News

POST TYPE

OPINION

ပြည်သူများ၏ ယုံကြည်မှုရရှိရန်နှင့် ပါတီအင်အား တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း NLD ညီလာခံ သဘာပတိပြောကြား
23-Jun-2018
ရန်ကုန်၊ ဇွန် ၂၃

ပြည်သူများ၏ ယုံကြည်လေးစား အားထားမှု ရရှိရန်နှင့် ပါတီအင်အားတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့၌ ဇွန်လ ၂၃ ရက်က ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်သူ ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးညီပုက ပြောကြားခဲ့သည်။

အဆိုပါညီလာခံ ပထမနေ့တွင် နိုင်ငံရေး အစီရင်ခံစာနှင့် စည်းရုံးရေးအစီ ရင်ခံစာဖတ်ကြားခြင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များကို ထပ်မံ တိုးချဲ့ရွေးချယ်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

“ရှိပြီးသား ဗဟိုကော်မတီဝင်တွေ၊ ရှိပြီးသားသူတွေကို ပြန်ရွေးမှာ မဟုတ်ဘူး၊ ထပ်တိုးပြီးရွေးတာပေါ့၊ ပြည်နယ်နဲ့ တိုင်းအလိုက် အချိုးကျ ပြန်ရွေးမှာပေါ့”ဟု ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုသည်။

လက်ရှိတွင် ဗဟိုကော်မတီဝင်အဖွဲ့ကို အဖွဲ့ဝင် ၁၂၀ ဖြင့် ဖွဲ့စည်းထားကာ ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခုညီလာခံသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကိုယ်စားလှယ် ၁၁၀၀ ကျော်တက်ရောက်ခဲ့သည်။

သဘာပတိဦးညီပုက “အဖွဲ့ချုပ် ဦးဆောင်မှုနဲ့ ပါတီ၊ အစိုးရ၊ လွှတ်တော်ကဏ္ဍကြီး ၃ ရပ်ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရေးသည် အလွန်အရေးကြီးပြီး အဲ့လို ဆောင်ရွက်ရာမှာ အချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှုနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံအနာဂတ် ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ပြည်သူများရဲ့ မျှော်လင့်ချက်လည်း ပြည့်ဝလာမှာ ဖြစ်ပါတယ်”ဟု သဘာပတိမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ညီလာခံ လုပ်ထုံးလုပ်နည်းများနှင့် ဗဟိုကော်မတီဝင် ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ စည်းရုံးရေး အစီရင်ခံစာကို ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားခဲ့သည်။

ရှေ့လုပ်ငန်းစဉ် (၁) အဖြစ် နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက် သုံးရပ်ဖြစ်သော တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လုပ်ငန်းစဉ် (၂) အဖြစ် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ လုပ်ငန်းစဉ် (၃) အဖြစ် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ လုပ်ငန်းစဉ် (၄) အဖြစ် ခိုင်မာအားကောင်းသော အဖွဲ့ချုပ်ကို စနစ်တကျ တည်ဆောက်ရေးနှင့် လုပ်ငန်းစဉ် (၅) အဖြစ် အဖွဲ့ချုပ် အစိုးရ၏မူဝါဒနှင့် လုပ်ငန်းများကို ဝန်းရံရေးတို့ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခဲ့သည်။

NLD ပါတီကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့ခွင့် မရခဲ့သည့်အပြင် ပါတီခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြန်လည် ဝင်ရောက်အရွေးချယ် ခံခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ကျင်းပနိုင်ခဲ့ ကာ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် အစိုးရဖွဲ့ထားသော ပါတီဖြစ်သည်။

ဝေလင်း