News

POST TYPE

OPINION

တရုတ် မြစ်ကျဉ်း သုံးသွယ် စီမံကိန်းကြီးရဲ့ အမှား
14-Sep-2016

တရုတ် အစိုးရ အဆက်ဆက်ဟာ မြစ်ကျဉ်း သုံးသွယ် စီမံကိန်းကို မှားတယ်လို့ ပြောဖို့ အင်မတန် ဝန်လေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ တစ်နှစ်ထက်တစ်နှစ် ပိုထင်ရှားလာပေမယ့်လည်း မူဝါဒ ချမှတ်ခဲ့တဲ့ သူတွေ အနေနဲ့ တာဝန်ခံဖို့ အရမ်း ခက်ပါတယ်။ ခုချိန်မှာတော့ အပြစ် ပြောချင်ရင်တောင် ခေါင်းခံမယ့်သူ ပြန်ရှာဖို့ ခက်သွားပါပြီ။ သို့သော် ရေကြီးတာကို ကာကွယ်ဖို့ဆိုပြီး ဆောက်ခဲ့တယ် ဆိုတဲ့ဆည်ကြီးကပဲ ရေကြီးတာရော၊ မိုးခေါင်ရေရှားတာရော ထပ်ဖြစ်စေတယ်လို့ စွပ်စွဲသံတွေ ထွက်လာတာ ပိုကျယ်လောင် လာခဲ့ပါပြီ။

တရုတ်ပြည်ရဲ့ အရှည်ဆုံး မြစ်ဖြစ်တဲ့ ယန်ဇီမြစ်ဝှမ်း တစ်လျှောက်မှာနေတဲ့ တရုတ်ပြည်သူတွေဟာ မြစ်ရေ တိုက်စားတာကြောင့် ကမ်းပါး ပြိုတဲ့ဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုပြီး ခံလာရပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ရေလွှမ်းမိုးမှုကို အများဆုံး ကြုံတွေ့ခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး ရေလွှမ်းမိုးမှု ဖြစ်ပါတယ်။ တရုတ်ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သြဂုတ် လဆန်း ကြေညာချက်အရ ဇူလိုင်တစ်လလုံး ရေကြီးခဲ့တာကြောင့် ပျောက်ဆုံး သို့မဟုတ် သေဆုံး စုစုပေါင်း ၇၆၄ ဦးခန့် ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း ရှစ်သန်းကျော် ရှိပါတယ်။ အဲဒီ စာရင်းထဲမှာ ပျက်စီး ဆုံးရှုံးမှုရဲ့ ၂ ရာခိုင်နှုန်းလောက်ကပဲ အာမခံကြေး ပြန်ရစရာ ရှိပါတယ်။ အချိန်မီ သတင်း မပေးလို့ဆိုပြီး ပြည်သူတွေ အနေနဲ့ ဒေါသ ထွက်ခဲ့တာတွေလည်း ဖြစ်ခဲ့ပါတယ်။ လယ်ယာမြေပေါင်း ဧက ၁၈ သန်းလောက် ထိခိုက် ပျက်စီးခဲ့ပါတယ်။  ဒီနှစ် တစ်နှစ်တည်းကို ပျက်စီး ဆုံးရှုံးမှုပေါင်း ကန်ဒေါ်လာ ၃၃ ဘီလီယံ ရှိပါတယ်။ လူပေါင်း ၁၁ သန်းလောက်အထိ နစ်နာခဲ့ပါတယ်။

