News

POST TYPE

OPINION

မှန်သယောင် ဖန်တီးထားသော သတင်းနဲ့ ဥပဒေအမြင် (၂)
13-Feb-2018

Reuters က မြှုပ်ထားခဲ့တယ်

Reuters က ဖော်ပြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အင်းဒင်ရွာသတင်းမှာ တမင်မြှုပ်ထား ချန်ထားခဲ့တဲ့ အဓိကအချက်အလက်တွေ ရှိနေတယ်။ ဇန်နဝါရီ ၁၀၊ ၂၀၁၈ မှာ ထုတ်ပြန်ခဲ့တဲ့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်များထဲက အဓိကအချက်တွေကို ထိမ်ချန်ဖော်ပြခဲ့တာပဲဖြစ်တယ်။

တန်းပြည့်စစ်မှုထမ်းချိန်

အင်းဒင်ကျေးရွာ ပဲရုံသုသာန်မှာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ခဲ့တဲ့နေ့က စက်တင်ဘာ ၂၊ ၂၀၁၇ ဖြစ်တယ်။ ဒါက အငြင်းမထွက်ဘူး။ ဒီရက်အမှန်ပဲလို့ မှတ်ယူလို့ရတယ်။ အဲဒီနေ့၊ အဲဒီကာလက အဲဒီဒေသ အဲဒီကျေးရွာတွေမှာ ARSA အကြမ်းဖက်သောင်းကျန်းသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့လို့ ARSA အကြမ်းဖက်သောင်းကျန်းသူများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့များက အပြင်းအထန် ဖော်ထုတ်နှိမ်နင်းနေရတဲ့ ကာလများဖြစ်တယ်။ အဲဒီတော့ အင်းဒင်ရွာမှာဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ စစ်မက်ဖြစ်ပွားနေချိန်၊ စစ်ဆင်ရေးကာလ (Operation Period) အတွင်း စစ်မက်ဖြစ်ပွားရာဒေသ (Insurgent Area) မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လို့ ဥပဒေအရ မှတ်ယူပါတယ်။ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၃ မှာ အဓိပ္ပာယ်ဖော်ပြထားတဲ့ တန်းပြည့်စစ်မှုထမ်းချိန်ပဲ ဖြစ်ပါတယ်။

Reuters ရဲ့သတင်းမှာ ဒီအဓိကအချက်ကို တမင်ထိမ်ချန်ထားခဲ့ပြီး သေဆုံးသူ ၁၀ ဦးဟာ ARSA အကြမ်းဖက်သောင်းကျန်းသူများ (သို့မဟုတ်) ARSA နောက်လိုက်ဒေသခံ ဘင်္ဂါလီသောင်းကျန်းသူများ ဟုတ် မဟုတ်၊ အကြမ်းဖက်သတ်ဖြတ်သောင်းကျန်းမှုကြီးထဲမှာ မပါဝင်တဲ့ ရိုးရိုးသာမန် အရပ်သားများ ဟုတ် မဟုတ် တိတိကျကျ ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီအချက်နှစ်ချက်ဟာ ဒီဖြစ်စဉ်ရဲ့ အဓိကအချက်တွေဖြစ်ပြီး ဒီအချက်တွေပေါ် အခြေခံပြီးပဲ ဒီဖြစ်စဉ်မှာ ပါဝင်သူများကို ဘယ်လိုအရေးယူမလဲ၊ နိုင်ငံတကာကို ဘယ်လိုရှင်းပြမလဲဆိုတာ စဉ်းစားမှာ ဖြစ်ပါတယ်။

Reuters က ဘာလို့ဒီအချက်ကို တမင်ထိမ်ချန်ဖုံးကွယ်ထားခဲ့တာလဲ။ ဒါဟာ မေးကို မေးရမယ့် မေးခွန်းပါ။

