News

POST TYPE

OPINION

အိန္ဒိယနှင့် ဒီမိုကရေစီ
21-Jun-2018
(၁)

လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ၊ လွတ်လပ်သော တရားစီရင်ရေး၊ ဆူညံသောအတိုက်အခံပါတီများ၊ လွတ်လပ်သောမီဒီယာနှင့် နိုင်ငံရေးနှင့်ကင်းအောင်နေသော စစ်တပ်တို့ဖြင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးကို သတ်မှတ်ထားခဲ့သည်မှာ သူ့နိုင်ငံ၏ ဖွဲ့စည်းပုံကိုရေးဆွဲခဲ့သော ၁၉၅၀ ခုနှစ်မှ စတင်ခဲ့ပါသည်။

အိန္ဒိယသည် နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေကို နိုင်ငံတော်အုပ်ချုပ်ရေးဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ကိုလိုက်နာရာ၌  အခြားတိုးတက်သောနိုင်ငံများနှင့်မတူပါ။ သို့ပါသော်လည်း လွန်ခဲ့သည့်လေးနှစ်က Bhartiya Janata Party အာဏာရယူပြီး အုပ်ချုပ်ခဲ့သည့်ကာလအတွင်း ဘယ်သောအခါနှင့်မျှမတူအောင် ပျက်စီးခဲ့ပါပြီ။

အိန္ဒိယနိုင်ငံတွင် ဗဟိုအုပ်ချုပ်ရေးမဟုတ်ဘဲ (Decentralized System) စနစ်နှင့် အုပ်ချုပ်ပါသည်။ တိုင်းနှင့် ပြည်နယ်တိုင်းကို Chief Minister က အုပ်ချုပ်ပါသည်။ ထိုဝန်ကြီးချုပ်များသည် ရွေးကောက်ခံပါတီတစ်ခု သို့မဟုတ် ညွန့်ပေါင်းပါတီများကို ကိုယ်စားပြုရပါသည်။ အိန္ဒိယတွင် အစိုးရခန့်ထားသော အုပ်ချုပ်ရေးမှူး (Governor) များလည်း ရှိပါသည်။ ထိုအုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲပြီးတိုင်း ပြီးတိုင်း အနိုင်ရသည့်ပါတီကို ဝန်ကြီးချုပ် (Chief Minister) ခန့်ထားရန် ဖိတ်ခေါ်ကြပါသည်။

ဂါဗာနာ၏ရုံးသည် မိမိလိုရာကိုဆွဲ၍ သုံးကြသည်မှန်သော်လည်း (Karnaaka) တောင်ပိုင်း အိန္ဒိယပြည်နယ်တစ်ခု၏ လုပ်ပုံမှာ အလွန်ဆိုးရွားပါသည်။ ဘီဂျေပီကိုဆန့်ကျင်သော အတိုက်အခံများ၏ ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲ အနိုင်ရရှိသော်လည်း ဝန်ကြီးချုပ် မစ္စတာမိုဒီ (Mr. Nerandra Modi) ၏ လက်ထောက်တစ်ယောက်ဖြစ်သော မစ္စတာဘာလာ (Vajnbhai Vala) က ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ငြင်းဆန်ခဲ့ပါသည်။

မစ္စတာဘာလာက ဘီဂျေပီပါတီကိုသာ အစိုးရဖွဲ့ရန်ဆောက်ရွက်ခဲ့သဖြင့် တိုင်းပြည်၏အမြင့်ဆုံးတရားရုံးက ဝင်ရောက်စွက်ဖက်ခဲ့ရပါသည်။ တရားရုံးက ဝင်ရောက်ပြောဆိုမှသာ အတိုက်အခံတို့ဘက်မှ အစိုးရဖွဲ့နိုင်ခဲ့ကြပါသည်။ 

