News

POST TYPE

OPINION

ကျောင်းဖွင့်ချိန်မှာ သတိပြု ဆင်ခြင်စရာ
14-Jun-2018



ကျောင်းတွေ များများဖွင့်နိုင်ရင် ထောင်တံခါးတွေ များများပိတ်နိုင်မယ်။ ဘာကြောင့် အဲသလိုပြောကြသလဲဆိုရင် ကျောင်းဆိုတာ အသိပညာ အတတ်ပညာတွေ ပေးဝေရာနေရာဖြစ်လို့ပဲ။ တစ်နည်းပြောရရင် ကလေးတွေက မိဘရင်ခွင်ဆိုတာထက် ဆရာ၊ ဆရာမတွေရဲ့လက်ထဲမှာ အချိန်များများ ထိတွေ့နေရသလို ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုအောက်မှာ အချိန်ကြာကြာ ကြီးပြင်းလာခဲ့ကြရလို့ပါပဲ။

ခုဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်နေပါပြီ။ ဇွန်လဆန်းကစပြီး ကျောင်းပရိဝုဏ်ဝန်းကျင်မှာ ခေါင်းလောင်းသံတွေ ညံစီလာသလို ကျက်သရေရှိလှတဲ့ အဖြူအစိမ်း ဝတ်စုံလေးတွေနဲ့ ကျောင်းသွားကျောင်းပြန် မြင်ကွင်းတွေဟာ မုတ်သုံမိုးနဲ့အတူ စိမ်းစိုလန်းဆန်းတက်ကြွလို့နေတာ တွေ့ကြရမှာပါ။

တစ်နေ့ကပဲ နေ့စဉ်သတင်းစာတစ်စောင်မှာ သတင်းတစ်ခု တွေ့လိုက်ရတယ်။ နယ်သတင်းပါ။ ညောင်လေးပင်မှာပါ။ နဝမတန်းကျောင်းသားက ဓားနဲ့ထိုးတဲ့သတင်း။ ကျောင်းပရိဝုဏ်အတွင်းမှာ ဖြစ်ကြတာမို့ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် ဇွန်လဆန်းထဲမှာ ဈေးဦးပေါက်သွားခြင်းပါပဲ။ နောက်သတင်းတစ်ခုကလည်း နယ်သတင်းပါ။ မလှိုင်မြို့ရှိ မူလတန်းကျောင်းဆောင် အန္တရာယ်ရှိအဆောက်အအုံဖြစ်နေလို့ မိဘတွေ စိုးရိမ်နေတဲ့သတင်း။ နောက်သတင်းတစ်ခုက တာမွေက သတင်း။ မူလတန်းရွယ်ကလေးကို ဆရာမက အရှိုးရာတွေထင်အောင် ရိုက်လိုက်လို့ မိဘကဓာတ်ပုံရိုက်ပြီး Fb ပေါ်တင်လိုက်တဲ့သတင်းနဲ့ ပထမပတ်ထဲမှာကိုပဲ နောက်ဆုံးကြားလိုက်ရတဲ့ ပညာရေးသတင်းက ကျောင်းလာတက်တဲ့ကလေးတွေ ချောင်းရေထဲမျောပါသွားတဲ့သတင်း။ ဂန့်ဂေါဘက်ကပါ။ ၃၊ ၄ ဦးမှာ တစ်ဦးပဲ ကယ်ဆယ်လိုက်နိုင်တယ်လို့ ဖတ်လိုက်ရတယ်။

အဓိက ပြောချင်တာက ဇွန်လဆန်းမှာ ကျောင်းတွေဖွင့်လိုက်တော့ လတစ်ဝက်တောင်မကျိုးသေဘူး အစိုးရကျောင်းတွေက တက်လာတဲ့ သတင်းတွေ။ ဒီသတင်းတွေကြည့်လိုက်တာနဲ့ကို အခြေခံပညာကျောင်းတွေမှာ ကြိုတင်ပြင်ဆင်ထားမှု မရှိတာ၊ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားသင်ယူမှုဖြစ်စဉ်မှာ ထားရမယ့်စိတ်နေစိတ်ထား (MindSet) ကျင့်သုံးအပ်တဲ့ ပညာရေးစိတ်ပညာ (Educational Psychology) မပြည့်ဝသေးတာ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားချင်ပါတယ်။

