News

POST TYPE

OPINION

သယံဇာတ ကျိန်စာ
17-May-2018
သယံဇာတ ကျိန်စာဆိုတဲ့စကားရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို စာပေဗဟုသုတနဲ့ နိုင်ငံရေးအမြင်မသိ မကြွယ်ဝခင်တုန်းကတော့ အသေအချာ နားမလည်ခဲ့မိတာ အမှန်ပါ။ အပေါ်ယံအားဖြင့်တော့ သယံဇာတတွေဟာ မြန်မာ့မြေပေါ်မြေအောက်မှာ ပေါများစွာ အလျှံပယ်ရှိခဲ့ကြပြီး ဒါတွေကို တစ်ဦးဦးက ကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲရင် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်တတ်တယ်လို့သာ သာမန်တွေးရိုးတွေးစဉ်အတိုင်း မှတ်ယူထားခဲ့မိတာ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအတွင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအကြားမှာ ဖြစ်ပေါ်နေခဲ့တဲ့ ပြည်တွင်း စစ်မီးကြောင့် ယနေ့ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေ၊ ဒေသခံတိုင်းရင်း သားမြောက်မြားစွာ စစ်ဘေးရှောင်နေကြရတာတွေ၊ ငြိမ်းချမ်းရေးမရရှိဘဲ နှစ်ပေါင်း ၇၀ နီးနီးအထိ နိုင်ငံ မဖွံ့ဖြိုးမတိုးတက်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်းနေတာတွေ၊ နယ်မြေလု အာဏာလွန်ဆွဲပွဲတွေအကြား အချင်းချင်း တိုက်ခိုက်၊ လုယက်မီးရှို့ခဲ့ကြတာတွေကို နှစ်ပေါင်း အတော်ကြာအောင် မြင်တွေ့ကြားသိခဲ့ရပြီးတဲ့အချိန်မှာတော့ ဒီလိုဖြစ်နေကြရခြင်းရဲ့ အခြေခံ အကြောင်းတရားကို ရှာကြည့်တဲ့အခါ အချက်တစ်ချက်ကို သွားတွေ့ခဲ့ရပါတယ်။

ဒါကတော့ ကျွန်တော်တို့နိုင်ငံအတွင်း နေရာအနှံ့အပြားမှာ ရှိနေတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကြောင့်သာ ဖြစ်တယ်ဆိုတဲ့အချက်ပါ။ ဒါ့ကြောင့်လည်း တဖြည်းဖြည်းနဲ့ တွေးမိလာတာကတော့ ဒီသယံဇာတ တွေ လုံးဝမရှိတဲ့အချိန်ဟာ နိုင်ငံတစ်ခုလုံး စည်းလုံးချစ်ကြည်နေမယ့် အချိန်ဖြစ်ပြီး ဒါတွေရှိနေသေးသရွေ့တော့ ကိုယ့်နိုင်ငံအတွင်းက တိုင်းရင်းသား အချင်းချင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချင်းချင်းတွေ၊ အစိုးရ ဌာနတွေအချင်းချင်း၊ အလုပ်ရှင်နဲ့ အလုပ်သမား အချင်းချင်းအကြားမှာ ပဋိပက္ခတွေ၊ နေရာလုတိုက်ပွဲတွေ၊ လုပ်ပိုင်ခွင့်အာဏာလွန်ဆွဲပွဲတွေ၊ အကျင့်ပျက်ခြစားမှုတွေ ဆက်ဖြစ်နေဦးမယ်။ တစ်နိုင်ငံလုံး သယံဇာတကျိန်စာ ဆက်သင့်နေလိမ့်ဦးမှာ အမှန်ပဲလို့လည်း တွေးမိလာပါတယ်။ ယခု လက်ရှိ ဘာ့ကြောင့် အခုလို အခြေအနေမျိုးတွေအထိ ဖြစ်နေကြရတာလဲလို့ဆိုတဲ့ အမေးရဲ့အဖြေကို တွေးယူကြည့်တဲ့အခါမှာလည်း ဒီသယံဇာတတွေကြောင့်ပဲဆိုတာ ငြင်းမရနိုင်အောင်ကို မှန်နေတာပါ။ ဒီအတွက် လတ်တလော ကာလတွေမှာတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ သယံဇာတ ကျိန်စာသင့်နေတယ်လို့ကို တထစ်ချ ပြောလို့ရနေပါတယ်။

