News

POST TYPE

OPINION

အိပ်နေတဲ့ နိုင်ငံ
09-Jun-2018



မြန်မာဆိုတာ အိပ်နေတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ အိပ်ပျော် နေတဲ့နိုင်ငံ၊ အိပ်မောကျနေတဲ့နိုင်ငံ၊ အိပ်စက်နေတဲ့ နိုင်ငံ စသဖြင့် စာလုံးတစ်လုံးလောက်တောင် ချဲ့ပြီးမရေးချင်ဘူးဗျာ။ အိပ်နေတဲ့နိုင်ငံလို့ပဲ တည့်ရေးလိုက်တယ်။ အိပ်နေတယ်ဆိုတာ တင်စားတာပေါ့။ မျောနေတာပေါ့။ တွေဝေနေတာပေါ့။ ဘာလုပ်ရမှန်း မသိတာ၊ သိလည်း မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေတာပေါ့။ အတွင်းမှာတင် လှည့်ခွေတိုင်ပတ်နေတာပေါ့။ မလျင်တာပေါ့၊ မလည်တာပေါ့။ မနပ်တာပေါ့။ “အ” တာ၊ တုံးတာ၊ ညံ့တာ အဲဒီအိပ်နေတယ်ဆိုတဲ့ အသုံးအနှုန်းမှာ အကုန်ပါတယ်။ စာရေးသူ ပြည်ပနိုင်ငံတွေဆီ ခဏခဏ ရောက်တယ်။ ၄၊ ၅ နှစ် ဆိုရင် သိသိသာသာ ပြောင်းလဲသွားပြီ။ ၁၀ နှစ်၊ ၁၅ နှစ်ဆိုတဲ့ကာလ အများကြီးပြောင်းလဲသွားပြီ။ တစ်လောက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တော် (Kunming) နဲ့ တက်ဟုန်းပြည်နယ်ခွဲ၊ မန်ရှီမြို့ (Mangshi) ဆီ ခရီးတစ်ထောက် ထွက်ဖြစ်တယ်။ ကူမင်းအနီးတစ်ဝိုက်နဲ့ ဆင်ခြေဖုံး ဒေသတွေမှာ တည်ဆောက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ အများအပြား တွေ့ရတယ်။ စာရေးသူ ကူမင်းကို နှစ်တိုင်းလို ရောက်ပါတယ်။ အခုဆို ၅ နှစ်ဆက်တိုက်ရှိခဲ့ပြီ။ တစ်နှစ်နဲ့တစ်နှစ်က မတူဘူး။ ပြောင်းလဲတိုးတက်နေတယ်။ ကူမင်းဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တွေထဲက ပြည်နယ်တစ်ခုဖြစ်တယ်။ အဲဒီဖွံ့ဖြိုးမှုနည်းတဲ့ပြည်နယ်ထဲက မြို့တော်ဟာရန်ကုန်မြို့ထက် အခြေခံအဆောက်အဦတွေမှာ အများကြီးသာလွန်တယ်။ မြင့်မားတဲ့ လူနေတိုက်တာအဆောက်အအုံတွေ မရေတွက်နိုင် အောင် ရှိတယ်။ လျှပ်စစ်မီး အချိန်ပြည့်ရရှိတယ်။ မြေအောက်ရထား၊ မိုးပျံလမ်းမကြီးတွေရှိတယ်။ အမေရိကန်ပြည်ထောင်စုက လာရောက်ဖွင့် လှစ်တဲ့ ကမ္ဘာကျော် မက်ဒေါ်နယ်စားသောက်ဆိုင်တွေ အများအပြားရှိတယ်။