ဒီတော့ ပထမတစ်ချက်က ကျောင်းတွေဟာ ပညာပေးရာဌာနပါ။ အသိအလိမ္မာတွေ တိုးပွားလာအောင် လုပ်ပေးရမယ့်နေရာပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာယဉ်ကျေးသိမ်မွေ့ဖို့ ပြည်သူ့နီတိသဘောတရားတွေနဲ့ လွှမ်းခြုံအပ်တဲ့နေရာပါ။ အဲဒီလိုနေရာဌာနဖြစ်ရမယ့် နေရာမျိုးမှာ ကျောင်းကို စာအုပ်ယူလာရမယ့်အစား ဖုန်းတွေယူလာတယ်။ ဓားလက်နက်တွေ ခိုးဝှက်ယူလာတယ်။ လက်နက်အားကိုးနဲ့ မိုက်ရူးရဲဆန်ချင်သူ ကလေးတွေအတွက် အလွယ်တကူပဲ ပြစ်မှုကျူးလွန်တတ်ကြပါတယ်။ ဒီမှာမေးစရာရှိလာတာက ဘာကြောင့် ကျောင်းကို ဓားလက်နက်တွေ ယူလာသလဲ။ ဆရာ၊ ဆရာမတွေရော ဘာကြောင့် စစ်ဆေးခြင်းမပြုသလဲ ဆိုတာပါပဲ။

တကယ်တော့ ဒီလိုကိစ္စတွေဟာ ခုမှဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ အခြေခံပညာကျောင်းတချို့မှာ ပြီးခဲ့တဲ့ ပညာသင်နှစ်တွေတုန်းက ဒီလိုပဲ ကျောင်းကို ဓားတွေယူလာပြီး အုပ်စုဖွဲ့ရန်ဖြစ်တာ တချို့ကျောင်းတွေမှာ အသက်သေဆုံးတဲ့အထိ ဖြစ်ကြရတာတွေ တွေ့ကြုံခဲ့ကြပြီးသားပါ။ ဒါတွေဟာ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေရဲ့ စီမံကွပ်ကဲမှုနဲ့ဆရာ၊ ဆရာမတွေရဲ့ လိုက်နာဆောင်ရွက်မှုရှိဖို့ပါပဲ။ ဆိုရရင် ကျောင်းဖွင့်ပြီဆိုကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ စီမံချက်ရေးဆွဲထားသင့်ပါတယ်။

ဒုတိယတစ်ချက်ကတော့ ကျောင်းဥပဓိရုပ်ကောင်းမွန်ဖို့နဲ့ လုံခြုံဘေးကင်းတဲ့ ကျောင်းအဆောက်အအုံဖြစ်ဖို့ပါ။ ဒါတွေဟာ ကျောင်းမဖွင့်မီ နွေရာသီအချိန်ကတည်းက သက်ဆိုင်ရာကျောင်းအုပ်တွေက မြို့နယ်နဲ့ တိုင်းပညာရေးမှူးရုံးတွေကို ကြိုတင်အကြောင်းကြားထားသင့်ပါတယ်။ တချို့ကျောင်းတွေက ဥပဓိရုပ်ကောင်းမွန်လာဖို့ ပြင်ဆင်ဖို့လိုအပ်နေသလို တချို့အဆောက်အအုံတွေက သက်တမ်းကြာညောင်းလို့ ဖြိုဖျက်ရမည့်အဆင့် ရောက်နေပါပြီ။ ဒါတွေကို အချိန်မီအခါမီ သက်ဆိုင်ရာကို မတင်ပြရင် ကလေးတွေအတွက် အန္တရာယ်ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အချို့ကျောင်းတွေမှာ ပြိုကျဝရန်တာတွေ ကျိုးကျတာတွေ ကြုံခဲ့ဖူးပါတယ်။

