News

POST TYPE

OPINION

လွတ်လပ်စွာ ကုန်သွယ်ခွင့်
12-Jun-2018 tagged as


(၁)

အဒမ်စမစ် (Adam Smith) ၏ အခြေခံအကျဆုံး စီးပွားရေးဥပဒေသတစ်ခုမှာ လူမှုရေးနိမ့်သောစနစ်နှင့် လူမှုရေးမြင့်မားသောစနစ်နှစ်ခုတို့ကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပေးလိုက်ပါလျှင် တစ်ချိန်တွင် လူမှုရေးစနစ်နှစ်ခုတို့သည် တူညီသွားမည်ဟူ၍ဖြစ်သည်။

ကျွန်တော်တို့သည် လူနေမှုစနစ်နှစ်ခုကို တူညီအောင်ညှိလိုကြပါလျှင် နယ်စပ်မျဉ်းမှ အတားအဆီး အပိတ်အပင်တို့ကို ဖယ်ရှားပစ်နိုင်ကြရပါမည်။

(၂)

မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နှင့် ဆွေးနွေးလိုက်ရပါသည်။ သူက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတို့ကို ကိုယ်တိုင်ရင်းနှီးမြှုပ်နှံခွင့်ပေးတော့မည်ဟု သတင်းကြားရကြောင်း ပြောပြသည်။ မြန်မာပြည်စီးပွားရေးအတွက် အားတက်လိုက်ရပါသည်။

ယခင်က နိုင်ငံခြားမှရင်းနှီးမြှုပ်နှံဖို့ လာသူတစ်ဦးသည် မြန်မာနိုင်ငံသားနှင့် တွဲဖက်လုပ်ကိုင်ရန် ပါတနာရှာဖွေကြရပါသည်။ မြန်မာလူမျိုး အဖော်ကိုတွေ့ပါမှ မြန်မာပြည်မှာ အလုပ်လုပ်နိုင်ကြပါသည်။ ရလာမည့် အကျိုးကျေးဇူးကို အဆိုပါ မြန်မာလူမျိုး လုပ်ငန်းလုပ်သူနှင့် ခွဲဝေယူကြရပါသည်။ ယခု နိုင်ငံခြားသားသည် တွဲဖက်ပါတနာရှာဖွေရန်မလိုတော့ပါ။ သူ့ဘာသာ လွတ်လပ်စွာ လုပ်ငန်းကို ဆောင်ရွက်ခွင့်ရှိသွားပါပြီ။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဤလုပ်ပိုင်ခွင့်ကို တစ်ချိန်မဟုတ် တစ်ချိန်တော့ ခွင့်ပြုကြရပါလိမ့်မည်။ မြန်မာ့စီးပွားရေးမှာ လုပ်ရင်းကိုင်ရင်း စီးပွားရေးအတွေ့အကြုံများရလာလေလေ လွတ်လပ်စွာယှဉ်ပြိုင်ခြင်း၏ အကျိုးကျေးဇူးကို သိလာလေလေဖြစ်ပါသည်။ ကျွန်တော်တို့ ယှဉ်ပြိုင်ကြရမည့်ကွင်းပြင် (Playing Field) သည် ညီမျှရမည်၊ လွတ်လပ်ရမည်။

နိုင်ငံခြားသားနှင့် မယှဉ်ပြိုင်ရဲဘူးဆိုသည်မှာ မဖြစ်သင့်ပါ။ မြန်မာပြည်တွင် မြန်မာ့မြေ မြန်မာ့ရေပေါ်၌ ယှဉ်ပြိုင်ရခြင်းဖြစ်ပါသည်။ ကိုယ့်မြေမို့ ဘာမှအားငယ်စရာမရှိပါ။ သည်ပွဲမှာ ကိုယ်ကရှုံးလျှင်ရှုံးပါလိမ့်မည်၊ သို့ပါသော်လည်း အကျိုးကျေးဇူးခံစားရမည်က မြန်မာတို့သာဖြစ်ပါသည်။

ယခုအချိန် စီးပွားရေးလုပ်သူများအဖို့ ဘယ်ရုံးကိုသွားသွား မြန်မာ့ထုံးစံ မြန်မာနည်းလမ်းတွေက တွေ့နေရသေးသည်။ မြန်မာသဘောက ပါနေသေးသည်။ နိုင်ငံခြားကုမ္ပဏီများရောက်လာပါလျှင် တစ်ချိန်တွင် မြန်မာစံနှုန်း မြန်မာ့နည်းလမ်းတွေက သဘာဝကျသော နည်းလမ်းတွေ ဖြစ်လာရပါမည်။