ဒီစာရင်း အရှည်ကြီးဟာ တကယ်တော့ မိုးများတာချည်းသက်သက်ကြောင့် ရေကြီးတဲ့ဒဏ်ကို ခံရလို့ ဖြစ်လာတာ မဟုတ်ဘဲ မြစ်ကျဉ်း သုံးသွယ် ရေကာတာကြီးကြောင့်လည်း ဖြစ်ရတယ်လို့ မြစ်ကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ပြောခဲ့တာ ကြာပါပြီ။ ရာသီဥတုကလည်း ပြောင်းလဲလာတာကြောင့် မြစ်ဝှမ်း တစ်လျှောက်က မြို့ကြီးတွေဟာ ပိုပြီး သဘာဝ ဘေးဒဏ်ကို ခံလိုက်ရတာနဲ့အမျှ ဒီဆည်ကြီးရဲ့ အသုံးဝင်မှုကို ငြင်းခုံ မေးခွန်း ထုတ်လာကြပါတယ်။ တစ်ဖက်မှာလည်း မြို့ပြ ချဲ့ထွင်တာကို စည်းမရှိ ကမ်းမရှိ လုပ်ခဲ့တော့ ယခင် ရေနက်ကွင်းတွေ စိမ့်မြေတွေ မရှိတော့တာကြောင့် ရေစီးသွားစရာ နေရာ မရှိတော့ဘဲ လူနေ ဧရိယာတွေသာ ရေတွေ လျှံလာတဲ့ဒဏ်ကို ခံကြရတာကိုလည်း လေ့လာမှုတွေအရ သိရှိလာရပါတယ်။ အရင်ကတော့ မြစ်ကျဉ်း သုံးသွယ် ဆည်ကြီး ပြီးသွားရင် ရေမကြီးတော့ဘူး၊ ရေဘေးကနေ ကာကွယ်နိုင်မယ်လို့ ပြောဆိုပြီး ဆည်ကြီးကို ဆောက်ခဲ့တာပါ။ မော်စီတုန်းလက်ထက်က မြစ်ဝါမြစ်ပေါ်မှာ ဆောက်တဲ့ဆည်ကို ဝေဖန်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ဦးလည်းဖြစ်၊ တရုတ်ရဲ့ အရှေ့မြောက်ပိုင်း ဗဟိုရေသယံဇာတ စီမံခန့်ခွဲရေး ဗျူရိုရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နာမည်ကြီး မြစ်ကြောင်းဆိုင်ရာသိပ္ပံပညာရှင် Huang Wanli ကတော့ မြစ်ကျဉ်း သုံးသွယ် ဆည်ကြီးဟာ နုန်းပို့ချမှု သိပ်များပြီး ပြည့်လျှံလာမည့်နှုန်း မြန်တာကြောင့် မကြာခင်တော့ ပြန်ပြီး ဖျက်ပစ်ရလိမ့်မယ်လို့ ခန့်မှန်း ထားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဒီစီမံကိန်းကြီးရဲ့ အပြစ်ကို ထောက်ပြတာကို ဆတ်ဆတ်ထိ မခံဖြစ်နေသေးတာကြောင့် အွန်လိုင်းပေါ်မှာ ဒီဆည်ကြီးနဲ့ ပတ်သက်လို့ ရေးသားကြတာတွေကို ဆင်ဆာ ဖြတ်တာကလည်း တရုတ်အစိုးရရဲ့ အလုပ် တစ်ခု ဖြစ်နေပါသေးတယ်။

သို့သော်လည်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ ယန်ဇီမြစ်ရဲ့ အခြေအနေက ဖုံးထားလို့ မရပါဘူး။ ဆည်ကြီးက ရေလွှမ်းမိုးမှုကို လျော့အောင် လုပ်ပေးနေပါတယ်လို့ အစိုးရရဲ့ ပြန်ကြားရေးဌာနကတော့ တွင်တွင် ပြောနေတုန်းပါပဲ။ နှစ်တစ်ရာအတွင်း အဆိုးဆုံး ဖြစ်မယ့် ရေလွှမ်းမိုးမှုမျိုးကိုတောင် ကာကွယ်ထားနိုင်မယ်ဆိုတဲ့ ရေကာတာကြီးကို ကာကွယ်နေတုန်းမှာပဲ တစ်ဖက်မှာလည်း ဝေဖန်သံတွေ ကြားလာရပါတယ်။ Tsinghua University က အင်ဂျင်နီယာဌာနရဲ့ ပါမောက္ခ Zhou Jianjun က ရေကြီးတာကို ကာကွယ်ဖို့ ဆည် တစ်ခုတည်းကို အားကိုးဖို့ဆိုတာ သိပ်အန္တရာယ် ကြီးလွန်းတယ်လို့ သတိပေးပါတယ်။ တရုတ် ကျွမ်းကျင်သူတွေထဲမှာတော့ ဒီဆည်ကြီးကြောင့် ဖြစ်တဲ့အန္တရာယ်ကို သိပေမယ့် ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့တော့ နှုတ်တွန့်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဟိုအရင် မော်စီတုန်း ခေတ်မှာကတည်းက မြစ်ဝါမြစ်ပေါ် ဆည်ဆောက်တာကို ဝေဖန်တဲ့ ပညာရှင်တွေကို ရာထူးက ဖြုတ်ပြီး အလုပ်ကြမ်းနဲ့ နယ်နှင် ပစ်တာတွေ ရှိခဲ့ဖူးတဲ့ နိုင်ငံပါ။