ဆိုချင်တာ ကိုယ့်နိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ် နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ ပြည်နယ်တစ်ခုရဲ့ မြို့တော်တောင် ဒီလိုလျင်လျင် မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုရင် မြို့တော်ဘေဂျင်းတို့၊ ရှန်ဟိုင်းတို့ဆိုတာ ပြောဖွယ်မရှိတော့ပေ။ ဖွံ့ဖြိုးတိုးတက်မှုမှာ တရုတ်ထက်သာလွန်တဲ့ ဂျပန်၊ ကိုရီးယားဆိုတာ ဖွံ့ဖြိုးမှုကြာလာ၊ လွန်လာလို့ သူတို့စီးပွားရေးက အီနေ၊ တန့်နေတဲ့အခြေအနေတောင် ရှိနေပြီ။ တရုတ်အကြောင်း ပြောရင်းနည်းနည်းကျန်ခဲ့တာ ရှိတယ်။ အခုဆို တရုတ်က သူ့ရဲ့ မဟာဗျူဟာပေါ့။ ကူမင်းသည် တစ်ချိန်မှာ အရှေ့တောင်အာရှ၊ တောင်အာရှတို့ရဲ့ ဆုံချက် မြို့တော်ဖြစ်လာရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ ဒါကြောင့် ဒေသတွင်း ဖိုရမ်တွေ၊ အစည်းအဝေးတွေ မကြာခဏလက်ခံကျင်းပတယ်။ အိမ်နီး ချင်းနိုင်ငံတွေကသုတေသီတွေကို တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဖိတ်ခေါ်ဆွေးနွေးတယ်။ အခု နောက်ဆုံးသွားခဲ့တဲ့ ကူမင်း-မန်ရှီ ခရီးစဉ်မှာဆိုရင်လည်း ယူနန် ပြည်နယ်က ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား ထင်ရှားကျော်ကြားတဲ့ ဒါလီ (Dali) ဒေသကနေ တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ (တရုတ်အခေါ် ရူလီ) (Ruili) အထိ တိုက်ရိုက်ရောက်ရှိမယ့် မီးရထားလမ်း ဖောက်လုပ်နေပြီ။ ၂၀၂၂ ခုနှစ်လောက်မှာ ပြီးမယ် ခန့်မှန်းကြတယ်။ နောက်ဆို မြန်မာအပိုင် မူဆယ်ဘက်ကနေ ရွှေလီကတစ်ဆင့် ဒါလီကို အလွယ်တကူ ခရီးသွားလို့ရပြီ။ ဒါလီကိုရောက်ဖူးတဲ့ စာရေးသူအဖို့ ဒါလီရဲ့ သဘာဝရှုခင်းအလှအပတွေ၊ အင်းအိုင်လျှိုမြောင်တွေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်တွေ ယခုတိုင် မြင်ယောင်သတိရနေဆဲ ဖြစ်ပါတယ်။ အခုဆို တရုတ်ဘက်က တရုတ်အပိုင်ရွှေလီမြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ၊ လားရှိုး-မန္တလေးကနေ ရန်ကုန်အထိ တိုက်ရိုက်မီးရထားလမ်း ဖောက်မယ့်အစီအစဉ်တွေ ရှိနေပြီ။ မြန်မာဘက်က အချက်ပြတာနဲ့ ရထားလမ်းအစီအစဉ်တွေ စတင်ဖို့ သူတို့မှာ လူသားရင်းမြစ်၊ ပစ္စည်းရင်းမြစ်၊ နည်းပညာရင်းမြစ်တွေ ရှိနေပြီ။ မြန်မာတို့ကတော့ အိပ်မောကျလို့ကောင်းတုန်း ရှိနေသေးတယ်။