စီးပွားရေး၊ နိုင်ငံရေးတို့တွင် နယ်နိမိတ်စည်းမျဉ်းများကို ဘေးဖယ်ကြည့်ပါ။ ကုန်စည်စီးဝင်ခြင်း၊ ကုန်စည်ထွက်ခွာသွားခြင်းတို့သည် အဟန့်အတားမရှိ လွတ်လပ်စွာ သွားလာခွင့်ရှိရပါမည်။ ထိုသို့ဖွင့်ပေးလိုက်လျှင် မကြာမီမှာပင် လူနေမှုစနစ်များသည် ညီမျှသွားပါလိမ့်မည်။ တစ်နည်းဆိုသော် မြန်မာ့လူနေမှုစနစ်သည် မြင့်မားလာရပါမည်။

အစိုးရ၏တာဝန်မှာ ဤနယ်နိမိတ်စည်းမျဉ်းကို စောင့်ကြည့်ရေးဖြစ်ပါသည်။ မဖြစ်သင့်သောအရာကို မဖြစ်ရအောင် တားဆီးပေးရပါမည်။ ထိုပိတ်ပင်တားဆီးမှုတို့တွင် ကုန်စည်စီးဆင်းမှုကို အဟန့်အတားမဖြစ်သင့်ပါ။ အကယ်၍ အဟန့်အတားဖြစ်အောင် ဆောင်ရွက်နေသည်ကိုတွေ့လျှင် ၎င်းတို့ကို ဖယ်ရှားပေးနိုင်ရပါမည်။

ဥပမာ-မြန်မာ့ယဉ်ကျေးမှုကိုဆန့်ကျင်သော ကုန်ပစ္စည်းတစ်ခု၊ စနစ်တစ်ခု ဝင်လာသည်ဆိုပါစို့။ ထိုကုန်ပစ္စည်းစနစ်ကို မဝင်လာနိုင်ရေးကို တားဆီးနိုင်ရပါမည်။ ထိုသူတို့မဝင်လာနိုင်အောင် နယ်စပ်က ထိုင်စောင့်ကြည့်ပေးခြင်းမှာ သဘာဝကျပါသည်။ ယခုကျွန်တော်တို့၏ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးရမည်ဆိုသည်မှာ စီးပွားရေးသက်သက် စီးပွားရေးနှင့်သက်ဆိုင်သော ကုန်ပစ္စည်းများသာဖြစ်ပါသည်။ 

ဥပမာ-ကော်ဖီဆိုင်တစ်ဆိုင် ဆိုပါစို့။ မြန်မာနိုင်ငံရှိ ကော်ဖီယဉ်ကျေးမှုသည် မတွင်ကျယ်သေးပါ။ သို့ပါသော်လည်း ကော်ဖီဆိုင်ဟူ၍ ကော်ဖီဖျော်နည်း သူ့နည်းသူ့စနစ် သူ့အုပ်ချုပ်မှုကို စောင့်ကြည့်တားဆီးစရာမလိုပါ။ သူ့ဘာသာ သူ့လုပ်ငန်းလည်ပတ်အောင် လုပ်ခွင့်ပေးရပါမည်။

ထိုနည်းတူ Brand Name သည် သူ့လူနှင့်သူ၊ သူ့ဖွဲ့စည်းပုံနှင့်သူ၊ သူ့အုပ်ချုပ်ရေးစနစ်နှင့် Sony, Samsung, Huawei အမည်များနှင့် လာပါလိမ့်မည်။ ထိုအရာတို့ကို ပိတ်ပင်ရန်မလိုပါ။

