News

POST TYPE

OPINION

ထိုင်းဘုရင်သစ်က တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်
19-Jun-2018


ဘန်ကောက်၊ ဇွန် ၁၈

ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းသည် တော်ဝင်မိသားစုရေးရာများတွင် အဓိကကျကျ ကိုင်တွယ်သည့်အနေနှင့် ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုအားလုံးကို လက်လွှဲရယူလိုက်ပြီဖြစ်ရာ ကမ္ဘာတွင် အချမ်းသာဆုံးဘုရင် ဖြစ်လာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဖခင်ဖြစ်သူ ဘူမိဘောလ် ကွယ်လွန်ပြီးနောက် ထီးနန်းဆက်ခံခဲ့သော ထိုင်းဘုရင်သည် လွန်ခဲ့သော နှစ် ၈၀ ကာလ တစ်လျှောက်လုံး တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခဲ့သော ဘုရင့်ဘဏ္ဍာတော်ဌာန Crown Property Bureau ထံမှနေ၍ အဆိုပါပိုင်ဆိုင်မှု ဓနဥစ္စာများကို လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။

ယခင်ကမူ တော်ဝင်မိသားစု ဘဏ္ဍာတော်များကို အစိုးရတစ်ပိုင်း ဌာနတစ်ခုဖြစ်သော Crown Property Bureau က ၁၉၃၆ ခုနှစ် ဥပဒေများအရ စီမံခန့်ခွဲခဲ့သော်လည်း လက်ရှိ စစ်အစိုးရက ဘဏ္ဍာတော်ဌာန၏ ထိန်းချုပ်စီမံခွင့်ကို ဘုရင့်ထံလွှဲအပ်ရန် မနှစ်က ဥပဒေသစ်ပြဋ္ဌာန်းခဲ့သည်။

ဘဏ္ဍာတော်ဌာန CPU သည် စနေနေ့က ရှားရှားပါးပါး ရှင်းလင်းကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုအလုံးစုံကို ဘုရင်မင်းမြတ်ထံ လွှဲပြောင်းအပ်နှံလိုက်ပြီဖြစ်ကြောင်းနှင့် ဘုရင်မင်းမြတ်၏ ဆုံးဖြတ်ချက်အတိုင်း စီမံခန့်ခွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါကြေညာချက်တွင် မြို့တော်ဘန်ကောက်ရှိ မြေယာများ၊ Siam ကော်မာရှယ်ဘဏ်၊ Siam ဘိလပ်မြေ လုပ်ငန်းအပါအဝင် ပိုင်ဆိုင်မှုများကို ဘုရင်၏ ပုဂ္ဂလိကပိုင်အဖြစ် အမျိုးအစားသတ်မှတ်ကာ လွှဲပြောင်းအပ်နှံသည်ဟု ဖော်ပြထားသည်။

ထိုင်းဘုရင်သစ်သည် မနှစ်က ထီးနန်းဆက်ခံပြီးနောက်ပိုင်း Crown Property Bureau ကို စတင် ထိန်းချုပ်ကိုင်တွယ်ခဲ့ပြီး ၁၉၈၇ ကတည်းက ထမ်းဆောင်ခဲ့သော ဌာန၏ ညွှန်ကြားရေးမှူးချုပ် ချိုင်ယာယု အစ္စရန်ခွန်နာ အယုဒ္ဓယ၏နေရာတွင် လေတပ်ဗိုလ်ချုပ်ကြီး ဆာတီပေါင် ဆူခ်ဗီမောလ်ကို အစားထိုးခန့်အပ်ခဲ့သည်။

ယခုဆောင်ရွက်ချက်တွင် ဘုရင်မင်းမြတ်၏ တောင်းဆိုမှုအရ ဘုရင့်ပိုင်ဆိုင်မှုများအားလုံးသည် အခွန်ငွေထမ်းဆောင်ရတော့မည်ဟုလည်း CPB က ထုတ်ပြန်သည်။

ယင်းကဲ့သို့ ဘဏ္ဍာတော် လွှဲပြောင်းလက်ခံမှုကြောင့် အသက် ၆၅ နှစ်အရွယ် ထိုင်းဘုရင်သည် ကမ္ဘာတွင် အချမ်းသာဆုံးဘုရင် ဖြစ်လာသည်ဟု မေလထုတ် Business Insider မဂ္ဂဇင်းအရ သိရှိရသည်။

ထိုင်းတော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုပမာဏကို ယခင်က လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိဘဲ တော်ဝင်မိသားစုအား ဝေဖန်သူကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် တင်းကျပ်သောဥပဒေဖြင့် အကာအကွယ်ယူထားခဲ့သည်။

သို့ရာတွင် CPB ဘဏ္ဍာတော်ဌာနက စီမံခန့်ခွဲပေးနေသည့် ထိုင်းတော်ဝင်မိသားစု၏မြေနှင့် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မှုအဝဝသည် ဒေါ်လာ ၃၀ ဘီလီယံခန့်ရှိသည်ဟု Forbes မဂ္ဂဇင်းက ၂၀၁၂ တွင် တန်ဖိုးဖြတ်ခဲ့သည်။ 

မတ်လ စတော့အိပ်ချိန်း ကိန်းဂဏန်းများအရ ဘုရင် ဝိဇယလောင်ကွန်းသည် Siam ဘိလပ်မြေကုမ္ပဏီတွင် ဒေါ်လာ သန်း ၁၅၀ နှင့် Siam ကော်မာရှယ်ဘဏ်တွင် ဒေါ်လာ သန်း ၅၀၀ ကျော် အစုရှယ်ယာပိုင်ဆိုင်ထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

F-04


  • VIA