ယန်ဇီမြစ်ဝှမ်းက ပြည်သူတွေ တဖြည်းဖြည်း သဘော ပေါက်လာတာကတော့ ဒီမြစ်ကျဉ်း သုံးသွယ် ဆည်ကြီးဟာ ရေလွှမ်းမိုးတာကို ကာကွယ်ဖို့ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေ လိုအပ်နေတဲ့ လျှပ်စစ်ကို ထုတ်ပေးဖို့သက်သက်ပဲ ဆိုတာကိုပါပဲ။ ဆည်ဆောက်တာ ကောင်းကြောင်း ပြောနေသူတွေကတော့ ဒီအချက်တွေကို ငြင်းဆန်နေကြတုန်းပါပဲ။ အစိုးရရဲ့ နိုင်ငံတော် ကောင်စီ ဖွံ့ဖြိုးရေး သုတေသနဌာနက သုတေသီ ဝမ်ယီနမ်က ဒါတွေက ဆည်ကိုသက်သက် နာမည်ဖျက်တာလို့ တရုတ်စီးပွားရေး ရီဗြူးဂျာနယ်မှာ ရေးသားခဲ့ပါတယ်။ တကယ့် အဖြစ်အပျက်ကတော့ ဆည်ကြီးထဲမှာ နုန်းအနည်တွေ များလာတာကို ဘယ်သူမှ မဖုံးနိုင်ပါဘူး။

နုန်းတွေ ဆည်ကြီးထဲမှာ အိုင်လာတာနဲ့အမျှ ဆည်ရဲ့ မျက်နှာပြင်ပေါ်မှာ တည်နေတဲ့ ရေကြည်တွေချည်းပဲ မြစ်အောက်ပိုင်းကို စီးဆင်းသွားတဲ့အခါ ဒီရေကြည်စီးကြောင်းတွေက မြစ်ဘေး ကမ်းပါးတွေကို ခပ်မြန်မြန်ပဲ တိုက်စား ပစ်ပါတော့တယ်။ မြစ်ကမ်းပါဘေးက မြေသားတွေ ပြိုဆင်းလာတာနဲ့အမျှ မြစ်ကောလာ၊ ရေကြီးလာတဲ့ဒဏ်ကို ယန်ဇီမြစ်လယ်နဲ့ မြစ်အောက်ပိုင်းကလူတွေ သိသိသာသာ ခံစားလာရပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာ နှစ်တိုင်းလိုပဲ မြစ်ကမ်းပါးပြို ရေကြီးတာက ပုံမှန်လို ဖြစ်လာနေပါတယ်။ Hubei နဲ့ Hunan ပြည်နယ်ကြားမှာဆိုရင် ၂ ဒသမ ၁ မီတာလောက် မြစ်ကြမ်းပြင်တိမ်သွားပြီး သဲတွေ ကုဗမီတာသန်းပေါင်း ၁၅ဝ လောက် ပြိုဝင်သွားတယ်လို့ အစိုးရကပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် အစိုးရအနေနဲ့ မြစ်ကြောင်းပြန်ပြင်ဖို့ကို သန်းပေါင်းများစွာ ပြန်ပြီးရင်းနှီး မြှုပ်နှံရပြန်ပါတယ်။

၂ဝ၂ဝ အထိ Hubei ပြည်နယ် တစ်ခုတည်းကိုပဲ မြစ်ကမ်း မပြိုအောင် ယွမ်ငွေ ၅ ဘီလီယံ သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒီလို သုံးစွဲနေရပေမယ့် ခုချိန်ထိတော့ မြစ်ကမ်းပြိုတာကို ထိန်းနိုင်ဖို့ အဝေးကြီး ရှိပါသေးတယ်လို့  တရုတ် ရေသယံဇာတ အဖွဲ့က ဝေဖန်ပါတယ်။ ဆည်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို ကုစားဖို့ ကုန်ကျရမယ့် စရိတ်တွေဟာ ဒါအစပဲ ရှိသေးတယ်လို့ တရုတ် ရေသယံဇာတ အဖွဲ့က ပြောဆိုလိုက်ပါတယ်။

