News

POST TYPE

OPINION

ပြန်လည်ဆန်းစစ်ရမယ့် အဂတိကော်မရှင်ရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်
12-Jun-2018 tagged as



ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ လူထုအကြား စိတ်ဝင်တစားဖြစ်နေကြတဲ့ NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ကိစ္စဟာ ဇွန်လ ၉ ရက်နေ့မှာပြုလုပ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌဖြစ်သူဦးအောင်ကြည်ရဲ့ “ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ အဂတိလိုက်စားမှုနဲ့ငြိစွန်းတဲ့ ခိုင်လုံတဲ့အထောက်အထား တစ်စုံတစ်ရာ စစ်ဆေးပေါ်ပေါက်ခြင်းမရှိပါဘူး” ဆိုတဲ့ ထုတ်ဖော်ပြောကြားချက်နဲ့အတူ ဒီကိစ္စဟာ နိဂုံးကမ္ပတ်အဆုံးသတ် သွားခဲ့ရပြီပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်အနေနဲ့ မေလ ၃ ရက် နေ့ကတည်းက အချက် ၈ ချက်ပါတဲ့ တိုင်စာကို လက်ခံရရှိခဲ့ပြီး မေလ ၇ ရက် နေ့မှ ၂၂ ရက်နေ့အထိ တိုင်ကြားသူ၊ တိုင်ကြားခံရသူနဲ့ သက်သေပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့တဲ့နေရာမှာ ၃ ချက်ကတော့ လူမှုရေးကိစ္စတွေဖြစ်ပြီး အဂတိလိုက်စားမှုနဲ့မသက်ဆိုင်ဘဲ ကျန် ၅ ချက်ဖြစ်တဲ့ ငွေကြေးခဝါချမှု၊ ဘဏ်ပြောင်းရွှေ့မှုနဲ့ ပြင်ပကုမ္ပဏီတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ဂေါက်ရိုက်ပွဲကျင်းပတာတွေအပေါ်မှာတော့ ကော်မရှင်က စစ်ဆေးခဲ့တဲ့နေရာမှာ ခိုင်လုံတဲ့အထောက်အထားမတွေ့ခဲ့ရတာကြောင့် အရေးမယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဒီကိစ္စကိုစစ်ဆေးခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ဦးစိုးတင့်ကပြောတာလည်း ကြားခဲ့ရပြီးဖြစ်မှာပါ။