ဒါကို အနီးစပ်ဆုံး ဥပမာအနေနဲ့ ထင်သာမြင်သာအောင် ညွှန်ပြပြီး ပြောရရင် ဖားကန့်ဒေသမှာ ယနေ့ ဖြစ်ပေါ်နေတဲ့ မြေပြင်က ပစ္စက္ခအခြေအနေတွေကိုသာ အရင်ဆုံး လက်ညှိုးထိုးပြီးပြရပါမယ်။ ယခုလက်ရှိ ဒီဒေသမှာ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်တွေ မြင်မကောင်းအောင် ဆိုးဝါးစွာ ပျက်စီးနေတာ၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ အပြည့်အဝ မသက်ရောက်တာ၊ တရားဥပဒေစိုးမိုးမှု နည်းပါးနေတာတွေအပြင် လစဉ်လိုလို နိုင်ငံသားမရှိ ဆင်းရဲသား အလုပ်သမားတွေ မြေပိပြီး အသက်ပေါင်းများစွာ သေကျေပျက်စီးနေကြရတာ၊ မူးယစ်ဆေးဝါးကို လိုသလောက်ရနိုင်ပြီး မူးယစ်သားကောင်အဖြစ် ကျရောက်ကာ ပြန်လမ်းမရှိတဲ့ဘဝထဲမှာ နစ်မြုပ်နေကြရတာတွေ၊ နောက် အလုပ်ရှင် ကုမ္ပဏီပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အကြားမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်နေကြရတာတွေ မြင်တွေ့ကြရမယ် ထင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ ညပိုင်းကပဲ အလုပ်ရှင်သူဌေးတွေနဲ့ အလုပ်သမားတွေအကြားမှာ လုပ်ခလစာ နည်းပါးမှုနဲ့ မကျေလည်မှုတွေကြောင့် သူ့အကျိုး ကိုယ့်အကျိုး ပျက်စီးရာ ပျက်စီးကြောင်းအဖြစ် မီးရှို့ဖျက်ဆီးကြတဲ့ သတင်းတွေလည်း မြင်ကြရမယ်ထင်ပါတယ်။ ဒါ့အပြင် ဒေသခံလူမျိုးတွေက ဒါတွေဟာ ငါတို့ရဲ့နယ်မြေ၊ ငါတို့ရဲ့ သယံဇာတတွေ၊ ငါတို့နဲ့သာဆိုင်တယ်ဆိုတဲ့ ခံယူချက်တွေနဲ့ တစ်ဖက်နိုင်ငံကို ခိုးထုတ်သယ်ယူနေကြတာတွေ၊ နိုင်ငံတော်အစိုးရရဲ့ ဥပဒေတွေကို အသိအမှတ်မပြုဘဲ သူတို့အခွင့်အာဏာနဲ့ခွင့်ပြုပြီး ထုတ်လုပ်စေကြတာတွေ၊ ဒီအပေါ် အစိုးရဌာနတွေဘက်ကလည်း မထိန်းချုပ်နိုင်တာတွေအကြားမှာ အခုဆိုရင် ဖားကန့်ဒေသဟာ မြန်မာနိုင်ငံအတွင်းက နယ်မြေဒေသ တစ်ခုလို့တောင် ပြောလို့မရနိုင်တဲ့ အခြေအနေမျိုးနဲ့ ဖရိုဖရဲဖြစ်နေပါပြီ။ သာယာလှပတဲ့ သဘာဝ တောတောင်တွေ၊ စိမ်းလန်းတဲ့ သစ်ပင်တွေ၊ ကြည်လင်အေးမြတဲ့ စမ်းချောင်းတွေနေရာမှာ အခုဆိုရင် ကျင်းတွေချိုင့်တွေ မြေစာပုံတွေ၊ ညစ်ထေးနေတဲ့ ချောင်းတွေနဲ့ ယခင်က ရှိခဲ့ဖူးတဲ့ ပထဝီအနေအထားနဲ့ ဆန့်ကျင်ဘက်အဖြစ် မြင်မကောင်းအောင်ကို ဖြစ်နေတာတွေကိုလည်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ် တက်လာတဲ့ ဓာတ်ပုံတွေကိုကြည့်ရင် မြင်နိုင်ကြပါတယ်။

