News

POST TYPE

OPINION

တပ်ချုပ် မွန်ရေဘေးသင့်သူများထံသွားရောက်
19-Jun-2018

မော်လမြိုင်၊ ဇွန် ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၁၉ ရက်တွင် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး မြေပြိုမှုကြောင့် ပျက်စီးခဲ့သော ကျိုက်သလ္လံစေတီ၏ ပြုပြင်ရာတွင် ကူညီရန်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်ကာ ကူညီထောက်ပံ့ခဲ့သည်။

“ကျွန်တော်တို့ မွန်ပြည်နယ်အတွင်းမှာ ကျရောက်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေကိုကူညီဖို့ ရောက်လာတာပါ၊ ဘာလုပ်ပေးရမလဲဆိုတာပြောပါ၊ ကူညီဆောင်ရွက်ဖို့ အသင့်ပါပဲ၊ ကျွန်တော်တို့မှာ လူအင်အားတွေရှိတယ်၊ အခု ဒီဘုရားကိုပြုပြင်ဖို့အတွက်လည်း အင်ဂျင်နီယာတွေကိုပါ တစ်ခါတည်း ခေါ်လာပါတယ်၊ မော်လမြိုင်မှာ လိုအပ်တာတွေ ကူညီပေးပါ့မယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျိုက်သလ္လံစေတီတွင် ပြောကြားသည်။

ယင်းအပြင် ကျိုက်သလ္လံစေတီသည် ရှေးဟောင်း အမွေအနှစ် စေတီဖြစ်သည့်အတွက် များစွာ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ယခုလက်ရှိတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားပြီး တပ်မတော်အနေနှင့် ပညာရှင်များကိုခေါ်ယူ၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် ကျိုက်သလ္လံစေတီအတွက် ကာကွယ်ရေးဦးစီးချုပ်က ကျပ် ၅၃ သိန်းကျော်နှင့် ဘိလပ်မြေအိတ် ၁၀၀၀ ကိုလှူဒါန်းခဲ့ကြောင်း၊ ထို့အပြင် မော်လမြိုင်မြို့ပေါ်ရှိ ချမ်းအေးရေဘေးရှောင်စခန်းတွင် ဆန်အိတ်၊ ဆီပုံးများ၊ အစားအသောက်များကို ကျပ်သိန်း၂၀ဖိုးခန့် ထောက်ပံ့ခဲ့ကြောင်း သီရိမြိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်စိုးက ပြောသည်။

“ရေဘေးကြောင့် စခန်းတွေမှာ ရောက်နေရတယ်လို့ ကြားလို့ ကျွန်တော်တို့ ရောက်လာတာပါ၊ ရေဘေးက သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူး၊ ဒါပေမဲ့ စုပေါင်းအားနဲ့ လုပ်လို့ရတာ အများကြီး ရှိတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချမ်းအေးရေဘေးရှောင်စခန်းတွင် ပြောဆိုသည်။

ရေးမြို့နယ်တွင် လက်ရှိအထိ ရေဘေးရှောင်စခန်း ၅ ခုရှိနေပြီး လူဦးရေ ၁၅၀၀ ခန့်နှင့် မော်လမြိုင်မြို့တွင် ကယ်ဆယ်ရေးစခန်း ၂ခုရှိနေပြီး လူ ၆၅၀ ခန့် ခိုလှုံနေသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က ရေးမြို့နယ် အားကစားရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် စားနပ်ရိက္ခာများ၊ ရေဘေးသင့် ကျောင်းသားကျောင်းသူ ၄၀၀ အတွက် ပညာသင်ထောက်ပံ့ကြေး သိန်း၄၀ လှူဒါန်းခဲ့ကြောင်း ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်ခဲ့ရာ ရေဘေးရှောင်စခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ပြီး ရေဘေးရှောင်သူ ၇၀၀၀ ကျော်က ရေလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း၊ ဇွန်လ ၁၉ ရက်တွင် ရေများ ကျဆင်းသွားသဖြင့် ရေဘေးရှောင်သူအချို့ နေရပ်တွင် ပြန်လည် နေထိုင်နေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

R-21