ဒီဆောင်းပါးမှာ ပြောချင်တာကတော့ ဒီသတင်းစာရှင်းလင်းပွဲအကြောင်းမဟုတ်ဘဲ ဒီကထွက်ပေါ်လာတဲ့ “ခိုင်လုံတဲ့အထောက်အထား မတွေ့ရှိခဲ့ရလို့ အရေးမယူနိုင်ခဲ့ဘူး” ဆိုတဲ့အပေါ် ကော်မရှင်အပေါ်မှာ ဥပဒေအရ အပ်နှင်းထားတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေအကြောင်းကို သုံးသပ်ဆွေးနွေးသွားလိုတာပါ။ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲက ထွက်ပေါ်လာတဲ့သတင်းအပေါ် လူထုတွေအကြားမှာလည်း မေးစရာမေးခွန်းတွေ ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။ ဒါကဘာလဲဆိုတော့ အခုလိုစစ်ဆေးလိုက်တာ သက်သေလည်းမခိုင်လုံဘူး၊ ကျူးလွန်ခဲ့တယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရဘဲနဲ့ သူ့အနေနဲ့ ဘာလို့ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ သူ့ဆန္ဒသဘောအရဆိုတဲ့ အကြောင်းပြချက်နဲ့ လွယ်လွယ်ကူကူ ထွက်ခွင့်ပြုခဲ့ပြီး ထွက်သွားရသလဲ၊ အဂတိလိုက်စားမှုတွေကျူးလွန်တယ်လို့ တိုင်တန်းလာတဲ့ နောင်အမှုတွေမှာ ကော်မရှင်အနေနဲ့ ခိုင်မာတိကျတဲ့ သက်သေအထောက်အထားတွေဖြစ်တဲ့ စာရွက်စာတမ်းသက်သေ (Documentary Evidence) နဲ့ နှုတ်စကားသက်သေ  (Oral Evidence) တွေရအောင် ဘယ်လိုစုံစမ်းဖော်ထုတ်နိုင်မလဲ၊ ကော်မရှင်မှာရော အဲ့ဒီလို စုံစမ်းထောက်လှမ်းနိုင်တဲ့ Capacity နဲ့ လူ့စွမ်းအားအရင်းအမြစ် (HR) တွေရှိနေရဲ့လား။ နောက်ကော်မရှင်ရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့် (Code Of Conduct) ကရော ဘယ်အထိလက်တန်ရှည်နေပြီလဲ။ အခုနောက်ဆုံး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဆွေးနွေးဆဲဖြစ်တဲ့ ပြင်ဆင်တဲ့ဥပဒေကရော ဘယ်အချိန်မှာမှ နိုင်ငံတော်သမ္မတလက်မှတ်ထိုးပြီး အာဏာစတည်မလဲ၊ ဒီအထဲမှာရော ကော်မရှင်ကို ဘယ်လိုလုပ်ပိုင်ခွင့်အာဏာတွေ ထပ်မံအပ်နှင်းထားသလဲ၊ ဖွဲ့စည်းပုံနဲ့ဘဏ္ဍာရေးတွေ ထပ်တိုးချထားပေးဦးမှာလား။ နောက်တစ်ချက်ကတော့ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေအကြောင်း သွားရောက်လေ့လာခဲ့တဲ့နေရာမှာရော လက်ရှိကော်မရှင်က ရထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်နဲ့ သူတို့ဆီက တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ ဘယ်လိုကွာခြားသလဲ၊ နောက်ပြီး အစိုးရဌာနတွေမှာဖြစ်ပေါ်လာတဲ့ အခုလိုအမှုမျိုးတွေ၊ တိုင်စာတွေအတွက်ဆိုရင် တောင်ကိုရီးယားနိုင်ငံလိုမျိုး ဌာနပေါင်းစုံရဲ့အချက်အလက်ကို လိုရာကြည့်ရှုလို့ရနိုင်စရာ တောင်းခေါ်ကြည့်ရှုနိုင်စရာ (Database) လိုမျိုး၊ e-Government လိုစနစ်မျိုးတွေရော မိမိတို့နိုင်ငံမှာရှိနေပြီလား၊ ကော်မရှင်အနေနဲ့ကရော နောင်အလားတူကိစ္စမျိုးတွေအတွက် ဘယ်လိုဘယ်ပုံ စုံစမ်းထောက်လှမ်းမယ်ဆိုတဲ့စီမံမှုမျိုး၊ ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံဖို့လိုတဲ့အခါ အစိုးရဌာနတွေထဲက ဥပဒေဌာနလိုမျိုးမှာပဲ ဆက်လက်တောင်းခံဖို့ သင့်မလား၊ ကော်မရှင်အနေနဲ့ပဲ သီးခြားလွတ်လပ်တဲ့ ဥပဒေပိုင်းဆိုင်ရာအကြံပေးနိုင်တဲ့အဖွဲ့မျိုးနဲ့ မိမိဘာသာ ထင်မြင်ယူဆချက်ကိုဆုံးဖြတ်ပြီး သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဆီ အစီရင်ခံနိုင်မလားဆိုတာတွေအပေါ်လည်း ပြည်သူတွေက ကော်မရှင်ဘက်ကနေပြီးကြည့်ပြီး အများကြီးစဉ်းစားပေးလာနေကြတာ တွေ့ရပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း နိုင်ငံအနေနဲ့လွတ်လပ်ရေးရပြီးကတည်းက အမြစ်တွယ်ခဲ့တဲ့ ဒီအဂတိကပ်ဆိုးကြီးကို အမြစ်ပြုတ်အောင်လုပ်ဖို့ဆိုရင် လူထုအနေနဲ့လည်း ဒီကော်မရှင်ကြီးကိုသာ အားကိုးအားထားပြုပြီး သူတို့အနေနဲ့ အများကြီးမျှော်လင့်ထားပုံပေါ်ပါတယ်။ ဒီအတွက်လည်း ဒီကော်မရှင်ကြီးအပေါ် ဥပဒေကပေးထားတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို အပြည့်အဝကျင့်သုံးပြီး အခြားနိုင်ငံတွေမှာဖွဲ့ထားတဲ့ ကော်မရှင်လိုမျိုး ဖြစ်စေချင်နေကြတာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ အစိုးရဌာနတွေနဲ့ လုံးဝမပတ်သက်ဘဲ မည်သူတစ်ဦးတစ်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာမှမရှိဘဲ သီးခြားလွတ်လပ်တဲ့ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကြီးအဖြစ် လူထုကမြင်ချင်နေကြတာဖြစ်သလို ဒီကော်မရှင်ဟာ ဒီမိုကရေစီစနစ်ကို ခိုင်မာအားကောင်းအောင်လုပ်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အဓိကဒေါက်တိုင်တစ်ခုအဖြစ်လည်း လူထုမှတ်ထင်ထားကြပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက်အကြားမှာ ဒီအဂတိလိုက်စားမှုဆိုတဲ့အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အုပ်ချုပ်သူလူတန်းစားကပဲချမ်းသာသွားပြီး တိုင်းပြည်ကမတိုးတက်ဘဲ နောက်ကောက်ကျနေခဲ့တာ၊ ချမ်းသာဆင်းရဲကွာဟချက်တွေကြီးမားတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာတာတွေကြောင့် ယနေ့ခေတ်လူထုကတင်မြှောက်ထားတဲ့အစိုးရခေတ်မှာ ဒါကိုအမြစ်ပြတ်အောင် အဂတိလိုက်စားနေကြတဲ့သူတွေကို ထိထိရောက်ရောက်ဖော်ထုတ်ပြီး အရေးယူကြဖို့လူထုက အဂတိကော်မရှင်အပေါ် အားကိုးတကြီးနဲ့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