ဒါဟာ အများမြင်သာထင်သာရှိတဲ့ ဖားကန့်ဒေသတစ်ခုကိုသာ ဥပမာအနေနဲ့ ပြောနေကြရတာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွင်းမှာ အခြား အခြားသော နေရာဒေသများစွာမှာလည်း ဒီလိုအဖြစ်တွေနဲ့ ယနေ့လက်ရှိမှာ ရင်ဆိုင်နေကြရတာပါ။ နိုင်ငံရဲ့ အနောက်ဘက်အခြမ်းကို ကြည့်ရင်လည်း ယနေ့ဖြစ်ပေါ်နေတဲ့ ရခိုင်ဒေသမြောက်ပိုင်းရဲ့ ပဋိပက္ခဖြစ်စဉ်နောက်ကွယ်က အကြောင်းတရားကို ရှာဖွေကြည့်လိုက်ရင်လည်း ရခိုင်ဒေသက အလျှံပယ်ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကြောင့်လည်း အကြမ်းဖျင်းဆိုလို့ရနိုင်သလို အရှေ့နဲ့အနောက်ကြားမှာ ပထဝီနိုင်ငံရေးအရ အလွန်အရေးကြီးတဲ့ မြေနေရာတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့်လို့ ပြောလို့လည်း ရနိုင်ပါတယ်။ ဒီအတွက်ပဲ ဒီဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့လည်း ဒါတွေကို သိမြင်လာပြီးတဲ့အချိန်မှာ သူတို့လည်း ဒီဒေသက ထွက်ရှိတဲ့အကျိုးကို ခံစားလာလိုကြတယ်။ ဒီအကျိုးစီးပွားတွေကို လိုချင်လာနေကြတယ်။ ဒီအတွက်ပဲ ဒါကိုရှေ့တန်းတင်ပြီး အစိုးရကိုဆန့်ကျင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းရေးတွေ တောင်းဆိုလာကြတာ တွေ့ကြရမှာပါ။ နောက်ဒေသတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ၊ ယခုလက်ရှိ ကချင်တိုင်းရင်းသားတွေထဲက အချို့က လက်နက်ကိုင်ပြီး ခြေကုပ်ယူ စိုးမိုးထားတဲ့နေရာတွေကို ကြည့်လိုက်ရင်လည်း မြေပေါ်သယံဇာတဖြစ်တဲ့ သစ်မျိုးစုံ ပေါများနေတာ၊ နောက်မြေအောက်သယံဇာတဖြစ်တဲ့ ကျောက်မျက်ရတနာပေါင်းစုံ တည်ရှိနေတာ ဒီအကျိုးစီးပွားတွေကို ကာကွယ်သလို ရယူသလိုနဲ့ ထည့်တွက်ကြရင်း ရေရှည်ပြည်တွင်းစစ်ပွဲတွေ ဆင်နွှဲနေကြရင်း မငြိမ်းချမ်းခြင်း သံသရာကျောမှာ မျောပါနေကြတာ မြင်ကြရနိုင်ပါတယ်။

ယနေ့လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ဒေသကို လှမ်းကြည့်လိုက်ရင် သဘာဝ သယံဇာတတွေ ပေါများနေသေးတဲ့ နေရာတွေ အများကြီး ရှိတယ်ဆိုတာကို ဘူမိဗေဒ ပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာ သုတေသနပြုထားတဲ့ စာတမ်းတွေအထဲမှာ တွေ့ကြရမှာဖြစ်သလို နိုင်ငံ့ရဲ့ အရှေ့ဘက်တစ်ကြောက တိုင်းရင်းသားတွေအနေနဲ့တော့ အခုဆိုရင် ငြိမ်းချမ်းစ၊ စည်းလုံးစ ပြုလာနေပါပြီ။ ဒါကလည်း အမှန်ပြောရရင် မြေပေါ်သယံဇာတဖြစ်တဲ့ သစ်တွေ ယခင်ကထက် ရှားပါးလာစပြုလာပြီး မြေအောက်သယံဇာတကလည်း သက်တမ်းနုနေသေးတာမို့ အကျိုးစီးပွားနဲ့ ထည့်တွက်ရရင် နည်းပါးလာနေပြီလို့ဆိုတဲ့အတွက်ကြောင့်သာ ဒီငြိမ်းချမ်းရေးလမ်းကို လျှောက်လာနေကြတယ်ဆိုတာ ကလေးအတွေးလေး တွေးမိကြည့်မိပါတယ်။ ဒါဟာ ရာနှုန်းပြည့်တော့ မမှန်နိုင်ပေမယ့် နီးနီးစပ်စပ် ဆက်စပ် တွေးယူကြည့်ရင်တော့ အဖြေက ရှိနေပါတယ်။

