News

POST TYPE

OPINION

လေ့လာဆန်းစစ်ရမယ့် တိုင်းဒေသကြီး ဘတ်ဂျက်ဥပဒေပြုမှုစနစ်
09-Jun-2018

ပြည်သူများ၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည့် လက်ရှိအစိုးရ၏ သက်တမ်းသည် ယခုဆိုလျှင် နှစ်နှစ်တာကျော်လွန် ရောက်ရှိလာပြီဖြစ်သည်။ ထိုနှစ်နှစ်တာကာလအတွင်းတွင် ထူးခြားမှုများရှိခဲ့သည်မှာ နိုင်ငံ့ဘတ်ဂျက် ခွဲဝေသုံးစွဲရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေးကိစ္စကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ လွှတ်တော်များသို့ တင်ပြကြသည့်အခါတိုင်း သာမန်အသုံးစရိတ်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များ တင်ပြတောင်းခံမှုအပေါ် လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြမှုများနှင့် ကြုံတွေ့ခဲ့ရသည့်ကိစ္စဖြစ်သည်။ အမှန်ဆိုလျှင် ပြောင်းလဲမှုကိုဖော်ဆောင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအပါအဝင် လက်ရှိပြည်ထောင်စု အစိုးရအနေဖြင့် အဆိုပါကိစ္စများအပေါ်တွင် အဓိကထား ပြောင်းလဲကြရတော့မည်ဖြစ်သည်။ ယခင့်ယခင်နှစ်များက ရေးဆွဲခဲ့ကြသည့် ခန့်မှန်းတွက်ချက်မှုစနစ်များ၊ ငွေကြေးမူဝါဒများ၊ ဘဏ္ဍာရေးစည်းမျဉ်းအဟောင်းများကိုသာ ဖက်တွယ်ပြီး မပြောင်းလဲနိုင်သေးသမျှ ယခုတင်သွင်းဆွေးနွေးနေကြသည့် ဘတ်ဂျက်ဥပဒေများသည်လည်း နဂိုရှိရင်းစွဲအတိုင်းပင် ဘတ်ဂျက် လိုငွေပြမှုသံသရာဆိုးမှ မလွတ်မြောက်ဘဲ ဖြစ်နေမည်လားဆိုသည်မှာလည်း အထူးစိတ်ဝင်စားဖွယ်ရာကောင်းလှသည်။

