News

POST TYPE

OPINION

ချတော့မနင်းလိုက်ပါနဲ့
09-Jun-2018 tagged as

လူတိုင်းလူတိုင်း အောင်မြင်ချင်ကြတယ်။ မအောင်မြင်သေးတဲ့သူတွေက အောင်မြင်အောင် ကြိုးစားနေကြတယ်။ အောင်မြင်မှုရပြီးထားတဲ့ သူတွေကလည်း ရထားတဲ့အောင်မြင်မှုလေးကို ရေရှည်ထိန်းထားနိုင်အောင်၊ ဒီ့ထက်မကပိုပြီးတော့ အောင်မြင်လာအောင် ဆက်ပြီးတော့ ကြိုးစားနေကြတယ်။ 

အောင်မြင်မှုရလိုခြင်းဆိုတဲ့ ဦးတည်ချက်ကတော့ အားလုံးအတူတူပါပဲ။ ဒါပေမဲ့ အဲ့ဒီအောင်မြင်မှုဆီကို ဘယ်လိုသွားမလဲဆိုပြီးတော့ နည်းလမ်းရှာဖွေတဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းတွေရယ်၊ ရရှိလာတဲ့နည်းလမ်းအတိုင်း ကြိုးစားပြီးတော့ အကောင်အထည်ဖော်ကြတဲ့ နည်းလမ်းတွေရယ်ကတော့ တစ်ယောက်နှင့်တစ်ယောက် မတူကြတော့ဘူး။ ကွဲသွားတယ်။ အများကြီးကို ကွဲပြားသွားကြတော့တယ်။ ဟုတ်တယ်လေ။ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ 

ရှိပါတယ်။ အောင်မြင်မှုရနိုင်မယ့် နည်းလမ်းတွေကလည်း အများကြီးမှ တကယ့်ကိုအများကြီး ရှိနေပါတယ်။ အဲ့ဒီအများကြီးရှိတဲ့နည်းလမ်းတွေအထဲကမှ ကိုယ်နဲ့အဆင်အပြေဆုံး၊ အကိုက်ညီဆုံးပုံစံက ဘယ်ဟာဖြစ်မလဲဆိုတာကို ကိုယ့်ဘာသာပဲ ဝေဖန်သုံးသပ်ပြီးတော့မှ ကိုယ့်ဘဝအောင်မြင်ရေးအတွက် ကြိုးစားကြရမှာပါ။ သူက ဒီလိုပုံစံနဲ့အောင်မြင်သွားပေမယ့် ကိုယ်ကျတော့ သူ့လိုလိုက်လုပ်လို့ ဖြစ်ချင်မှဖြစ်မှာ။ သူကသူ၊ ကိုယ်က ကိုယ်။ အရာရာကို ပုံသေကားချ၊ လှေနံဓားထစ်သတ်မှတ်ထားလို့ မရဘူး။

ဒီနေရာမှာ စဉ်းစားပုံစဉ်းစားနည်းလေးတချို့နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး တင်ပြချင်ပါတယ်။ တချို့တချို့သောပုဂ္ဂိုလ်တွေက အောင်မြင်မှုဆီကို ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ ကောင်းမွန်တဲ့ အတွေးအကြံ၊ ကောင်းမွန်တဲ့အပြောအဆို၊ ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှု စတာတွေနဲ့ အရင်းတည်ပြီးတော့ သန့်သန့်ရှင်းရှင်း ပျံ့ပျံ့သင်းသင်း ခရီးနှင်ကြတယ်။ ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ အမျိုးမျိုးသော လောကဓံတရားတို့ရဲ့ ရိုက်ခတ်ပုတ်လှဲမှုတွေကို ဘယ်လိုပင်ခံကြရပေမယ့် သူတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုလေးတွေကတော့ အမြဲတမ်းပဲ ဖြူစင်သန့်ရှင်းလို့နေတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်ရင်းစေတနာ သန့်သန့်လေးနဲ့ပဲ အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်ထားလေးတွေနဲ့ပဲ ရင်ဆိုင်ကျော်လွှားသွားလေ့ရှိကြတယ်။