ဒါကို ရှေ့တန်းတင်ပြီး ဘာလို့ တထစ်ချပြောနိုင်သလဲဆိုတဲ့အပေါ် အခြားရှုထောင့်ကနေ ပြောကြည့်ရရင် ယနေ့ကမ္ဘာပေါ်မှာ ငြိမ်းချမ်းနေတဲ့ တိုင်းပြည်တွေကို ကြည့်လိုက်ရင် သဘာဝ သယံဇာတ မရှိသလောက် ရှားပါးတဲ့နိုင်ငံတွေ အများစုပါဝင်တာ မြင်တွေ့ကြရမှာပါ။ စင်ကာပူနိုင်ငံဆိုရင် ရေချိုတောင် ကောင်းကောင်း မထွက်တဲ့နိုင်ငံတစ်ခု ဖြစ်ပေမယ့် ယနေ့ လက်ရှိမှာတော့ အာရှရဲ့ကျားတစ်ကောင်လို စီးပွားရေး အလွန်ကောင်းပြီး နိုင်ငံရေး ငြိမ်သက်တဲ့နိုင်ငံတစ်ခုပါ။ သူတို့ဆီမှာ ကောင်းမွန်တာက ဥပဒေစိုးမိုးမှု ခိုင်မာမှုဖြစ်ပြီး ပထဝီတည်ရှိမှုအပေါ် မူတည်ပြီး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုကို နည်းပေါင်းစုံနဲ့ အကျိုးဆောင်မှုပြုကာ ဖိတ်ခေါ် ပြည့်ပြည့်ဝဝ လက်ခံလုပ်ကိုင်ကြရတဲ့နိုင်ငံပါ။ နောက် ဥပမာပေးစရာ ကျန်တဲ့နိုင်ငံတွေလည်း အများအပြား ရှိနေပါသေးတယ်။ အဓိက ဆိုလိုရင်းကတော့ နိုင်ငံတစ်ခုအနေနဲ့ သဘာဝ သယံဇာတလည်း မထွက်ဘူး၊ ရာသီဥတုလည်း မမျှတဘူး၊ ပထဝီ အနေအထားအရ ကုန်သွယ်မှုလမ်းကြောင်းအတွက်လည်း အရေးမပါဘူးဆိုရင် သူတို့နိုင်ငံသား အားလုံးဟာ စည်းလုံးပြီး အလုပ်ကြိုးစားကြရင် သူတို့နိုင်ငံဟာ အချိန်ကာလတစ်ခုအတွင်းမှာတော့ ထိုက်သင့်တဲ့ ကြွယ်ဝချမ်းသာမှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတော့ ရှိလာမှာ အမှန်ပါပဲ။

လက်ရှိ ကျွန်တော်တို့နိုင်ငံအတွက်တော့ အခြားနိုင်ငံတွေထက် စာရင် မြေပေါ်သယံဇာတတွေဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်တွေ ပေါများတာ၊ ရေချိုတွေစီးဆင်းနေတာ၊ အဖိုးတန်သစ်မျိုးစုံနဲ့ သစ်တောထွက် ပစ္စည်းတွေ ရာခိုင်နှုန်း အတော်များများ ကျန်ရှိနေသေးတာ၊ စိုက်ပျိုးမြေတွေ ပေါများတာ၊ ရာသီဥတု မျှတတာ၊ သာယာလှပတဲ့ တောတောင်ရေ မြေတွေ တည်ရှိနေတာတွေ ရှိနေပါတယ်။ ဒါ့အပြင် မြေအောက် သယံဇာတတွေအတွက်တော့ သက်တမ်း အနုအရင့်အလိုက် ကျောက်မျက်ရတနာ ပေါင်းစုံ၊ အခြားတန်ဖိုးရှိ အသုံးချနိုင်တဲ့ မြေကြီးတွေ၊ ကျောက်တွေပေါင်းစုံအပြင် ကုဗသန်းပေါင်း မြောက်မြားစွာရှိတဲ့ သဘာဝဓာတ်ငွေ့တွေ ပေါများစွာတည်ရှိနေပါတယ်။ ဒီအတွက်ပဲ ဒီအပေါ်ကိုအသုံးချပြီး ဒီအပေါ်က ရတဲ့အကျိုးအမြတ်တွေကို လူပုဂ္ဂိုလ်တစ်ဦးချင်းက သူ့မိသားစု၊ ဆွေစဉ် မျိုးဆက်အလိုက် အသုံးချတာ၊ အဖွဲ့အစည်းတွေက သူတို့ ရေရှည်ရပ်တည်နိုင်ရေး၊ သူတို့အင်အားကြီးထွားရေး၊ သူတို့အကျိုးစီးပွား မြင့်မားရေးအတွက် ခြေချနင်းနေကြတာ၊ ဒါကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ့် အစိုးရဌာန၊ တာဝန်ရှိ ဝန်ထမ်းတွေအနေနဲ့လည်း ဒီအပေါ် အကျင့်ပျက်ကြတာ၊ ဒီနေရာဒေသနဲ့ ဒီသယံဇာတတွေကို အမှီသဟဲပြုကြရဖို့ နေရာလု စစ်ပွဲတွေ ဆင်နွှဲကြတာတွေ ဖြစ်နေကြရတာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။