ဘတ်ဂျက်လိုငွေပြမှု သံသရာ
ဘဏ္ဍာရေးနှစ်များအလိုက် ဘတ်ဂျက်လိုငွေပြမှု (Budget deficit) သံသရာစက်ဝန်းကို ပြန်လည်လေ့လာကြည့်သည့်အခါ နှစ်စဉ်လျော့ပါးသွားခြင်းမရှိဘဲ တိုးသထက်သာတိုးလာသည်ကို တွေ့ရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ သတ်မှတ်ချက်အရဆိုလျှင် လိုငွေပြမှုသည် နှစ်စဉ်ရေးဆွဲကြသည့် နိုင်ငံတော်ဘတ်ဂျက်၏ ၅ ရာခိုင်နှုန်းထက် မပိုရဟူသည့် သတ်မှတ်ချက်ကြောင့်သာ လျှော့ချပြီး ပြထားကြသည်လား ထင်ကြရသည်အထိ လိုငွေများဆက်တိုက်ပြနေခဲ့သည်။ ဘတ်ဂျတ်လိုငွေပြခဲ့သည့် သမိုင်းကြောင်းများကို လေ့လာကြည့်သည့်အခါ ပြည်ထောင်စုအဆင့်တွင် ယခင်အစိုးရလက်ထက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၉၂၅ ဘီလီယံ၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၇၅၃ ဘီလီယံ၊၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၃၆၁၄ ဘီလီယံရှိခဲ့သည်။ ယခုအစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၃၇၅၇ ဘီလီယံနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင်မူ ဘတ်ဂျက်လိုငွေပြမှုမှာ ၄၁၂၈ ဘီလီယံတို့ အသီးသီးမြင့်တက်လျက်ရှိခဲ့ကြောင်း တွေ့ရသည်။ ယခင်နှစ်အတွက် ဂျီဒီပီတန်ဖိုးမှာ ကျပ်သန်းပေါင်း (၉၁,၃၁၉,၄၃၃) ဖြစ်ပြီး လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၄ ဒသမ ၅၂ ရာခိုင်နှုန်း ရှိသည်ဟု အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။ ထိုလိုငွေပြမှုစာရင်းပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ နှစ်စဉ်ပေးနေရသည့် ထောက်ပံ့ကြေးများလည်း ပါဝင်သည်ကို တွေ့ရသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအတွက် ဘတ်ဂျက်ရေးဆွဲကြမှုစနစ်က ဘယ်လိုရှိသလဲ
ယခုရက်ပိုင်းတွင်ကျင်းပနေသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဘတ်ဂျက်ကိစ္စများနှင့်ပတ်သက်ပြီး ဒေသအစိုးရနှင့် လွှတ်တော်အကြား ကန့်ကွက်ဝေဖန် ထောက်ပြသံများကြားရပြီး ဖြစ်မည်ထင်သည်။ ထိုအကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် အတော်ပျံ့နှံ့လျက်ရှိနေခဲ့ပြီး တိုင်းအစိုးရအနေနှင့် လွှတ်တော်၏ကန့်ကွက်မှုကို ခံနေရချိန်ဖြစ်သည်။ သို့အတွက် ၎င်းတို့အတွက် ဘတ်ဂျက်စနစ်ကို မည်သို့ရေးဆွဲကြရသည်၊ မည်သို့ပေးပို့တင်ပြကြရသည်၊ မည်သို့သုံးစွဲကြရသည်ကို အများပြည်သူများ လေ့လာနိုင်ရေးအလို့ငှာ ဤဆောင်းပါးတွင် ဥပဒေ အကိုးအကား အထောက်အထားများဖြင့် ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။ အမှန်ဆိုလျှင် တိုင်းဒေသကြီး ပြည်နယ်ဘတ်ဂျက်များမှာ ပြည်ထောင်စုဘတ်ဂျက်နှင့်လည်း ဆက်စပ်လျက်ရှိနေသည်။

ပထမအဆင့် ဘယ်လိုဆွေးနွေးကြရသလဲ
သို့သော် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု၏ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရာတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ကြရသည်။ ထိုသို့ဆောင်ရွက်ကြရသည့် နည်းအဆင့်ဆင့်ကိုလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း (၁၄) တွင် ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားရှိသည်။ အဆိုပါ နည်းဥပဒေများအရ ပထမအဆင့်မှာ အရအသုံးဆိုင်ရာ လျာထားချက်များကို အစိုးရအဖွဲ့က ဦးစွာရေးဆွဲပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကြရသည်။ ထို့နောက် ထိုလျာထားချက်များကို လွှတ်တော်တွင်ဆွေးနွေးပြီး လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပြန်လည်ပေးပို့ကြရသည်။ ထိုပေးပို့ချက်ကို ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတဦးစီးသည့် ပြည်ထောင်စု၏ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရသည်။