လူထုက ဒီလိုပြောလို့ ကော်မရှင်အနေနဲ့လည်း လူထုကိုပြန်မေးချင်စရာမေးခွန်းတွေလည်း ရှိလာနိုင်မှာပါပဲ။ ဒါဆိုရင် ငါတို့ကော်မရှင်မှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိရမလဲ၊ ငါတို့ရဲ့ ဥပဒေကို ဘယ်လိုပြင်ရမလဲ၊ ငါတို့ဘာလုပ်သင့်လဲဆိုတဲ့အမေးပါ။ မှန်ပါတယ်။ ဒီအတွက် ဒါကိုပြန်ဆွေးနွေးကြရတော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နဲ့အနီးဆုံးနိုင်ငံတွေမှာ သူတို့ဘယ်လိုလုပ်နေသလဲဆိုတာလေးကိုပဲ ငဲ့စောင်းကြည့်လိုက်ရင် မြင်နိုင်မှာပါ။ ဥပမာ-စင်ကာပူနိုင်ငံဆိုရင် ယနေ့ကမ္ဘာမှာ အဂတိလိုက်စားမှု အကင်းစင်ဆုံးနံပါတ်တစ်ပါ။ သူ့နိုင်ငံကိုကြည့်ရင် သူတို့နိုင်ငံမှာ ၁၉၃၇ ခုနှစ်က အင်္ဂလိပ်တို့ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုဥပဒေရှိပေမယ့်လည်း ဝန်ကြီးချုပ်လီကွမ်ယု မတက်ခင် လွတ်လပ်ရေးရပြီးစကစလို့ သူတက်လာတဲ့ ၁၉၅၉ ခုနှစ်ထိ သူတို့နိုင်ငံမှာလည်း လာဘ်စားခဲ့ကြပါတယ်။ ဒီအပေါ် လီကွမ်ယုက ၁၉၆၀ ခုနှစ်မှာ ဥပဒေကိုပြင်ခဲ့ပါတယ်။ ပြင်လိုက်တဲ့ဥပဒေထဲမှာ ဘာတွေပါသလဲဆိုတော့ လာဘ်စားနေပြီလို့ မသင်္ကာတဲ့နေရာ၊ ဌာနတွေကို စုံစမ်းစစ်ဆေးခွင့်၊ ရှာဖွေခွင့်၊ ဘဏ်စာရင်းများကိုစစ်ဆေးပိုင်ခွင့်၊ ဖမ်းဆီးပိုင်ခွင့်၊ နောက်ဆုံးရဲနဲ့တရားရုံးများကိုပင် စောင့်ကြည့်ပြီး အရေးယူခွင့်တွေကို သူ့သဘောနဲ့သူ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့်ရအောင် ထည့်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ်အပိုင်းကိုမြှင့်ခဲ့ပါတယ်။ ဒီလိုလုပ်နေတာ အခုထိပါပဲ။ ဒီအတွက် ပထမပိုင်းမှာတော့ ကော်မရှင်အနေနဲ့ ရဲတွေ၊ ယာဉ်ထိန်းရဲတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ အခွန်ကောက်ခွန်အရာရှိတွေ၊ တင်ဒါရွေးချယ်မှုပြုလုပ်ရတဲ့တာဝန်ရှိသူတွေ၊ ကန်ထရိုက်နဲ့ဆက်ဆံရသူတွေ၊ သွင်းကုန်ထုတ်ကုန်အတွက် ခွင့်ပြုမိန့်ပေးသူတွေ၊ ခွင့်ပြုမိန့်ပေးဖို့အတွက် လက်မှတ်ထိုးခွင့်ရှိသူတွေ၊ စည်ပင်သာယာရေးဝန်ထမ်းတွေ၊ ကျောင်းသုံးစာအုပ်ဝယ်ယူမှုတွေမှာ ကော်မရှင်ယူသူ ပညာရေးဝန်ထမ်းတွေကို ပထမပစ်မှတ်ထားပြီး စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ထိထိရောက်ရောက်အရေးယူခဲ့ပါတယ်။ သူတို့ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ၊ ဝန်လေးတွေ၊ ညွန်ချုပ်တွေ အဂတိမလိုက်စားရအောင်လည်း လစာကောင်းကောင်း ပေးထားခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ယနေ့လက်ရှိ ကျွန်တော်တို့နိုင်ငံမှာလည်း ပါတီစုံဒီမိုကရေစီခေတ်အစ ၂၀၁၁ ခုနှစ်ကတည်းက သမ္မတ၊ ဝန်ကြီး၊ ဝန်လေးတွေကိုဆိုရင် လစာတွေ သိန်း ၅၀၊ ၄၀၊ ၃၀ နဲ့ အခြားမော်တော်ယာဉ်စက်သုံးဆီ၊ ဆေးကုသခွင့်၊ အခြားသုံးစွဲခွင့်ရပိုင်ခွင့်တွေလည်း ပေးထားတာပါပဲ။ အောက်ခြေကဝန်ထမ်းတွေသာ မလောက်မငနဲ့ အဂတိလိုက်စားတယ်ဆိုကြားလို့ ကောင်းပါသေးတယ်။