ရထားလမ်းကြီး ဖောက်လုပ်ပြီးစီးလျှင် ရထားလမ်းတစ်လျှောက် ရထားကြီးအလာကို စောင့်မျှော်ရင်း တိုးဝှေ့ဈေးရောင်းကြမယ့် ရွှေမြန်မာ လူတန်းစားတစ်ရပ် ပေါ်ထွက်လာပေလိမ့်မည်။ တစ်ဖက်က ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ချင်နေတယ်၊ ဘာတွေပြင်ဆင်နေတယ်ဆိုတာ သာမန် မြန်မာပြည်သူတွေ မသိကြပေ။ တရုတ်ကလုပ်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road Initiative) ဆိုတာတွေလည်း မသိ၊ အာဆီယံစီးပွားရေးရပ်ဝန်း (ASEAN Economic Comminity)  ဆိုတာလည်းမသိ၊ အိမ်နီးချင်းတွေ လုပ်နေတာလည်းမသိ၊ ဒေသတွင်းနိုင်ငံတွေ လုပ်နေတာလည်းမသိ၊ နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေတာလည်း မသိ၊ တစ်ဖက်က ဒီကိုလာပြီဆိုမှ နောက်က အမြဲလိုက်နေကြရတဲ့ အခြေအနေဖြစ်တယ်။ တစ်ဖက်ကလာတယ်ဆိုတာ ဖြစ်သလိုလာတာ မဟုတ်ဘူး။ လူတွေနဲ့ ထိတွေ့၊ သုတေသနတွေပြုလုပ်၊ စာတမ်းတွေပြုစုပြီးမှာ လာတာဖြစ်တယ်။ မြန်မာစကားတတ်တဲ့ တရုတ်နိုင်ငံသားတွေ၊ ဂျပန်နိုင်ငံသားတွေ၊ အိမ်နီးချင်းနိုင်ငံသားတွေ အများကြီးရယ်။ တတ်ရုံတင် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ လနဲ့ချီ၊ နှစ်နဲ့ချီလာနေတယ်။ သုတေသနတွေ လုပ်တယ်။ သတင်းအချက်အလက်တွေယူတယ်။ သူတို့ကလည်း ကိုယ့်ဆီလာတယ်။ သူတို့ဆီလည်း ကိုယ့်ကိုဖိတ်ခေါ်တယ်။ တရုတ်၊ ဂျပန်၊ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာ့အရေးကျွမ်းကျင်သူဆိုတာတွေ ရာနဲ့ချီရှိတယ်။ ဂျပန်သုတေသီတွေပြုစုတဲ့ မြန်မာဆိုင်ရာစာတမ်းတွေဆို အင်မတန် အသေးစိတ်ကျတယ်။ အချက်အလက် စုံလင်တယ်။ ကိုယ်မသိတာတွေ သူတို့သိတယ်။ တရုတ်နိုင်ငံဆိုလည်း ယူနန်ပြည်နယ်မှာကို မြန်မာ့အရေး ကျွမ်းကျင်သူတွေ အများအပြားရှိတယ်။ မြန်မာတွေကျတော့ သုတေသနကလည်း အားနည်း၊ ဘာသာစကားကိုလည်း မလေ့လာ၊ သူတို့ဆီလည်း မသွားနိုင်၊ ကိုယ့်ဆီလာရင်လည်းရန်လုပ်၊ အချင်းချင်းကလည်း မညီညွတ်၊ ကိုယ့်နိုင်ငံမှာ တရုတ်ရေးရာကျွမ်းကျင်သူ၊ အိန္ဒိယရေးရာကျွမ်းကျင်သူ၊ ထိုင်းရေးရာ ကျွမ်းကျင်သူဆိုပြီး တိတိကျကျ သိပ်မရှိလှဘူး။ ယေဘုယျ နိုင်ငံရေး လေ့လာသုံးသပ်သူဆိုတာမျိုးလောက်ပဲ ရှိတယ်။ သုတေသနနဲ့ ပတ်သက်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာက အများကြီး ကျန်ခဲ့ပြီ။ အိပ်တယ်ဆိုတာ အဲဒါကိုပြောတာဖြစ်တယ်။ 

အမှန်တော့ မြန်မာတွေက ပြောင်းလဲခဲပါတယ်။ စာရေးသူရေကျော်အနီး ဗိုလ်တထောင်မြို့နယ်မှာ နေပါတယ်။ နှစ်တိုင်း ရေကျော်သီတင်းကျွတ်ပွဲတော်ဆိုတာ ဝှဲချီးကျင်းပတယ်။ နှစ်တွေသာ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲသွားတယ်။ ပွဲတော်အတွင်း လာရောက်ရောင်းချကြတဲ့ ဈေးသည်တွေ အမူအကျင့်က ပြောင်းလဲမှုမရှိလှပါဘူး။ ဖြစ်သလိုနေကြတယ်၊ အိပ်ကြတယ်၊ စားကြတယ်၊ ပွဲတော်ကာလ မနက်ဖက် ရေကျော်ဈေးသွားတယ်ဆိုရင် အဲဒီဈေးသည်တွေ အိပ်နေကြတာများဗျာ။ ခြေထောက်တွေက ဟင်းဇလုံထဲ ကျလို့ကျ၊ အကြော်ဗန်းတွေထဲ ရောက်လို့ရောက်၊ ကျွန်တော်လေ ပွဲတော်အစားအစာဆို မစားဖြစ်တာကြာပြီ။ လူတွေကို အပြစ်မတင်ပါဘူး။ တာဝန်ရှိသူတွေကမှ လိုအပ်တဲ့ဝန်းကျင်တွေကို ဖန်တီးမပေးနိုင်တာပဲ။ ဒီတော့ ဖြစ်သလို၊ ကြုံသလို အိပ်ကျရ၊ အပေါ့အပါးသွားကြရ၊ ဒါတောင် ရန်ကုန်ပွဲဈေးဖြစ်တယ်။ နယ်ပွဲဈေးတွေဆို သန့်ရှင်းရေးအခြေအနေက ဘယ်လောက်များ ဆိုးလိုက်ပါ့မလဲ။ တစ်နှစ်လည်း မပြောင်းလဲ၊ ၄၊ ၅ နှစ် လည်း မပြောင်းလဲ၊ ၁၀ နှစ်၊ ၁၅ နှစ်လည်း မပြောင်းလဲ၊ အိပ်တယ်ဆိုတာ အဲဒါမျိုးကိုပြောတာ ဖြစ်တယ်။ အမိန့်အာဏာနဲ့လုပ်ပြန်တော့ အာဏာရှင်ဆိုပြီး မကြိုက်၊ ဒီမိုကရေစီဆိုပြန်တော့ လွတ်လပ်ခွင့်ကို တစ်လွဲအသုံးချ၊ အာဏာရှင်မကျ၊ ဒီမိုကရေစီလည်းမကျဆိုတာ အစိတ်သားဆိုပြီး ကန့်ကွက်၊ စီးပွားရေးလည်း တိုင်ပတ်၊ လူမှုရေးလည်း တိုင်ပတ်၊ နိုင်ငံရေးလည်း တိုင်ပတ်၊ တိုင်းပြည်နာတာပေါ့။ ပြည်သူတွေ ဆင်းရဲတာပေါ့။ အိပ်တယ်ဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်တယ်။