ဒုတိယအဆင့်ဆွေးနွေးပြီး ဘယ်လိုဥပဒေပြဋ္ဌာန်းကြသလဲ
ထို့နောက် ဒုတိယအဆင့်မှာ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်က ၎င်း၏ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအဖြစ် ပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး ဥပဒေအဖြစ်ထုတ်ပြန်ပြီးသည့် အချိန်တွင် အဆိုပါဥပဒေအရ တိုင်းဒေသကြီးပြည်နယ်များအတွက် ရရှိသည့် ဘဏ္ဍာထောက်ပံ့ငွေများအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အတွင်းမှရရှိသည့် အရငွေများနှင့်ပေါင်းပြီး တိုင်းဒေသကြီးအစိုးရက ဘတ်ဂျက်ဥပဒေကြမ်းကို ရေးဆွဲကြရသည်။ ထိုထောက်ပံ့ငွေသည်လည်း တိုင်းတစ်ခုနှင့်တစ်ခုမတူညီပေ။ ဆင်းရဲမှု၊ လူဦးရေများပြားမှု၊ ဝင်ငွေရှိမှုမရှိမှုနှင့် ဒေသတွင်း အခွန်အကောက်ရရှိမှုအပေါ်မူတည်ပြီး ပြည်ထောင်စုက အနည်းအများလိုက်ပြီးပေးရသည်။ ပြီးသည့်အခါ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် လွှတ်တော်သို့ တစ်ဖန်ပေးပို့ကြရပြန်သည်။

လွှတ်တော်က စိစစ်ဖြတ်တောက် လျှော့ပေါ့ခွင့်ရှိသလား
ထိုသို့ တိုင်းဒေသကြီးအစိုးရက တင်ပြလာသည့် ဘတ်ဂျက်ဥပဒေကြမ်းကို လွှတ်တော်အတွင်းဖွဲ့စည်းထားသည့် ကော်မတီများက ဆိုင်ရာဌာနများသို့ခေါ်ယူပြီး ကြားနာကြရသည်။ ၎င်းတို့ တွက်ချက်တောင်းခံထားသည့် အသုံးစရိတ်များ၊ လုပ်ငန်းစီမံကိန်းများကိုစိစစ်ပြီး တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်သို့ အစီရင်ခံကြရသည်။ ပြီးသည့်အခါ အများဆန္ဒဖြင့် မလိုသေးသည့်စီမံကိန်းများ၊ အသုံးစရိတ်များ၊ ပြည်သူများအတွက် အသုံးမဝင်သည့် အသုံးစရိတ်များ ငြင်းပယ်ခြင်း (ဖြတ်တောက်ခြင်း)၊ အချို့တင်ပြသည့် များပြားသည့် အသုံးစရိတ်ငွေများကို လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ကြရသည်။ ပြီးသည့်အခါတွင်မှ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာပေးကြရသည်။

လွှတ်တော်က ငြင်းပယ်ခွင့်၊ လျှော့၍ခွင့်ပြုခြင်းမပြုရတာက ဘယ်လိုအသုံးစရိတ်တွေလဲ
သို့သော်လည်း တိုင်းဒေသကြီး ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က တင်ပြလာသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် လွှတ်တော်ဘက်အပိုင်းမှ ဆွေးနွေးခွင့်ရှိသော်လည်း ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းမပြုရလို့ အဆိုပါနည်းဥပဒေတွင် ဖော်ပြထားသည့် ခြွင်းချက်များလည်းရှိသည်။ ထိုအချက်များမှာ တိုင်းဒေသကြီးပြည်နယ်အဆင့် အဖွဲ့အစည်း အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းတို့၏ အသုံးစရိတ်များ၊ ထိုအဖွဲ့က ပေးဆပ်ရန်ရှိသောကြွေးမြီများ၊ ကြွေးမြီနှင့်ပတ်သက်သည့် ကုန်ကျစရိတ်များ၊ တရားရုံးသုံးအသုံးစရိတ်များနှင့် ဥပဒေတစ်ရပ်ရပ်အရ ကျခံရမည့် အခြားအသုံးစရိတ်များ ပါဝင်ထားပြန်သည်ကို တွေ့ရသည်။

အလေအလွင့်မရှိအောင်သုံးစွဲကြမှ တန်ကာကျ
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များအပိုင်းမှ သေချာစွာစိစစ်ကြပ် မတ်လျှော့ချ၊ ငြင်းပယ်၊ ဖြတ်တောက်ပြီး ခွင့်ပြုကာ ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းပြီး နောက်ပိုင်းတွင်လည်း မြေပြင်တွင် အမှန်တကယ်အောင်မြင်အောင် အကောင်အထည်ဖော်ရမည့် ဌာနများအနေနှင့် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်နေကြသဖြင့် နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုအပြည့်အဝရှိရန် အရေးကြီး ပြည်သူ့ဘဏ္ဍာငွေများကို မလေလွင့်စေရန် ကိုင်တွယ်သုံးစွဲကြရမည်သာဖြစ်သည်။