တချို့တချို့သောသူတွေကျတော့ ဒီလိုမဟုတ်လေဘူး။ ကိုယ်အောင်မြင်ဖို့အတွက် သူများကျရှုံးမှ ဖြစ်မယ်ဆိုတဲ့အတွေးမျိုး ရှိတတ်ကြတယ်။ တစ်ဖက်လူရဲ့ကျရှုံးမှုကိုမှ ကိုယ့်ရဲ့အောင်မြင်မှုရယ်လို့ သတ်မှတ်ထားကြလေသလား မသိပါဘူး။ သူတို့သူတို့တွေမှာတော့ တွေးတဲ့အတွေးလေးတွေ၊ ပြောတဲ့အပြောလေးတွေ၊ ပြုလုပ်တဲ့ အားထုတ်မှုလေးတွေတိုင်းဟာ ကိုယ်ဘာတွေပိုကောင်းအောင် ကြိုးစားပြီးတော့ အောင်မြင်အောင် ကြိုးစားလိုက်ရပါ့မလဲဆိုတဲ့ အတွေးအကြံမျိုး၊ အပြုအမူမျိုးထက် တစ်ဖက်လူကို ဘယ်လိုချောက်ချလိုက်ရပါ့မလဲ၊ ဘယ်လိုအကွက်ရွှေ့ တစ်ပတ်ရိုက်ပြီး ကတုံးပေါ်ထိပ်ကွက်လိုက်ရပါ့မလဲ ဆိုတာမျိုးချည်း ဖြစ်နေတတ်ကြတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်က 3 Idiots ဇာတ်ကားကို စပြီးကြည့်ဖူးခဲ့တယ်။ ဒီနေ့အထိဆို လေးကြိမ်လား၊ ငါးကြိမ်လားရှိပြီ။ ရုပ်မြင်သံကြားကလာတိုင်းလည်း ကြည့်လိုက်မိတာချည်းပဲ။ အခုထိ ရိုးမသွားသေးဘူး။ အဲ့ဒီဇာတ်ကားထဲမှာ ဇာတ်ဝင်ခန်းတစ်ခုပါတယ်လေ။ တစ်ကျောင်းလုံးမှာ နံပါတ်တစ်ဖြစ်ဖို့ကြိုးစားနေတဲ့ ကျောင်းသားတစ်ယောက်က စာမေးပွဲညတွေမှာ အတန်းဖော်သူငယ်ချင်း ကောင်လေးတွေရဲ့အခန်းတွေဆီသွားပြီး မဟုတ်မဟတ်စာအုပ်လေးတွေ ခိုးထည့်ထားလိုက်တယ်။ မြင်လွယ်မယ့်နေရာမှာ အသာလေးသွားထားလိုက်တယ်။ သဘောကတော့ အခုလိုအရေးကြီးတဲ့ စာမေးပွဲညတွေမှာ စာမကြည့်ဖြစ်ဘဲ အဲ့ဒီပေါက်တတ်ကရစာအုပ်တွေပဲ ဖတ်ဖြစ်နေကြအောင်၊ စာတွေမေ့ပြီး အမှတ်တွေလျော့ကုန်အောင်ပေါ့။ သူများတွေ အမှတ်နည်းသွားမှ ကိုယ်က အမှတ်များတဲ့သူ ဖြစ်သွားမယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ ဒီဇာတ်ဝင်ခန်းလေး ကြည့်ရတုန်းက တကယ့်ကို ပြုံးမိခဲ့တယ်။

ရုတ်တရက်ကြည့်ရင်တော့ ဒါဟာတော်တော့်ကို ကလေးဆန်တဲ့ အပြုအမူပဲလို့ ထင်စရာပဲ။ ဟော ရေးနေရင်းနဲ့ မှားပြန်ပြီ။ တကယ်ဆို ဒီလို မတော်တရော်လုပ်ရပ်ကို ကလေးဆန်တဲ့အပြုအမူလို့ မသုံးနှုန်းသင့်ဘူး၊ မခိုင်းနှိုင်းသင့်ဘူး။ ဟုတ်တယ်။ တကယ်တော့ ကလေးတွေက ဖြူစင်ကြတယ်လေ။ ကြီးလာတော့မှသာ အရောင်အသွေးတွေ ပြောင်းလဲကုန်ကြတာ မဟုတ်လား။ ဒါ့ကြောင့် ဒီလိုမတော်တရော်အပြုအမူမျိုးကို ကလေးဆန်တဲ့ အပြုအမူရယ်လို့တော့ သိပ်တော့မသုံးသင့်ဘူးပေါ့။ ဒါဆို လူကြီးဆန်တဲ့အပြုအမူလို့များ ပြင်ပြောရလေမလား။ အို... ဒီလိုလည်းမဖြစ်သေးပါဘူးလေ။