ထိုနည်းတူ ဘဏ်စနစ်ကိုလည်း ခွင့်ပြုရပါမည် “မြန်မာတိုင်းရင်းသားတစ်ယောက် ပါဝင်ရမည်” ဟူသော ကန့်သတ်ချက်မှာ မျိုးချစ်စိတ်အရ ကောင်းပါသည်။ သို့သော် လုပ်ငန်းသဘာဝ၊ လုပ်ငန်းတိုးတက်မှုနှင့် စဉ်းစားသောအခါ ဤအယူအဆသည် ခေတ်မမီတော့ပါ။ နိုင်ငံခြားဘဏ်များဝင်လာမရ၊ လုပ်ငန်းလည်ပတ်ခွင့်မရသောအခါ မြန်မာတိုင်းရင်းသား ဘဏ်များသည် မိမိနည်း မိမိဟန်ဖြင့်သာ သွားနေပါသည်။ အကယ်၍ နိုင်ငံခြားဘဏ်ကို ခွင့်ပြုလိုက်လျှင် ပထမတော့ အရင်းများသော စည်းစနစ်ကျပြီးဖြစ်သော နိုင်ငံခြားဘဏ်များကို မမီနိုင်ဘဲရှိပါလိမ့်မည်။ လုပ်နည်းလုပ်ဟန် ဒစ်ဂျစ်တယ်နည်းကို အသုံးပြုခြင်း စသည်များမှာ လိုက်မမီဘဲရှိပါလိမ့်မည်။ သို့ပါသော်လည်း စားသုံးသူများအဖို့ များစွာအကျိုးဖြစ်ထွန်းဖွယ်ရှိပါသည်။ ဝန်ဆောင်မှု လုပ်ငန်းအဝဝတွင် နိုင်ငံခြားဘဏ်များကပဲ အသာရပါလိမ့်မည်။

ဤနည်းအတိုင်း ဆီဖြန့်ဖြူးမှုကိုကြည့်လျှင်လည်း မြန်မာတွေလုပ်လျှင် မြန်မာတွေအမြတ်ရ၊ မြန်မာတွေစားရတာ မှန်ပါသည်။ သို့ပါသော်လည်း စားသုံးသူပြည်သူများအဖို့ နစ်နာကြရပါသည်။ နိုင်ငံတကာဆီဈေးနှုန်းနှင့် မြန်မာ့ဆီဈေးနှုန်းသည် မတူပါ။

ထိုနည်းတူ ဆက်သွယ်ရေး Telecom ကဏ္ဍကိုကြည့်လျှင် နိုင်ငံခြားကုမ္ပဏီများဝင်လာသဖြင့် ပြည်သူအများ အကျိုးဖြစ်ထွန်းသည်ကို မြင်နိုင်ကြပါသည်။ တောရောမြို့ပါ မိုဘိုင်းလ်ဖုန်းကို အလွယ်တကူ အသုံးပြုနိုင်ကြပါသည်။

မည်သို့ဆိုစေ မြန်မာသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရပါမည်။ ဖွင့်ပေးခါစတွင် မြန်မာတို့အဖို့ လိုက်မမီခြင်း၊ ငွေကြေးအင်အားကအစ ကွာခြားနေခြင်းများ ရှိပါလိမ့်မည်။ ရေတိုကိုမကြည့်ပါနှင့် ရေရှည်အကျိုး ဖြစ်ထွန်းရန်အတွက်သာ ကြည့်သင့်ပါသည်။ ရေရှည်တွင် ကမ္ဘာအဆင့်မီလာသည့်အခါ တိုးတက်မှုအသီးအပွင့်တို့ကို ခံစားကြရပါလိမ့်မည်။

“ဝါးလုံးခေါင်းထဲ လသာသလို” ဆိုသော စကားရှိပါသည်။ နိုင်ငံခြားနှင့် အဆက်အသွယ်မယူဘဲ မိမိဘာသာ မိမိပတ်ဝန်းကျင်ကလေးနှင့် ဗိုလ်ကျနေ၍ရပါသည်။ ရေရှည်တွင်လည်း ဤအဆင့်မှ မြင့်တက်လာစရာအကြောင်း မရှိပါ။

ကမ္ဘာ့ပြင်ပကိုကြည့်လိုက်လျှင် အစစတိုးတက်နေပါသည်။ အသိဉာဏ်ဗဟုသုတ၊ Technology တိုးတက်မှုတို့ကို လိုက်မီရန်ခက်ခဲလှပါသည်။ ဤအရာများကို နယ်ကြားမျဉ်းမှ ပိတ်ထားခြင်းအားဖြင့် ပြည်တွင်းသို့ မရောက်နိုင် ပြည်တွင်းမှလည်း ပိတ်ထားသော နယ်နိမိတ်မျဉ်းကြောင့် ပြင်ပတိုင်းပြည်များသို့ မျှော်ရုံသာ မျှော်ကြည့်နိုင်သော အနေအထားဖြစ်နေပါသည်။