တစ်ဖက်က လာပြီးရင်းနှီးမြှုပ်နှံပြန်တော့ ပတ်ဝန်းကျင်ထိခိုက်တယ် ဆိုပြီး ကန့်ကွက်ကြ၊ လျှပ်စစ်မီးကျတော့ လိုချင်တယ်။ စီးပွားရေးလည်းမလုပ်တတ်၊ ပညာရေးက မကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းက နည်းပါး၊ ဒီမိုကရေစီလည်း လိုချင်၊ လူ့အခွင့်အရေးလည်းရချင်၊ တရားဥပဒေ စိုးမိုးရေးလည်းဖြစ်ချင်၊ ပတ်ဝန်းကျင်လည်း မထိခိုက်စေလို၊ တရုတ်နဲ့လည်း အဆင်မပြေ (လက်ပံတောင်းကိစ္စ၊ မြစ်ဆုံကိစ္စ)၊ ဘင်္ဂလားဒေ့ရှ်ကိုလည်း မနှစ်သက် (ရခိုင်ကိစ္စ)၊ အနောက်နိုင်ငံတွေနဲ့လည်း အဆင်မချော (လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး)၊ နောက်ဆုံး အတွင်းပြန်ခွေပြီး ကိုယ့်အချင်းချင်း အပြစ်တင်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖျက်သိမ်းရေးဆီ အာရုံရောက်၊ အိပ်တယ်ဆိုတာ အဲဒါကိုပြောတာဖြစ်တယ်။ လုံးလုံးအိပ်နေမှ မဟုတ်ဘူး။ ပြောလိုက်ရင် စကားကြီး၊ စကားကျယ်၊ မြန်မာဆိုတာ ဘာကွ၊ ညာကွ၊ သမိုင်းကြောင်း တွေပြန်လှန်၊ တကယ့်လက်တွေ့ကြည့်လိုက်၊ နိုင်ငံတကာမပြောနဲ့ အာဆီယံ နိုင်ငံအားလုံးနဲ့ ယှဉ်ကြည့်လိုက် မြန်မာဆိုတာ ဖွတ်ကျားနိုင်ငံ ဖြစ်တယ်။ အိပ်နေတဲ့နိုင်ငံ ဖြစ်တယ်။ တွေနေတဲ့ နိုင်ငံဖြစ်တယ်။ သေနေတဲ့ နိုင်ငံဖြစ်တယ်။ 