ပြောချင်တာက ဒီလိုပါ။ တကယ့် လက်တွေ့နယ်ပယ်မှာလည်း 3 Idiots ထဲက ကောင်လေးလိုမျိုး၊ သူများတွေမအောင်မြင်မှ ကိုယ်အောင်မြင်နိုင်မယ်၊ တစ်နည်းအားဖြင့် ကိုယ့်ပြိုင်ဘက်ကို အလဲထိုးနိုင်မှ ကိုယ်ဟာ အောင်နိုင်သူဖြစ်လာမယ်လို့ တွေးတောလုပ်ကိုင်နေကြတဲ့သူတွေ ရှိရှိနေတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရတယ်။ 

လုပ်ဖော်ကိုင်ဖက်များစွာရှိပြီးတော့ အားလုံးကိုယ်စီကိုယ်စီ ကြိုးစားဆောင်ရွက်နေတယ်ဆိုပါတော့။ ဒါကို ကိုယ်လုပ်ရမယ့်ဟာကို မလုပ်ဘူး။ တစ်ဖက်ကိုကြည့်တယ်။ တစ်ဖက်ကိုပဲအာရုံစိုက်နေတယ်။ သူဘာလုပ်နေသလဲ၊ သူဘာမှားတော့မလဲ၊ ဘယ်နေရာမှာ ခလုတ်တိုက်ပြီး ဟပ်ထိုးလဲအောင်လုပ်လိုက်ရမလဲ၊ ဘယ်လိုထောင်ချောက်လေး ဆင်ထားလိုက် ရမလဲ၊ ဘယ်အဆင်းမှာ ဘီးတပ်ပေးလိုက်ရမလဲ။ သူများတပ်ပေးလိုက်တဲ့ ဘီးကြောင့် ရှေ့ကိုတအားစိုက်ဆင်းပြီး တလိမ့်ခေါက်ကွေး ကျနေတာကို တွေ့ရရင်လည်း ဒီဘီးလေးတွေ ပိုပြီး သွက်သွက်လည်သွားအောင် ဘယ်ဝင်ရိုးနားမှာ အမဲဆီလေးထပ်ထည့်ပေးလိုက်ရရင် ကောင်းမလဲဆိုတာမျိုးချည်း စဉ်းစားနေတယ်။ 

လုပ်ဖော်ကိုင်ဖက်အချင်းချင်း အဆင်မပြေအောင် လုပ်ကြံထားတဲ့ ကြားစကားတွေညှပ်ထည့်တယ်။ သပ်ကလေးတွေ သွားသွားလျှိုတယ်။ တစ်ဖက်လူကို သူ့အထက်က ဆရာသမားတွေ အမြင်မကြည်လင်အောင် မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ကုန်းတိုက်ချောပစ်တဲ့စကားတွေနဲ့ သွားပြောတယ်။ “ဒီကောင်က သိပ်ယုံရတာမဟုတ်ဘူး၊ နည်းနည်းတော့ စောင့်ကြည့်ဖို့လိုနေပြီ၊ ဒီအတိုင်းလွှတ်ထားလို့တော့ တော်မယ်မထင်ဘူ နော်” စသည်အားဖြင့် တစ်နေ့တစ်မျိုး မရိုးရအောင် အလုံးကလေးတွေ သွားသွားထည့်တယ်။ ဖုန်းနဲ့တစ်ဖုံ၊ လူကိုယ်တိုင်တစ်မျိုး၊ တစ်ဆင့်စကားလေးနဲ့ တစ်သွယ်ပေါ့လေ။ သစ်ငုတ်တောင်မှ ခလုတ်တိုက်ပါများတော့ နဲ့ရောဆိုတာလို ဒီလိုကုန်းချောစကားတွေကို အစကမယုံပေမယ့် အပြောခံရဖန်များလာတော့ “ဟုတ်များ ဟုတ်နေလေမလား” ဆိုပြီး သံသယစိတ်တွေက ဝင်ဝင်လာတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်ရတဲ့သူတွေမှာ အဲ့ဒီသံသယဆိုတဲ့အရာလေးက ဝင်ပြီးမွှေလိုက် နှောက်လိုက်ပြီဆိုရင် အရာရာဟာ ကမောက်ကမ ကပြောင်းကပြန်တွေ ဖြစ်ကုန်ရော။ အဖြူက အမည်းဖြစ်သွားပြီးတော့ အမည်းတွေကတော့ ဖြူနေသလိုလို ဖြစ်ကုန်တယ်။ 