နိုင်ငံခြားကုမ္ပဏီတစ်ခုရောက်လာပါက သူ့ဘာသာသူ လုပ်ငန်းလည်ပတ်အောင် မလုပ်နိုင်ပါ၊ မြန်မာတို့၏ အကူအညီကို ယူရပါသည်။ ထိုအထဲတွင် မြန်မာနည်းမြန်မာဟန်များက များပြားလွန်းသဖြင့် နိုင်ငံခြားသားက နားမလည်တော့ပါ၊ ဤနည်းဖြင့် တပ်ခေါက်ပြန်ရသော နိုင်ငံခြားသားဦးရေ နည်းမည်မဟုတ်ပါ။ နိုင်ငံခြားကုမ္ပဏီတွေများလာပါက မြန်မာနိုင်ငံရုံးတွေက သူတို့လုပ်ထုံးလုပ်နည်းကို ပြင်ဆင်ကြရပါလိမ့်မည်။ အနည်းဆုံး နိုင်ငံခြားသားနားလည်အောင် ပြင်ဆင်ပေးရပါမည်။ ဤနည်းဖြင့် မြန်မာရုံးတွေက ကမ္ဘာ့လုပ်ထုံးလုပ်နည်းများနှင့် တန်းတူလိုက်နိုင်သောရုံးများ ဖြစ်လာရပါမည်။

ရုံးခန်းတွင်းသို့ဝင်ရန် ပိုက်ဆံပေးရသောကိစ္စ၊ တာဝန်ရှိသူတွေနှင့် တွေ့ဆုံရန် ပိုက်ဆံပေးရသောကိစ္စ စသောကိစ္စများသည် တဖြည်းဖြည်း ပပျောက်သွားရပါမည်။ မြန်မာရုံးတွေအနေနှင့် နိုင်ငံခြားသားများနှင့် အဆက်အဆံများလာပါလျှင် လမ်းစပြောင်းလဲသွားနိုင်ပါသည်။ ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများလာလျှင် မြန်မာနည်းမြန်မာ့ဟန်အစား ကမ္ဘာ့အဆင့်မီနည်းလမ်းများဖြင့် အစားထိုးကြရန်ပင်ဖြစ်ပါသည်။

ယခုအချိန် ထိုတံခါးဖွင့်ဝါဒ၏ အကျိုးကျေးဇူးများကို နေရာအနှံ့ တွေ့မြင်နိုင်ကြပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တက်လာခြင်း၊ တိုက်တာဆိုင်ခန်း အခင်းအကျင်းကောင်းမွန်လာခြင်းတို့သည် တံခါးဖွင့်ဝါဒ၏ ကောင်းကျိုးများဖြစ်ပါသည်။ အိမ်တစ်အိမ်အတွင်းသို့ မျှော်ကြည့်လိုက်လျှင် အမှိုက်သရိုက်များနှင့် ရှုပ်ပွနေခြင်းအစား ရှင်းလင်းနေရပါမည်။ ထိုသို့ရှင်းလင်းမှလည်း နိုင်ငံခြားသားအပြင်မှ ဧည့်သည်များ ဝင်ရောက်လာနိုင်ပါသည်။

(၃)

ကုန်သွယ်ရေးသည် သန့်ရှင်းသောပြိုင်ဆိုင်မှု (Competition) ဖြစ်ပါသည်။ ပြိုင်ဘက်များကို မလာနိုင်အောင် ပိတ်ဆို့ထားခြင်းသည် ပြိုင်ဘက်အပေါ် အနိုင်ယူခြင်းဖြစ်ပါသည်။ ယှဉ်ပြိုင်မှုရှိမှ တိုးတက်ပါသည်။ ယှဉ်ပြိုင်မည့်သူမရှိသောအခါ ဝန်ဆောင်မှု (Service Quality) ကျဆင်းလာပါသည်။ မကြိုက်လျှင်လည်း ဒါပဲရွေးစရာရှိတော့ စားသုံးသူတို့သည် မချေမငံဆက်ဆံခြင်းကို ခံကြရပါသည်။

စားသုံးသူပြည်သူတို့၏အကျိုးငှာ ပြိုင်ဘက်ကောင်းများ များသထက်များလာအောင် ဆောင်ရွက်သင့်ပါသည်။

ကိုသန်းလွင်

  • TAGS