ဒီလိုဆိုရင် ကျွန်တော်တို့ကော်မရှင်အနေနဲ့ရော တိုင်လာမှစုံစမ်း ဖော်ထုတ်တဲ့အလုပ်ကို လုပ်ကြမလား၊ မတိုင်ဘဲနဲ့ ရိုးရာမပျက်အလုပ်ဖြစ်နေကြတဲ့ ဌာနတွေကလူတွေကို အထက်က စင်ကာပူမှာ ကင်းစင်အောင် လုပ်ခဲ့တဲ့နည်းလို ကနဦးစုံစမ်းထောက်လှမ်းဖော်ထုတ်အရေးယူမှုတွေ လုပ်မလားဆိုတာ ပြန်လည်သုံးသပ်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီတာဝန်နဲ့ လုပ်ပိုင်ခွင့်ကလည်း ကော်မရှင်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၂၃ နဲ့ပြဋ္ဌာန်းပေးခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေရဲ့ ပုဒ်မ ၁၆ နဲ့ ၁၇ မှာပါပါတယ်။ ဒါပေမဲ့ ကျွန်တော် အပေါ်မှာပြောသလိုတော့ ကော်မရှင်အနေနဲ့သာ ဥပဒေပုဒ်မ ၄ (က) ပါ “အဂတိလိုက်စားမှုပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ်ဆောင်ရွက်ရန်” ဆိုတာနဲ့အညီ ကော်မရှင်အနေနဲ့ ကိုယ့်ဘာသာစုံစမ်းထောက်လှမ်းဖော်ထုတ်အရေးယူခွင့် ရှိမရှိဘဲ တာဝန်နဲ့လုပ်ပိုင်ခွင့်အပိုင်းမှာ ကွဲကွဲပြားပြားဖြစ်ဖို့လိုနေတာလို့ ထင်ပါတယ်။