ပြောဆိုသမျှ ကုန်းစကားအားလုံးကို တစ်ဖက်က ယုံမှာမဟုတ်ဘူး ဆိုပေမယ့် တချို့တချို့သောကိစ္စတွေကျတော့ အမှန်တရားက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိလိုက်ကြခင်မှာ ဇာတ်သိမ်းခန်းကို ရောက်သွားတတ်တယ်။ သိလိုက်ကြပြန်တော့ အရာရာဟာ နှောင်းခဲ့ကြပြီ။ ပြန်ပြင်ဖို့ခက်တဲ့ပြုမူဆောင်ရွက်မှုမျိုးကို တစ်ဖက်က တုံ့ပြန်ဆောင်ရွက်ပြီးသား ဖြစ်နေကြပြီ။ ဒီလိုအဖြစ်တွေက ရှိနေကြတယ်။ သူရွှေ့တဲ့အကွက်ထဲကို ကွက်တိဝင်သွားပြီဆိုပြန်တော့ အောင်ပွဲခံနေကြပြန်ရော။ ဒါတင်မကသေးဘူး။ နောက်နောင်မှာ လုံးဝနာလန်ထူမလာနိုင်အောင် ဘယ်လိုဆက်ပြီး နှိပ်ကွပ်ထားရရင်ကောင်းမလဲဆိုပြီး စဉ်းစားနေပြန်ရော။ ဉာဏ်နီဉာဏ်နက်တွေ၊ ဉာဏ်ဝါဉာဏ်စိမ်းတွေသုံးပြီးတော့ နောက်ထပ် နောက်ထပ်အကွက်တွေ ဆင်ပြန်ရော။ အကွက်လှလှကလေးတွေ ပန္နက်ချနေပြန်ရော။

ဒီလိုစဉ်းစားလုပ်ကိုင်နေရတာကိုပဲ သူ့ရဲ့ဂုဏ်လို့ထင်နေပြန်ရော။ “ဘယ်ကောင့်ကိုတော့ ဘယ်လို တွယ်ထည့်လိုက်တာ၊ သူ့ခမျာ ငါ့ရဲ့အကွက်တွေထဲမှာ မှောက်လျက်ကိုလဲရောကွာ” ဆိုတဲ့ အပြောမျိုးနဲ့တောင် ဂုဏ်ယူနေလိုက်ကြသေးတယ်။ သူ့ရဲ့နည်းလမ်းအမှားကြီးကိုလည်း အမြတ်တနိုးနဲ့ကို ထိန်းသိမ်းထားလိုတဲ့သဘောရှိတယ်။ ဪ... ဟောဒီလောကကြီးထဲမှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေလည်း ရှိပါသေးလားဆိုပြီး အံ့ဩယူရတယ်။ 

တကယ်တော့ ကိုယ့်ဘဝတက်လမ်းအတွက်၊ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက အများကြီးရှိနေတာပါ။ အများကြီးရှိနေတဲ့အထဲကမှ တစ်ဖက်လူကို အလဲထိုးခြင်းနည်းလမ်းကြီးကိုပဲ တရားသေဆုပ်ကိုင်ထားပြီးတော့ “ဘယ်သူသေသေ ငတေမာပြီးရော” နည်းဗျူဟာကြီးတွေကိုပဲ ထည်လဲသုံးနေတာဟာဖြင့် သင့်တော်ပါ့မလားဆိုတာကို ပြန်တွေးသင့်ပါတယ်။ 