စာရင်းစစ်အဖွဲ့တွေကလည်း အသေအချာစိစစ်
၎င်းအပြင် လွှတ်တော်ကခွင့်ပြုပေးလိုက်သည့် ဘတ်ဂျက်ငွေများနှင့် မြေပြင်တွင် အကောင်အထည်ဖော်ဆောင်သည့် လုပ်ငန်းများ၏ကုန်ကျမှုများမှာ အမှန်တကယ် ကိုက်ညီမှု ရှိ မရှိ၊ ပြည့်ပြည့်ဝဝ သုံးစွဲခြင်းရှိ မရှိ၊ အရည်အသွေးစံချိန် မီမမီ ကွင်းဆင်းပြီး အသေအချာစစ်ဆေးကြရန်လိုသည်။ တိုင်းဒေသကြီးနှင့် အစိုးရဌာနဆိုင်ရာများအနေနှင့်လည်း အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကနဦးလုပ်ငန်းစဉ်ဖြစ်သည့် တင်ဒါခေါ်ယူရေးလုပ်ငန်းများတွင်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်၊ မဖြစ်၊ ဥပဒေကို လက်တစ်လုံးခြားပြုလုပ်ပြီး ဌာနအကြီးအကဲများနှင့် နွယ်ယှက်သည့်သူများကိုသာ လက်သိပ်ထိုးပေးအပ်ပြီး ဥပဒေနှင့်ကိုက်ညီအောင်ပြုလုပ်ထားခြင်း ဟုတ်မဟုတ် လုပ်ငန်းများထပ်နေခြင်း ရှိ၊ မရှိ၊ မြေပြင်တွင် အမှန်တကယ်လိုအပ်သည့်နေရာ ဟုတ်၊ မဟုတ် အသေအချာ စစ်ဆေးဆောင်ရွက်ကြရန်လိုသည်။

နိဂုံးချုပ်တင်ပြချက် ပြည်သူများအတွက်
သို့ဖြစ်၍ နိဂုံးချုပ်အားဖြင့်တင်ပြရလျှင် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ချမှတ်ပေးသည့် နိုင်ငံတော်ဘတ်ဂျက်များသည် ပြည်သူများအတွက်သာ ဖြစ်စေရမည်ဖြစ်သည်။ ထို့ပြင် ဌာနဆိုင်ရာများအနေနှင့် ပြောင်းလဲလာနေသည့်ခေတ်စနစ် အချိန်အခါများအရ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ စိစိစစ်စစ်ထိန်းသိမ်းသုံးစွဲကြရန် အထူးတာဝန်ရှိသည်။ အဆိုပါ ဘတ်ဂျက် သုံးစွဲမှုများအပေါ် လွှတ်တော်အပိုင်းကလည်း အထူးစောင့်ကြပ်ကြည့်ရှု ထိန်းကျောင်းပြီး အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာလျှင်လည်း တရားစီရင်ရေးအပိုင်းသို့လွှဲအပ်ကာ တည်ဆဲဥပဒေများနှင့် တိတိကျကျ အရေးယူကြရမည်ဖြစ်သည်။ သို့မှသာ အဆိုပါ နိုင်ငံ့ဘတ်ဂျက်၊ ပြည်သူ့ဘဏ္ဍာငွေများအပေါ် တလေးတစားရှိလာပြီး အမှန်တကယ် ထိထိရောက်ရောက် သုံးစွဲတတ်လာမည်ဖြစ်ကာ ပြည်သူများလည်း ပြည့်ပြည့်ဝဝခံစားလာကြရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သန်းဖြိုးနိုင်

  • VIA