နောက်တစ်နိုင်ငံကတော့ ကော်မရှင်ဥက္ကဋ္ဌတို့အဖွဲ့ မကြာမီကသွား ရောက်လေ့လာခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံအကြောင်းကိုသိပြီးသားဆိုပေမယ့် အများသိရအောင် ထပ်လောင်းပြီး ကိုယ်တိုင်လေ့လာခဲ့သမျှလေးလည်း ကျွန်တော့်အနေနဲ့ အတိုချုပ်ပြောပြချင်ပါသေးတယ်။ သူတို့နိုင်ငံဟာဆိုရင်လည်း အရှေ့တောင်အာရှမှာ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး လူ့အခွင့်အရေးကို တန်ဖိုးအလွန်ထားတယ်။ ဥပဒေစိုးမိုးမှုအရမ်းကောင်းပြီး မြို့ပြစနစ်တောက်ပြောင်လွန်းတယ်။ အာရှမှာ ဂျပန်ပြီးရင် သူက အဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံ။ နောက်ဆုံးမျက်စိမမြင်တဲ့သူတစ်ယောက်တောင် သူ့အိမ်ကထွက်ပြီး လမ်းပေါ်တက်လေဆိပ်၊ ကျည်ဆန်ရထားပေါ်အထိ တက်လို့ စီးလို့ရအောင် လမ်းကြောင်းသင်္ကေတတွေကို လုပ်ထားပေးတာ။ ဆိုးလ်မြို့ရဲ့နေရာတိုင်းလိုလို Wifi Free ရပြီး ဌာနတိုင်းရဲ့အချက်အလက်မှန်သမျှ လက်ကိုင်ဖုန်းထဲမှာကြည့်လို့ရသလို နိုင်ငံသားတစ်ဦးချင်းရဲ့ ခြံ၊ အိမ်၊ တိုက်တာ၊ ကား၊ စီးပွားရေးလုပ်ငန်း၊ ဝင်ငွေအမြတ်အစွန်းမှန်သမျှ ပိုင်ဆိုင်မှုအကုန်ကို e-Government စနစ်နဲ့မှတ်တမ်းထားသလို သူတို့ဆီမှာ e-Judicial ၊ e-Parliament စနစ်တွေကို Paperless စနစ်ဖြစ်နေတာမို့ ဝန်ထမ်းတွေရဲ့ တစ်ဦးချင်းဘဏ်အကောင့် ငွေဝင်ငွေထွက်က အစ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေကိုပါ ထိန်းချုပ်ထားနိုင်ပြီး အခွန်ကိုလည်း e-Taxation System နဲ့ပဲ သွားနေတာ၊ အမှုတစ်ခုဖြစ်ရင်လည်း e-Judicial System စနစ် Video Conferencing နဲ့ မိမိနေတဲ့ အိမ်ကနေပြီး တရားရုံးကို သွားစရာမလိုဘဲ ရနေတာမို့ အဂတိလိုက်စားနိုင်မှု ရာခိုင်နှုန်းကလည်း အတော်နည်းပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကွာချင်တိုင်းကွာနေတာ ကော်မရှင်ဥက္ကဋ္ဌကြီးလည်း မြင်ခဲ့တွေ့ခဲ့ လေ့လာခဲ့ရမှာ ပါပဲ။ သူတို့နိုင်ငံက အရင်အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟီးသည်ပင်လျှင် နိုင်ငံတော်သတင်းများပေါက်ကြားမှုဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်က ခုံရုံးက ဆုံးဖြတ်ချက်ချပြီး သမ္မတအဖြစ်မှထုတ်ပယ်ကာ ယခုအရေးယူခံနေရချိန်လည်း ဖြစ်ပါတယ်။

ဒီအတွက် နိဂုံးချုပ်ရရင် အဂတိလိုက်စားမှုကော်မရှင်အဖွဲ့အနေနဲ့ သီးခြားလွတ်လပ်တဲ့ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့ကြီးဖြစ်ပြီး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာဆိုရင်လည်း ဝန်ကြီး၊ ဒုဝန်ကြီးနဲ့အဆင့်တူတဲ့သူတွေ၊ နိုင်ငံတော်က လစာနဲ့စရိတ်၊ အဆောင်အယောင်တွေပေးထားတဲ့သူတွေဖြစ်တာနဲ့အညီ မိမိတို့ကိုပေးထားတဲ့ တာဝန်တွေကိုကျေပြီး အထက်မှာ ပြောသလို အဂတိလိုက်စားမှုပပျောက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ကြဖို့ဆိုရင် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ကိုယ်ရအောင် သိအောင်လုပ်ပြီး အမှီအခိုကင်းကင်းနဲ့ ရဲရဲဝံ့ဝံ့လုပ်သွားကြမှသာ ဥပဒေပါ ရည်ရွယ်ချက်တွေ အထမြောက်ပြီး အဂတိကင်းစင်တဲ့ လူ့ဝန်းကျင်ကို ဖန်တီးပုံဖော်နိုင်မှာ အမှန်ပင်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ

  • TAGS