သူကျရှုံးမှ ကိုယ်က အောင်မြင်နိုင်မှာလား။ ဟောဒီပြေးပွဲပြိုင်ပွဲ ကြီးမှာ တစ်ဖက်လူတွေ အတုံးအရုံးလဲကုန်မှ ကိုယ်ကပန်းဝင်နိုင်မှာလား။ သူ့ပစ္စည်းတွေ အရောင်းထိုင်းသွားမှ ကိုယ့်ပစ္စည်းတွေက ဈေးကွက်ဝင်လာမှာလား။ သူတို့အဖွဲ့ကို မကောင်းမြင်ကြမှသာ ကိုယ်တို့အဖွဲ့ကို အကောင်းထင်ကြမှာလား။ သူများတွေနာမည်ပျက်ကုန်မှ ကိုယ်က နာမည်ကောင်းရလာမှာလား။ ဒါတွေကို ပြန်စဉ်းစားသင့်ပါတယ်။

ပြီးတော့ သူများကိုချနင်းပြီးမှ ရလာတဲ့အောင်မြင်မှုတစ်ခုဟာ ကိုယ့်အတွက် တကယ်ချိုမြိန်နိုင်ပါ့မလား ဆိုတာကိုလည်း ပြန်စဉ်းစားသင့်ပါတယ်။ ဒိုင်ပင်းမှရမယ့်အနိုင်ရလဒ်မျိုးကိုတော့ မျှော်လင့်မနေပါနဲ့တော့။ အားလုံး သာတူညီမျှ၊ တန်းတူရည်တူ ဆင်နွှဲကြမယ့်ပွဲမျိုးမှာ ရရှိလာမယ့်အောင်မြင်မှုမျိုးကသာလျှင် ကိုယ့်အတွက် အချိုမြိန်ဆုံးဖြစ်နေမှာပါ။ 

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးသင့်ပါတယ်။ ဒီလိုမျိုးတစ်ဖက်လူကို အလဲထိုးနိုင်လိုက်တော့ ကိုယ့်စိတ်ထဲမှာကော တကယ်ပျော်ရွှင်ကြည်နူးရရဲ့လား၊ တကယ်ကျေနပ်ရရဲ့လား။ ဒါဟာ အောင်မြင်မှုအစစ်အမှန်ကော ဟုတ်ရဲ့လား။ မတရားသဖြင့် ခံလိုက်ရတဲ့တစ်ဖက်လူမှာရော ဘယ်လိုခံစားရမလဲ။ ပတ်ဝန်းကျင်ကကော ကိုယ့်ကို ဘယ်လိုထင်မြင်ကြမလဲ။ ဒါတွေကို သေချာပြန်စဉ်းစားသင့်ပါတယ်။

ဒီလိုတွေပြောနေလို့ လောကကြီးထဲမှာ တစ်ဖက်ကို အလဲထိုးဖို့ချည်း ကြံစည်တွေးတောနေသူတွေနဲ့ချည်း ပြည့်နှက်နေတယ်လို့ ဆိုလိုရင်း မဟုတ်မှန်းတော့ အားလုံးသိကြမှာပါ။ လောကကြီးထဲမှာ တကယ့်ကို ဖြူစင်မြင့်မြတ်တဲ့ စိတ်နှလုံးပိုင်ရှင်တွေလည်း အများကြီးရှိနေပါတယ်။ အပြေးပြိုင်ပွဲမှာ တစ်ဖက်လူလဲကျသွားတာမြင်တော့ ဆက်မပြေးဘဲ နောက်ပြန်လှည့်လာပြီး လဲနေသူကိုထူပေးပြီးမှ အတူဆက်လျှောက်ခဲ့တဲ့ အပြေးသမားမျိုးလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ သူသေကိုယ်သေ အသက်လုပြီး အနိုင်တိုက်ကြတဲ့တိုက်ပွဲမျိုးမှာတောင်မှ တစ်ဖက်လူရဲ့လက်ထဲက ဓားလွတ်ကျသွားတဲ့အခါ ဓားပြန်ကောက်ဖို့ အချိန်ပေးကြတဲ့သူရဲကောင်းတွေ ရှိခဲ့ကြတယ်လို့ ကြားဖူးပါတယ်။ ကိုယ့်ရဲ့သမိုင်းကို အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် ရေးထိုးပြီးတော့ မော်ကွန်းတင်သွားခဲ့တဲ့သူတွေလည်း ပြောပြလို့မကုန်နိုင်အောင် ရှိခဲ့ပါတယ်။ အခုလည်း ရှိနေကြပါတယ်။ နောင်လည်း ရှိနေကြဦးမှာပါပဲ။ 