နိုင်ငံတော်အပိုင်းက ကြည့်ရတော့ နှစ်စဉ် ထက်/လယ်/မူ ကျောင်းတွေ တိုးချဲ့ဖွင့်နေသလို ပြင်ဆင်စရိတ်တွေ ချပေးနေတာတော့ ရှိတယ်။ ဒါပေမဲ့ ကျောင်းတွေရဲ့ အဓိကဖြစ်နေတဲ့ အခြေအနေကို တင်ပြဖို့ကတော့ သက်ဆိုင်ရာကျောင်းရဲ့ တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေအပေါ်မှာ များစွာမူတည်နေပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ တင်ပြဆောင်ရွက်မယ်ဆိုရင် ရနိုင်ပါတယ်။

နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ ဆရာမတွေက ကလေးတွေကို ရိုက်တဲ့ကိစ္စပဲ။ ခက်တာက ဆရာ၊ ဆရာမ အထူးသဖြင့် ဆရာမအတော်များများက စာမဖတ်ကြပါဘူး။ တချို့က ဖုန်းသုံးတတ်တယ်။ အရွယ်နည်းနည်းရသွားတဲ့ ဆရာမကြီးတွေအနေနဲ့က ခေတ်နဲ့အဆက်မပြတ်နေတတ်ပါတယ်။ ဆိုလိုတာက ကျောင်းအချို့မှာ ဒီလိုပဲရိုက်နှက်ဆုံးမလို့ မိဘတချို့နဲ့ ပြဿနာဖြစ်ကြတာရှိတယ်။ စာဖတ်တဲ့ ဆရာ၊ ဆရာမတွေ၊ FB သုံးလေ့ရှိသူတွေကတော့ ဆင်ခြင်နိုင်တာပေါ့။ တချို့ဆရာမကြီးတွေကတော့ ခုထိပဲ တုတ်ကို အသုံးပြုဆဲပါ။ တချို့ကျတော့လည်း မိမိသင်တဲ့ ကျူရှင်မတက်ရကောင်းလားဆိုပြီး အပြစ်ရှာရိုက်တာမျိုးတွေလည်း ကြားတတ်ပါတယ်။

နောက်ဆုံးသတင်းကတော့ ဝမ်းနည်းစရာပါ။ ဒီနှစ်ကျောင်းဖွင့်စမှာကိုပဲ မုတ်သုံရာသီက စဝင်ပါတယ်။ ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။ ရခိုင်ဘက်ကို ဦးတည်နေပေမယ့် တစ်ပြည်နယ်လုံးလိုလို မိုးရွာသွန်းတာတွေ့ရပါတယ်။ မြစ်ရေချောင်းရေကြီးတာတွေ၊ လမ်းတွေကျိုးပဲ့ပါသွားတာတွေ၊ တချို့နေရာမှာ လေပြင်းမုန်တိုင်းကြောင့် အိုးအိမ်တွေတောင် ပျက်စီးကုန်ကြပါတယ်။ အထူးသဖြင့် ကျောင်းဖွင့်ရာသီမို့ မြစ်နားချောင်းနားနဲ့ ချောင်းတွေမြောင်းတွေကို ဖြတ်သန်းလာရတဲ့ ကလေးတွေအတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်။ ရပ်ရွာမိဘတွေနဲ့ ဆရာ၊ ဆရာမတွေပူးပေါင်းပြီး ဒီလိုသေကျေမှုမျိုးတွေ ထပ်မံမဖြစ်ပွားဖို့ အသိပညာပေး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကလည်းခုမှ ဖြစ်တတ်တဲ့ ဖြစ်စဉ်တွေမဟုတ်ပါဘူး။ တချို့ဒေသတွေမှာ ကျောင်းသား၊ ကျောင်းသူတွေသာမကပဲ ဆရာမတွေတောင် ရေစီးနဲ့ပါသွားပြီး အသက်ဆုံးရှုံးနေရတာတွေ ကြုံပြီးသားပါ။