မီဒီယာတွေမှာ အတိအလင်း ဝေဖန်မှုကို တားဆီးကြပေမယ့် အရင်ကတည်းက ဒီဆည်ကြီးနဲ့ ပတ်သက်လာရင် ပူပန်မိကြောင်း တရုတ်အရာရှိတွေ ကြားထဲမှာတော့ ကြားရလေ့ ရှိပါတယ်လို့ အီကော်နော်မစ် မဂ္ဂဇင်းက ရေးဖူးပါတယ်။ တရုတ်အစိုးရ အနေနဲ့ မှားယွင်းကြောင်း ဝန်မခံချင်ပေမယ့်လည်း ၁၉၉၂ မှာ အတိုက်အခံတွေ မရှိတဲ့ ရော်ဘာ တံဆိပ်တုံး ပါလီမန်ကနေ အတည် ပြုပေးလိုက်တဲ့ ပရောဂျက်ရဲ့ ဆိုးကျိုးကို မြင်နေကြရပါတယ်။ ၂ဝဝ၆ မှာ ပြီးစီးသွားတဲ့ ဒီဆည်ကြီးကို ဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ ရေလွှမ်းမိုးမှုတွေ ပိုပြီး ဆိုးရွား လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆောက်လုပ်ရေးထဲ ပါဝင်ခဲ့တဲ့ အရာရှိတွေ ကိုယ်တိုင်က ဆည်ကြီးရဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်အားကို အရှိထက် ပိုတွက်ခဲ့ကြတယ် ဆိုတာကို အရိပ်အမြွက်မျှ ပြောဆို လာကြပါတယ်။ ၂ဝ၁၁ မတ်လ ၁၈ ရက်နေ့မှာတော့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင်က ဒီဆည်ကြီးဆောက်ဖို့ ဆုံးဖြတ်ချက်မှာ အမှားတွေ ပါခဲ့ကြောင်း ဝန်ခံပြောဆို ခဲ့ပါတယ်။

ဆည်ကြီးကြောင့် ရေကြီးတာ တစ်ခုတည်း မဟုတ်ဘဲ မြစ်ကြောင်းထဲ သယ်ယူ ပို့ဆောင်ရေး၊ မြစ်ရေတင် စိုက်ပျိုးရေး လုပ်ငန်းများနဲ့ မြစ်အောက်ပိုင်း ဒေသများအား ရေပေးဝေရေး လုပ်ငန်းများပါ ထိခိုက်ခဲ့ပါတယ်။ ဆောက်လုပ်နေဆဲ ကာလမှာပဲ ဒီဆိုးကျိုးတွေ ဖြစ်လာတော့မှာကို ကြိုမြင်ခဲ့ကြပေမယ့် အခြေအနေအရ တာဝန်ရှိသူတွေ အနေနဲ့ ထုတ်ပြောဖို့ ခက်ခဲခဲ့ကြတယ်။ ဝမ်ကျားပေါင်က ဝန်ခံခဲ့ပြီးချိန်မှာတော့ တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ အုပ်စုတွေ အနေနဲ့ ပိုပြီး မချိတင်ကဲ ဖြစ်ကြရပါတယ်။ ခုတော့ နုန်းတွေ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ဆည်ကြီးထဲမှာ သိုလှောင်ပြီးသား ဖြစ်ပေမယ့် ယန်ဇီမြစ်ဝကျွန်းပေါ်ကို နှစ်စဉ် ပို့ချနိုင်မည့်  နုန်းအနည်အနှစ် ပမာဏကတော့ ၅ဝ ရာခိုင်နှုန်း လျော့သွားတယ်လို့ National Geographic မဂ္ဂဇင်းက ရေးသားခဲ့ပါတယ်။ 

နွဲ့ကေခိုင်

Ref: The Economist ( 2011). Choking on the Three Gorges: China’s government at last owns up to problems at its monster dam 
SCMP (2016). Flood of doubts: sceptical public questions Three Gorges Dam’s capacity to stop disasters 
Sullivan, L.R., 2007. Historical dictionary of the People's Republic of China.Scarecrow Press.
National Geographic (2016). China's Three Gorges Dam, by the Numbers

  • VIA