တချို့က တစ်ဖက်ကို အလဲထိုးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အကြောင်းရှာတယ်။ ရမယ်ရှာတယ်။ အလုပ်တစ်ခုကို ကိုယ်ကကြိုးစားပြီးတော့ လုပ်တယ်။ မအောင်မြင်ဘူး။ ထပ်ပြီးတော့ ကြိုးစားကြည့်တယ်။ မအောင်မြင်ပြန်ဘူး။ ဒါကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်ရပါ့မလဲလို့ ဆက်ပြီးမသုံးသပ်တော့ဘူး။ မပြုပြင်ဘူး။ မပြုပြင်ဘဲနဲ့ သူ ဒီလိုမအောင်မြင်ရတာ ဘယ်သူ့ကြောင့်ပါ၊ ဘယ်ဝါ့ကြောင့်ပါဆိုပြီး လက်ညှိုးထိုးတယ်။ လွှဲချတယ်။ 

သီချင်းတစ်ပုဒ်ကို အဆီအငေါ်တည့်အောင် မဆိုနိုင်ခဲ့တာကို တီးဝိုင်းအဖွဲ့မကောင်းလို့ဆိုပြီး အကြောင်းပြတယ်။ မကတတ်တော့ ဖျာကို ရိုးမယ်ဖွဲ့တယ်။ ကွက်စိပ်လှအောင် မဟောနိုင်တာကိုပဲ ပံ့ပိုးတီးပေးတဲ့ဆိုင်းက ညံ့နေလို့လို့ ပြောပြန်တယ်။ ကိုယ်မအောင်မြင်တာကို မအောင်မြင်ရတဲ့အကြောင်းရင်းကို ရိုးရိုးလေး ရှုမြင်သုံးသပ်ပြီးတော့ နောက်ထပ် တစ်ဖန်ချလိုက်မယ့် ခြေလှမ်းသစ်တွေအတွက် အားမမွေးဘူး။ သူ့ကြောင့်ပါ၊ သူတို့ကြောင့်ပါ၊ သူတို့တွေ မကောင်းကြလို့သာ ဒီလိုဖြစ်နေရတာပါ။ သူတို့တွေ ညံ့နေကြလို့သာ ကိုယ့်ရည်မှန်းချက် မအောင်မမြင်ဖြစ်ရတာပါ ဆိုပြီးတော့ လုပ်ဖော်ကိုင်ဖက် အောက်လက်ငယ်သားတွေကို အပြစ်ပုံချလိုက်တယ်။ တွေ့တဲ့လူတိုင်းကိုလည်း ပြောတယ်။ “ဒီကောင်တွေ သုံးစားမရဘူး။ တစ်ယောက်မှကို အသုံးမကျဘူး။ အခုလို လုပ်ငန်းမအောင်မမြင်ဖြစ်နေတာ ဒီကောင်တွေကြောင့်ပေါ့ဗျာ။ မဟုတ်လို့ကတော့ ဘယ်အတိုင်းအတာအထိကို အောင်မြင်သွားမှာ။ ဒီမိုး ဒီရေ ဒီလူတွေနဲ့ကတော့ ဒီတစ်သက်အောင်မြင်ဖို့ မလွယ်တော့ပါဘူးဗျာ” ဆိုတာမျိုး ပြောတတ်ကြတယ်။ ဒီတော့ သူက ကိုယ့်ရဲ့မအောင်မြင်မှုအတွက် အပြစ်ပုံချရာကျတဲ့အပြင် လုပ်ဖော်ကိုင်ဖက် ဘဝတူရောင်းရင်းများအပေါ်မှာလည်း သစ္စာမဲ့ရာကျသွားပါတယ်။ ဒါလည်း ချနင်းခြင်းတစ်မျိုးပါပဲ။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရဲ့ အရာထမ်းလောင်း အခြေခံသင်တန်းအမှတ်စဉ် (၉) ကို တက်ခဲ့ရတုန်းက တပ်ခွဲမှူးက ဆရာဦးသူရအောင်ပါ။ ကျွန်တော်တို့ သင်တန်းဆင်းခါနီးတော့ သူက ကျွန်တော်တို့ တစ်ဖွဲ့လုံးကို ဩဝါဒပေးတယ်။ “ခင်ဗျားတို့တစ်တွေ၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြ။ ကိုယ်သွားမယ့်လမ်းမှာ ကိုယ့်လူအချင်းချင်း ဘယ်တော့မှ ချမနင်းမိပါစေနဲ့” တဲ့။ ဆရာ့ဩဝါဒက တိုတိုလေးပါ။ အဲ့ဒီတုန်းကတော့ ဆရာ့စကားလုံးကို သိပ်ပြီးသဘောမပေါက်ခဲ့ဘူး။ နောက်ပိုင်းကျတော့မှ ချနင်းတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာမျိုးကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ရတယ်။ 

