဟိန္ဒူကလေး၊ အမျိုးသမီးများနှင့် အမျိုးသားများကို ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသားများကိုသတ်ပြီး အမျိုးသမီးတချို့ကို အတင်းအကျပ် အစ္စလာမ်ဘာသာကို ကူးပြောင်းခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ တပ်မတော်မှ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် အကြောင်းပြန်ကြားခြင်းမရှိပေ။

AI အဖွဲ့၏ အစီရင်ခံစာကြောင့် တပ်မတော်အပေါ် ရိုက်ခတ်မှုအချို့ ရှိနိုင်သော်လည်း ထူးထူးခြားခြား ထိခိုက်မှုမရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

“ဒါက တပ်မတော်အပေါ် နိုင်ငံတကာရဲ့ ထောက်ကွက်တစ်ခုအနေနဲ့တော့ ရှိနိုင်တယ်၊ ဒါပေမဲ့ ထူးထူးခြားခြားတော့ ဖြစ်လာမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုရင် AI က အရင်တစ်ခေါက်တုန်းက ဒီလိုပဲ ထုတ်ပြန်ခဲ့တယ်၊ ဒါကို ဘင်္ဂလားဒေ့်ရှ်အစိုးရက ငြင်းပယ်လိုက်တယ်၊ အခုလည်း တပ်မတော်ဘက်က ငြင်းပယ်ဦးမှာပဲလေ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော်မှထုတ်ပယ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောမှာ မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်ပြလာသဖြင့် ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်နေ့တွင် တပ်မတော်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တပ်မတော်မှ အရာရှိနှစ်ဦးအပြင် ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ၌ ပါဝင်ခဲ့ကြသည့် ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦးတို့ကို ဥရောပသမဂ္ဂ (EU) က ရက်ပိုင်းအတွင်းက ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။

AI  အဖွဲ့အနေနှင့် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် ဘင်္ဂလားဒေ့်ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည် စုစုပေါင်း ၄၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည့်အပြင် ထိုပြဿနာအတွင်း ကိုယ်တိုင်ခံခဲ့ရသူများ၊ မျက်မြင်သက်သေများ၏ ပြောကြားချက်များ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် လျှို့ဝှက်စာရွက်စာတမ်းများကို စုဆောင်းပြီး အထက်ပါ အစီရင်ခံစာအား ထုတ်ပြန်ခဲ့ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝေလင်း