အလားတူအဖြစ်ပျက်များသည် ပါလီမန်တွင် ဖြစ်ပွားခဲ့ပြန်သည်။ အတိုက်အခံဆိုသည်မှာ အစိုးရလုပ်ချင်ရာ မလုပ်နိုင်အောင် ဖွဲ့စည်းထားရှိရပါသည်။ Check and Balance System ဖြစ်ပါသည်။ လွန်ခဲ့သော လအနည်းငယ်အတွင်းက အစိုးရအပေါ်အယုံအကြည်မရှိ အဆိုတင်သွင်းရန် အတိုက်အခံပါတီများမှ ကြိုးစားခဲ့ကြပါသည်။ ပါလီမန်သည် အလုပ်အမြဲရှုပ်၍ အခြားအရေးကြီးသောတာဝန်များကို ထမ်းဆောင်ကြရသော်လည်း အစိုးရအပေါ်အယုံအကြည်မရှိ အဆိုတင်သွင်းခြင်းကို လက်ခံကြရပါသည်။ ဘီဂျေပီကခန့်ထားသော အောက်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူ (Speaker) က ထိုအဆိုကို တင်သွင်းရန် အမြဲငြင်းဆန်နေခဲ့ပါသည်။

ဘီဂျေပီသည် လွှတ်တော်ထဲတွင် မဲနေရာအများဆုံးရရှိထားသဖြင့် အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခြင်းမှာ အောင်မြင်စရာအကြောင်းမရှိပါ။ သို့ပါသော်လည်း တစ်တိုင်းပြည်လုံးက တွေ့မြင်ကြရသည့် တီဗီဒီဘိတ်တွင် အတိုက်အခံများက မိုဒီ၏ စီးပွားရေးပေါ်လစီများ၏ မှားယွင်းနေပုံကို ထောက်ပြကြသည်။

အိန္ဒိယသည် ဖွံ့ဖြိုးလာသောစီးပွားရေးကဏ္ဍ၏ပွင့်လင်းမှုကို မြင်ကြရသော်လည်း အိန္ဒိယနိုင်ငံ၏ဘတ်ဂျက်သည် လွန်စွာများပြားနေသည်။ အတိုက်အခံတို့က ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဘတ်ဂျက်လျာထားမှုအပေါ် ဝေဖန်ကြသည်။ ၎င်းတို့ကို သူ့အချိန်နှင့်သူ ဆွေးနွေးရန်ကန့်သတ်ထားသည်။ အချိန်မရ၍ မဆွေးနွေးနိုင်ပါက ဒီအတိုင်းသာအတည် ပြုလိုက်ရသည်။ ဤဖြစ်ရပ်ကို ဂယ်လူတင်း Guillotine ဖြစ်သည်ဟုခေါ်သည်။

မတ်လရောက်သောအခါ ဘတ်ဂျက်နှစ်သည် ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ မိုဒီ၏ပါတီသည် နိုင်ငံ၏ ဥပဒေပြုသူများအတွက် ဘတ်ဂျက်ကို ဝေဖန်ဖို့မဖြစ်နိုင်တော့လောက်အောင် ဖြစ်သွားစေသည်။ ဤသို့ဖြင့် ဂယ်လူတင်းဖြစ်ရပ်ဖြင့် လျှော့ပေးလိုက်ရသော ဥပဒေများမှာများလှသည်။

နိုင်ငံ၏အမြင့်ဆုံးတရားရုံးက ကိစ္စများကိုဆုံးဖြတ်ရာတွင် Chief Justice က လိုအပ်သလို တရားသူကြီးများကို တာဝန်ချထားလေ့ရှိပါသည်။ ဇန်နဝါရီလတွင် တရားသူကြီး ၄ ဦးက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။ သူတို့က တရားသူကြီးချုပ်သည် အမှုများကိုသတ်မှတ်ချထားရာ၌ မသမာမှုများရှိနေသည်ဟု စွပ်စွဲခဲ့သည်။

မစ္စတာဘူရှန် (Prashant Bhushan) ခေါ်ထင်ရှားသည့်ရှေ့နေ တစ်ယောက်က ပြောဆိုရာတွင် အမှုများကိုတာဝန်ချထားရာ၌ နိုင်ငံရေးသဘောအရပါဝင်သောအမှုများတွင် တရားသူကြီးချုပ်က တရားသူကြီး ရွေးချယ်ရာတွင် အရည်အချင်းရှိသူများပါဝင်နေသဖြင့် အမှု၏အဖြေမှာ အစိုးရအလိုအတိုင်းသာဖြစ်စေသည်ဟုဆိုသည်။ တရားသူကြီးချုပ်သည် အစိုးရဘက်က ဘက်လိုက်နေသည်ဟု စွပ်စွဲပြောဆိုသည်။ သူကအစိုးရနှင့်အုပ်ချုပ်သောပါတီသည် တရားသူကြီးချုပ်ကို အကျပ်ကိုင်လေ့ရှိသည်ဟုဆိုသည်။ တရားသူကြီးချုပ်မှာ လာဘ်စားမှုဖြင့် တရားရင်ဆိုင်နေရသည်။