ချနင်းတတ်သူတွေပြောလေ့ရှိတဲ့ စကားပုံတွေလည်းရှိတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်း၊ ကိုယ်မချိ အမိသော်လည်းသားတော်ခဲ။ အို... ဒါတွေက ကိုင်စွဲအသုံးပြုသင့်တဲ့ စကားပုံတွေရောဟုတ်ရဲ့လား။ သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာအတွက် ရှေးလူကြီးတွေက ချန်ထားပေးခဲ့တဲ့စကားပုံတွေ မဟုတ်ဘူးလားရယ်လို့ တွေးမိပြန်တယ်။ ဒါပေမဲ့ သုံးတဲ့သူတွေကတော့ သုံးနေကြတုန်းပဲ။ ကိုယ်အောင်မြင်ဖို့အတွက်ဆိုရင် ဘာမဆို ရင်းရမှာပဲလို့ ဆိုတယ်။ ရင်းလိုက်တဲ့အရင်းအနှီးက ကြီးလွန်းသွားတဲ့အခါ ကိုယ်ဆုံးရှုံးသွားမယ့်အရာတွေက ဘယ်လောက်တောင် ကြီးမားနေမလဲဆိုတာကို သတိမူနိုင်ဖို့တော့ လိုပါလိမ့်မယ်။

တကယ်ဆို အောင်မြင်မှုဆိုတာက ဘာလဲ။ ဘယ်လိုဟာမျိုးကို အောင်မြင်မှုလို့ဆိုလိုတာလဲ။ အစစ်အမှန် အောင်မြင်မှုဆိုတာက ဘာလဲ။ အတုအယောင် အောင်မြင်မှုဆိုတာကကော ဘယ်လိုဟာမျိုးလဲ။ ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ရှေ့ဆက်လှမ်းမယ့်ခြေလှမ်းတွေကို သေသေချာချာလှမ်းသင့်ပါတယ်။

တချို့တွေက ငွေကြေးချမ်းသာတာကို အောင်မြင်မှုလို့ဆိုတယ်။ တချို့ကတော့ ရာထူးဂုဏ်သိန်တွေ မြင့်မားလာတာကိုမှ အောင်မြင်မှုလို့ ဆိုတယ်။ တချို့တွေကျပြန်တော့ ထင်ရှားကျော်ကြားပြီး လူသိများတာကိုမှ အောင်မြင်မှုလို့ ဆိုကြပြန်တယ်။ အောင်မြင်မှုကို ဖွင့်ဆိုပုံနည်းလမ်းတွေက အမျိုးမျိုးပါ။

ဖွင့်ဆိုပုံကွဲသွားတာနဲ့အမျှ ဒီအတွက် ချဉ်းကပ်ပုံတွေလည်း ကွဲသွားတယ်။ ငွေကြေးကိုသာ အောင်မြင်မှုလို့ တစ်ဖက်သတ်မြင်ထားသူက ငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်လို့ဆိုတယ်။ ရာထူးဂုဏ်သိန်ကိုသာ အောင်မြင်မှုလို့ထင်မြင်သူက ရာထူးရရင်ပြီးရော၊ နေရာရရင်ပြီးရောဆိုတဲ့ အပေါက်မျိုးချိုးတယ်။ ထင်ရှားချင်တဲ့သူက ကောင်းသတင်းနဲ့ကျော် အောင်မကြိုးစားဘဲ ကျော်ရင်ပြီးရော၊ ထင်ရှားရင်ပြီးရောဆိုပြီး မကောင်းသတင်းနဲ့ ကျော်အောင်ကြိုးစားတယ်။ တကယ်တော့ တစ်ဖက်သတ်မြင်တဲ့ အမြင်တွေဟာ ပြည့်စုံလေ့မရှိကြပါဘူး။ လှေနံဓားထစ်ထစ်လိုက်ရင် အဆင်ပြေဖို့မသေချာပါဘူး။