တကယ်တော့ သင်ကြားမှု သင်ယူမှုဖြစ်စဉ်ဟာ မူအားဖြင့်တော့ ပြောင်းနေပါပြီ။ လူတွေက မပြောင်းလဲနိုင်ကြသေးတာပါ။ လက်ရှိကျောင်းတွေရဲ့ ဥပဓိရုပ်အခြေအနေ စီမံခန့်ခွဲမှု၊ ခေတ်မီနည်းပညာသုံး သင်ကြားမှု၊ ကလေးတွေရဲ့ အတန်း၊ အသက်အရွယ်နဲ့ သူတို့ရဲ့ စိတ်အခြေအနေနဲ့ လိုက်ဖက်တဲ့ သင်ကြားမှု သင်ယူမှုကို မဖြစ်မနေဖော်ဆောင်ကြရမှာပါ။ ဒါတွေအတွက် ပညာရေးဌာနအနေနဲ့ ကြိုတင်စီမံ ဆောင်ရွက်ဖွယ်ရာတွေကို အမိန့်ညွှန်ကြားချက် ထုတ်ပြန်ရုံတင်မဟုတ်ပဲ အခြေခံပညာကျောင်းတွေအထိ ထဲထဲဝင်ဝင် ကွင်းဆင်းစစ်ဆေးဖို့လိုပါတယ်။ (ကြုံလို့ပြော လိုက်ပါဦးမယ်ပြီးခဲ့တဲ့ တစ်နှစ်လုံး စစ်ဆေးရေးဆိုတာ ဖြူသလားမည်းသလားတောင် မသိလိုက်ရပါဘူး။

ဒီတော့ပြောချင်တာက ခုမှ ကျောင်းဖွင့်တာ တစ်လမပြည့်သေးပါဘူး။ ကျောင်းဖွင့်ချိန်မှာ ကြားရလေ့ရှိတဲ့ သတင်းတွေက တစ်ခုပြီးတစ်ခု ကြားနေရတယ်။ နှစ်စဉ်တွေ့ကြုံနေကြ အဖြစ်အပျက်တွေပေမယ့်လည်း တစ်နေရာမဟုတ်တစ်နေရာမှာ ပြန်ပြီးကြားနေရတာပါပဲ။ တကယ်လို့သာ အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်လို့ အတုယူဖွယ်ရာ ဆင်ခြင်ဖွယ်ရာ ဖြစ်ရပ်တွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ကျောင်းတွေဆီကို ဝန်ကြီးဌာနက သတင်းအချက်အလက်အနေနဲ့ ပေးပို့ထားမယ်ဆိုရင် ပိုပြီးဂရုပြုဆင်ခြင်နိုင်တာပေါ့။ တစ်ခါမှားပြီးတဲ့ မှားခြင်းမျိုးတွေ နောက်ထပ်မမှားရအောင် ဆင်ခြင်နိုင်တာပေါ့။ ကြိုတင်ကာကွယ် တားဆီးနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့နိုင်ငံမှာ ဆရာ၊ ဆရာမတွေကိုယ်တိုင်က စာဖတ်အနည်းဆုံးဖြစ်နေကြလို့ပါ။ ဒီတော့ အခြေခံပညာကျောင်းတွေအထိ သတင်းအချက်အလက်တွေရောက်ဖို့ ဘယ်လိုဖြန့်ဝေမလဲ၊ ဘယ်လိုအသိပညာပေးမလဲဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အစီအစဉ်တစ်ခု ဖြစ်တယ်ဆိုတာ မမေ့မလျော့စေချင်ကြောင်းပါ။

ခင်မောင်ဌေး (ပညာရေး)