မိုဒီ၏အစိုးရလက်ထက် ခြစားမှုများမှာ စစ်တပ်ကိုလည်း အလွတ်မပေးခဲ့ပေ။ ဂျင်နရယ်ရာဝတ် (Bipin Rawat) မှာ သူ့အထက် စီနီယာအကျဆုံးလူများကိုကျော်လွှားကာ မထိုက်တန်ဘဲရာထူးကို ရရှိထားသည်။ ဂျင်နရယ်ရာဝပ်သည် စစ်တပ်အကြီးအကဲဖြစ်ပြီး နောက်ပိုင်း မိုဒီအစိုးရကို နိုင်ငံရေးအရ ထောက်ခံလေ့ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှာလည်း အိန္ဒိယကော်မရှင်များသည် လွတ်လပ်သော၊ တရားမျှတသောကော်မရှင်များအဖြစ် အမည်ရခဲ့သော်လည်း မိုဒီလက်ထက်တွင် ရွေးကောက်ပွဲရက်များကို အစိုးရအားအသာရစေမည့်ရက်များကိုသာ ရွေးချယ်ပေးလေ့ရှိသည်။ သူဂူဂျာရက်ပြည်နယ် ဝန်ကြီးချုပ်လုပ်စဉ်က အတူတွဲလုပ်ခဲ့ဖူးသောသူက ဦးဆောင်လျက်ရှိရာ မသမာမှုများရှိနေသည်။

အိန္ဒိယမီဒီယာများကလည်း ရိုသေလေးစားအပ်သော သတင်းဌာနအနည်းငယ်မှအပ မစ္စတာမိုဒီနှင့် သူ၏အပေါင်းအပါများအကြိုက် ရေးသားကြသည်။ မီဒီယာအားလုံးလိုလိုမှာ အစိုးရ၏ကောင်းသတင်း၊ ကောင်းသောအပြုအမူများကိုသာ ရေးသားနေကြသည်။ အထူးသဖြင့်မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒ၏ ကောင်းမြတ်ပုံကို အလေးအနက်ထား၍ ရေးသားကြသည်။

Cobrapost ဆိုသော ဝက်ဘ်ဆိုက်သည် မီဒီယာကုမ္ပဏီအများအပြားနှင့်တွေ့ဆုံကာ ဟိန္ဒူအမျိုးသားရေးဝါဒနှင့်ပတ်သက်၍ ကောင်းမွန်စွာရေးသားပါက ကုမ္ပဏီများကို ဒေါ်လာသန်းနှင့်ချီ၍ပေးရန် မြှူဆွယ်သည်။ သူတို့လိုအပ်သောကြေညာချက်များမှာ ဘီဂျေပီအစိုးရနှင့် ဟိန္ဒူအမျိုးသားရေးဝါဒကို အကျိုးရှိစေမည့် ကြေညာချက်များဖြစ်သည်။

အိန္ဒိယသည် အထွေထွေရွေးကောက်ပွဲကို နောက်နှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည်။ ထိုရွေးကောက်ပွဲတွင် မိုဒီအပေါ် တိုင်းပြည်မှအမြင် (Rating) မှာ ကျဆင်းလျက်ရှိပါသည်။ သူ့ကိုဆန့်ကျင်သောအသံများ တိတ်သွားစေရန်၊ အတိုက်အခံပါတီများကို ကျရှုံးစေရန်မိုဒီက ဒီမိုကရေစီ မကျသောနည်းများဖြင့် အဘယ်မျှလုပ်နိုင်မည်ကို စောင့်ကြည့်ရပါလိမ့်မည်။

ကိုသန်းလွင်
Ref: India’s embattled Democracy , By Harton Singh Bal New York Times May 30 2018