ဒါတွေဟာ အမှန်တကယ်တော့ ဒီသယံဇာတတွေကြောင့် ဖြစ်ပေါ်နေခဲ့ကြရတဲ့ အကျိုးဆက်တွေပါပဲ။ ဒါတွေ ပေးထားတယ်၊ ဒါတွေကို အများကောင်းကျိုးအတွက်အသုံးမချရင် မင်းတို့နိုင်ငံ၊ မင်းတို့လူမျိုး မတည့်ကြတာ၊ မငြိမ်းချမ်းတာ၊ မဖွံ့ဖြိုးမတိုးတက်တာ၊ ဆင်းရဲတွင်း နက်တာဖြစ်စေရမယ်လို့ ကျိန်စာတိုက်ခဲ့တာကို ခံနေခဲ့ရသလိုမျိုး ယခုလည်း အမှန်ကို ကျိန်စာမိနေသလိုမျိုးပါပဲ။ အာဆီယံဒေသတွင်း နိုင်ငံတွေအထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ၊ ဆင်းရဲမွဲတေမှု ညွှန်းကိန်းနဲ့ အဂတိလိုက်စားမှု (တတိယ) အမြင့်ဆုံးတိုင်းပြည်၊ တရားဥပဒေစိုးမိုးမှု အားနည်းပြီး မူးယစ်ဆေးဝါး ပေါများတဲ့ဒေသ ဖြစ်နေကြရသလို ကမ္ဘာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အပေါများဆုံးနိုင်ငံ၊ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံအဖြစ် ဂရင်းနစ် စံချိန်တောင် ဝင်နေလောက်တဲ့ အနေအထားဖြစ်နေပါပြီ။

ဒီအတွက် အထက်က ဆိုခဲ့သမျှအပေါ် ပြန်ကောက်ကြည့်ရင် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက လွန်မြောက်ဖို့ဆိုရင် နိုင်ငံရဲ့မြေပေါ်မြေအောက်မှာရှိတဲ့ သယံဇာတတွေက ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားကို မိမိတို့တစ်ဦးတစ်ယောက်တည်း အကျိုးအတွက် အသုံးပြုတာ၊ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်တာ၊ အဖွဲ့အစည်းတစ်ခုအတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် အသုံးချကြတာ၊ ဒါကိုအကြောင်းပြုပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းနဲ့ အလှမ်းဝေးနေကြတာတွေများ ဖြစ်ပေါ်အောင် မလုပ်ဆောင်ကြဖို့ လိုနေတဲ့ အချိန်ကာလတစ်ခုကို ရောက်နေပြီဖြစ်ပါကြောင်းနဲ့ ဒီအခြေအနေတွေက လွန်မြောက်ဖို့ဆိုရင် နိုင်ငံသားအားလုံး စည်းစည်းလုံးလုံးနဲ့ သယံဇာတပေါင်းစုံကို နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိရှိ သုံးစွဲသွားကြဖို့ အရေးကြီးလာနေပါကြောင်း ရေးသားလိုက်ရပါတယ်။ နိုင်ငံသားအပေါင်း သယံဇာတကျိန်စာက အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။

အောင်ဇေယျ