ရင်းကြတယ်။ ရင်းလိုက်ကြတယ်။ အောင်မြင်မှုလေးတစ်ခုရဖို့ အတွက်၊ ကိုယ်လိုတာလေးရဖို့အတွက် ကိုယ်မလိုတာလေးတွေကို ရင်းပစ်လိုက်ကြတယ်။ တချို့က ငွေကိုရင်းလိုက်ကြတယ်။ တချို့က ဂုဏ်ကိုရင်းလိုက်ကြတယ်။ တချို့က ကိုယ်ကျင့်သိက္ခာကိုပါ ရင်းလိုက်ကြတယ်။ တချို့က ချစ်သူခင်သူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုပါ ရင်းလိုက်ကြတယ်။ ရင်းပြီးတော့လည်း တစ်စုံတစ်ခုကို အရယူသွားကြတယ်။ တကယ်ဆို ဒီလိုလုပ်လိုက်တဲ့အတွက် ရလာတာတွေက ကိုယ်ပေးလိုက်ရတာတွေ နဲ့ တန်ကောတန်ရဲ့လားဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ စွန့်လွှတ်လိုက်ရတာတွေကများပြီး၊ ဆုံးရှုံးသွားတာတွေကများပြီး ပြန်ရတာလေးက နည်းနည်းလေးဆိုရင်တော့ သိပ်မတန်သေးဘူးလို့ပဲ ပြောရမယ်။

ကိုယ်ကတော့ တစ်စုံတစ်ခုနောက်ကို လိုက်နေတယ်။ လိုက်နေခဲ့တယ်။ အသည်းအသန်ကို လိုက်နေခဲ့တယ်။ ဒါပေမဲ့ ဒါကိုရလည်းရရော မျှဝေခံစားပေးနိုင်မယ့် မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အနားမှာမရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ပြိုင်ရင်းဆိုင်ရင်းနဲ့ အချင်းချင်းကျော်ကြလွှားကြ၊ ချနင်းကြလို့ ဆွေမျိုးတွေအချင်းချင်း၊ သူငယ်ချင်းတွေအချင်းချင်း သေခန်းပြတ် ပြတ်ကုန်ကြတာမျိုးတွေလည်း ရှိနေကြတယ်။ ပြီးတော့မှ နောက်နောင် နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီး ရကုန်ကြရော။ ဒီအချိန်ကျတော့မှ အရာရာကို တစ်ကပြန်စဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ။ 

သွားကြပါ။ ကိုယ့်လမ်းကိုတော့ သွားကြပါ။ သွားရမှာပါပဲ။ ဒီသံသရာ ခရီးရှည်ကြီးမဆုံးသရွေ့ကတော့ မလျှောက်ချင်လဲပဲလျှောက်၊ လျှောက်ချင်လဲပဲ လျှောက်လှမ်းနေကြရဦးမှာပါပဲ။ ဒါပေမဲ့ ကိုယ်သွားရာလမ်းကြောင်း တစ်လျှောက်ကို နောက်ပြန်လှည့်ပြီး ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်းဟာ ကိုယ့်ရဲ့ခြေရာလေးတွေပဲ ဖြစ်သင့်တယ်။ ကိုယ့်စိတ် ကိုယ့်ကိုယ်နဲ့ သန့်သန့်ကလေး လှမ်းခဲ့တဲ့ခြေလှမ်းတွေရဲ့ ခြေရာကလေးတွေပဲ ပြန်မြင်ရသင့်ပါတယ်။ ကိုယ့်နဲ့ တစ်ခရီးတည်းသွားရတဲ့ ခရီးဖော်တွေရဲ့ ရင်ဘတ်ရာ၊ ကျောရာ၊ ဦးခေါင်းရာတွေ၊ လူးလွန့်ရာတွေတော့ ရှိမနေသင့်ပါဘူး။

ဒါ့ကြောင့် ဘယ်ခရီးကိုပဲနှင်နှင်၊ ဘယ်ပန်းတိုင်ဆီကိုပဲလှမ်းလှမ်း ကိုယ့်လမ်းတစ်လျှောက်မှာ ကိုယ့်ရဲ့ခရီးဖော်တွေကိုတော့ ချမနင်းလိုက်ပါနဲ့လို့ ဆိုလိုက်ပါရစေ။ 

သိုက်စိုးထွန်း (နတ်ရွာ)

  • TAGS