တစ်ချိန်က မြန်မာ့အိမ်နီးချင်းနိုင်ငံအများစုဟာ အိပ်မောကျနေခဲ့ကြတယ်။ ပြင်သစ်စစ်ဘုရင် နပိုလီယန်က တရုတ်နဂါးကြီး အိပ်ပျော်တယ်၊ မနိုးပါစေနဲ့လို့ ဆိုခဲ့ဖူးတယ်။ အင်္ဂလိပ်က တရုတ်ကို ဘိန်းကျွေးပြီး သိမ်းခဲ့ဖူးတယ်။ တရုတ်တို့ ကိုလိုနီဘဝကျရောက်ခဲ့စဉ် တစ်ချိန်က ရှန်ဟိုင်းမြို့ရဲ့ ပန်းခြံတစ်ခုမှာ “တရုတ်နဲ့ခွေး မဝင်ရ” လို့ ရေးသားစော်ကားနှိမ်ချတာ ခံခဲ့ရဖူးတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ချိန်က တရုတ်တို့ အင်မတန်ဆင်းရဲခဲ့ပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရောက်လာခဲ့ကြတယ်။ အခုတော့ အခြေအနေအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ လူတွေအားလုံး တရုတ်ဆီသွားနေကြပြီ။ တရုတ်နဂါးကြီးကား အရှိန်အဟုန်ဖြင့် နိုးထလာခဲ့ပြီ။ ဟိုတစ်ချိန်က မြန်မာနိုင်ငံသို့ရောက်ရှိလာကြသော အိန္ဒိယတိုက်သားတွေဆိုရင်လည်း အင်မတန်ဆင်းရဲကြပါတယ်။ အိမ်သာဆေးတဲ့အလုပ်၊ ကြမ်းတိုက်တဲ့အလုပ်၊ မြန်မာတို့မလုပ်ချင်တဲ့ အောက်ခြေသိမ်း အလုပ်အားလုံး သူတို့လုပ်ကြရတယ်။ ယခုတိုင် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသား တရုတ်၊ အိန္ဒိယသားအချို့ ဆင်းရဲနေသေးသည့်တိုင် မြန်မာနိုင်ငံသားအများစုနှင့် နှိုင်းစာလျှင် သူတို့အများစုမှာ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဘယ်မြို့မှာကြည့်ကြည့် ချမ်းသာတယ်ဆိုရင် တရုတ်နှင့် အိန္ဒိယသားတို့ များပါတယ်။ ယခု ကမ္ဘာ့ IT လောကတွင် ပညာရှင်များအနေနှင့် လွှမ်းမိုးထားသည်မှာ အိန္ဒိယပညာရှင်များ ဖြစ်ကြတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဆိုလည်း နိုင်ငံကဆင်းရဲတယ်ဆိုသည့်တိုင် တစ်ကမ္ဘာလုံးတွင် ဖြန့်ကြက်နေထိုင်ကြသည်။ အမေရိကန်၊ အင်္ဂလန်၊ ဥရောပတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ သိန်းပေါင်းများစွာ မှီတင်းနေထိုင်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးဟာ မြန်မာနိုင်ငံထက် များစွာသာလွန်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလျှင်လည်း နှစ်ပေါင်းများစွာ စီးပွားရေး အခြေခံကောင်းများရရှိပြီး ဖြစ်ပါတယ်။ အမေရိကား၊ ဥရောပတွင် ထိုင်းစားသောက်ဆိုင်များမှာ တရုတ်စားသောက်ဆိုင်များပြီးလျှင် အရေအတွက်အများဆုံး ဖြစ်ပါတယ်။ သူတို့အားလုံး အိပ်စက်ခြင်းမှ ကောင်းစွာ နိုးထခဲ့ကြပြီ ဖြစ်ပါတယ်။ 

ကျန်ခဲ့တာက ကျွန်တော်တို့ မြန်မာနိုင်ငံဖြစ်တယ်။ ကျွန်တော် ပြည်တွင်း၊ ပြည်ပနေရာများစွာသို့ ရောက်ဖူးပါတယ်။ မြန်မာစစ်ရင် ဆင်းရဲတဲ့သူများတယ်။ အဆင်ပြေနေတဲ့သူ၊ ကြီးပွားနေတဲ့သူတွေက မြန်မာတိုင်းရင်းသားတွေ မဟုတ်တတ်ဘူး။ တာချီလိတ်နှင့်ထိစပ်နေသော ထိုင်းနိုင်ငံ၊ မဲဆိုင်ဖက်သို့ သွားဖူးတယ်။ လမ်းတစ်လျှောက် တောင်းရမ်းစားသောက်နေသော မြန်မာကလေးငယ်တချို့တွေ့ရတယ်။ မူဆယ်နှင့်ထိစပ်နေသော တရုတ်နိုင်ငံ ရွှေလီသို့ရောက်ဖူးတယ်။ တရုတ်ဘက်ခြမ်းနယ်စပ်အနီး မတ်တတ်ရပ်နေသော စာရေးသူအား မူဆယ်-မြန်မာဘက်မှ တရုတ်ဘက်သို့ လက်ကမ်းတောင်းရမ်းစားသောက်သူတချို့နဲ့ ကြုံဖူးတယ်။ ယခု အိမ်နီးချင်းနိုင်ငံများတွင် သူတောင်းစားနှိမ်နင်းရေးပြုလုပ်လျှင် မြန်မာပါဝင်တယ်။ ပြည့်တန်ဆာခန်းများအား ဝင်ရောက်ဖမ်းဆီးလျှင် မြန်မာပါဝင်တယ်။ လူမှောင်ခိုများဖမ်းဆီးလျှင် မြန်မာပါဝင်တယ်။ အောက်ခြေအလုပ်သမား၊ အိမ်ဖော်စာရင်းကောက်လျှင် မြန်မာပါဝင်တယ်။ ပြည်ပတွင် မြန်မာသူတောင်းစား၊ အောက်ခြေအလုပ်သမားများ အစော်ကားခံရသည်ကို မျက်မြင်ကြုံတွေ့ဖူးပါတယ်။ မြန်မာအိမ်ဖော်များ၊ ပြည့်တန်ဆာများ အစော်ကားခံရ၊ အနိုင်ကျင့်ခံရသည့်သတင်းများ မကြာမကြာ ကြားသိနေရပါတယ်။ သူတောင်းစားလည်း မြန်မာဖြစ်တယ်။ ပြည့်တန်ဆာလည်း မြန်မာဖြစ်တယ်။ အိမ်ဖော်၊ အလုပ်သမားလည်း မြန်မာဖြစ်တယ်။ ကျွန်တော်လည်း မြန်မာဖြစ်တယ်။ အဆိုပါ ကိုယ်တွေ့အတွေ့အကြုံများ၊ သတင်းများဟာ ကျွန်တော့်အား နာကျင်စေပါတယ်။ ကျွန်တော်တို့ ဆင်းရဲနေသရွေ့၊ အိပ်မောကျနေသရွေ့ အစော်ကားခံနေရဦးမှာ ဖြစ်ပါတယ်။ 

အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေက ကောင်းလှတာ မဟုတ်ဘူး။ တချို့ဒေသတွေမှာဆို ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ၊ ဟိုအဖွဲ့နဲ့အဆင်ပြေအောင်ပေါင်းရ၊ ဒီအဖွဲ့နဲ့အဆင်ပြေအောင်ပေါင်းရ၊ ဘယ်သူက အဖေမှန်းကို မသိတတ်ကြဘူး။ ရောက်တဲ့နေရာ၊ ရောက်တဲ့အရပ်၊ ရောက်တဲ့ဒေသမှာ ရှင်သန်အောင် ပေါင်းသင်းနေထိုင်လုပ်ကိုင်ရတာ မြန်မာတို့ အတွက် မဆန်းတော့ပြီ။ ထလော့မြန်မာ၊ ထလော့မြန်မာဟု မနှိုးဆော်လိုပါ။ ကိုယ့်ကြမ္မာ ကိုယ်သာဖန်တီးရမှာသာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်သာရေးသားကြရမှာသာ ဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူတစ်ယောက်က အဲဒီဆောင်းပါးဖတ်ပြီးတဲ့နောက် သူ့အနေဖြင့် အိပ်ပျော်နေရာမှ နိုးထလာသလို ခံစားရပါတယ်လို့ မှတ်ချက်ပေးဖူးပါတယ်။ မြန်မာတို့ အမှန်တကယ် နိုးထနိုင်ကြပါစေ။ ဆောင်းပါးဖတ်လိုက် အိပ်ရာကနိုးသလို ခံစားလိုက် မလုပ်ကြပါနဲ့။ ချက်ချင်းပဲ နိုးထလိုက်ပါ။ စိတ်သစ်၊ လူသစ်နဲ့ ကြိုးစားကြပါ။ ပြန်ပြီးလည်ထွက်မသွားပါစေနဲ့။ မောရင်တော့ နားပေါ့။ ကျွန်တော်တို့ အဆက်မပြတ်လေ့လာ သင်ယူကြရလိမ့်မယ်။ အဆက်မပြတ် စဉ်းစားတွေးခေါ်ကြရလိမ့်မယ်။ အဆက်မပြတ် အလုပ် လုပ်ကြရလိမ့်မယ်။ အချိန်တွေ သိပ်နောက်ကျသွားပြီဆိုရင်တောင် ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်မိသားစု၊ ကိုယ်လူမျိုး၊ ကိုယ့်အမျိုးဘာသာ၊ သာသနာအတွက် နိုးထပေးကြပါ။

အောင်အောင် (IR)