စစ်ဆင်ရေးကာလ

အင်းဒင်ရွာအဖြစ်အပျက်က ARSA ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ချေမှုန်းနေရတဲ့ စစ်ဆင်ရေးကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ပုဒ်မ ၃ (က) မှာ ဒီကာလမျိုးကို တန်းပြည့်စစ်မှုထမ်းချိန်အဖြစ် ဒီလိုပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၃ 
(က) “တန်းပြည့်စစ်မှုထမ်းချိန်”ဆိုသည်မှာ ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးနှင့် သက်ဆိုင်စေရာ၌ အောက်ပါအတိုင်း ထိုသူပါဝင်ဆောင်ရွက်နေသည့်အချိန်ကို ဆိုလိုသည်။
(၁) ရန်သူနှင့် ပြိုင်ဆိုင်တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တစ်ဖွဲ့တွင် တွဲဖက်ထားသည့်အချိန်၊ သို့တည်းမဟုတ် ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၂) ရန်သူက လုံးဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း၊ သိမ်းပိုက်ထားသော တိုင်းပြည်တစ်ပြည်၌ဖြစ်စေ၊ နေရာတစ်ခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန်၊ သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည်တစ်ပြည်သို့ဖြစ်စေ၊ နေရာတစ်ခုသို့ဖြစ်စေ၊ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၃) နိုင်ငံခြားနိုင်ငံတစ်ခုကို သိမ်းပိုက်ထားသော တပ်ဖွဲ့တစ်ဖွဲ့တွင် တွဲဖက်ထားသည့်အချိန်၊ သို့တည်းမဟုတ် ပါဝင်သည့်အချိန်။

ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားစစ်ဘက်အကူများ

အင်းဒင်ရွာဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားစစ်ဘက်အကူများ ပါဝင်လာခြင်းနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီလိုထုတ်ပြန်ထားပါတယ်။

“အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းချက်များအရ ၄င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိနေကြောင်း၊ ကျေးရွာတွင် နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်း သိရှိရသည်။ ၎င်း ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ၎င်း ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စာသင်ကျောင်း၌ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ခေါ်ဆောင်စဉ် အင်းဒင်ရွာသားများက လမ်းပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့နောက်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏သားများအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနှင့် ပေါက်ပြားများကိုင်ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ပဲရုံသုသာန် ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်းနှစ်ခုကြား လျှိုအတွင်းကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏သားဖြစ်သူ နှစ်ဦးနှင့် ရွာသားတစ်ဦးတို့က ဘင်္ဂါလီအကြမ်းဖက်သမားများကို ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ၎င်းနောက် ရုန်းရင်းဆန်ခတ် ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်”

ဒီစစ်ဆေးတွေ့ရှိပေါ်ပေါက်ချက်အရ ဒီဘင်္ဂါလီအကြမ်းဖက်သမားများ ၁၀ ဦးကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့တာက လုံခြုံရေးတပ်ဖွဲ့ကသာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ အင်းဒင်ရွာသားများ မဟုတ်ဘူးဆိုတာ ပေါ်လွင်ပါတယ်။ သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့များရဲ့ ညွှန်ကြားချက်၊ အမိန့်၊ စေခိုင်းမှုကြောင့် ဆောင်ရွက်ရသူများ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို ထင်ရှားပါတယ်။

စေခိုင်းခံရသူများနဲ့ တပ်မတော်အက်ဥပဒေ

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ (၂) မှာ “မည်သည့် နေရာအရပ်၌ ရောက်ရှိနေစေကာမူ တပ်မတော်အက်ဥပဒေကို လိုက်နာသူများ”ကို ပြဋ္ဌာန်းထားရာ “စေခိုင်းခြင်းခံရသူများ”နဲ့ စပ်လျဉ်းပြီး ပုဒ်မ ၂ (ဃ) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။

“ပုဒ်မ - ၂ (ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ၊ တန်းပြည့်စစ်မှုထမ်းချိန်၌၊ စစ်စခန်းတွင်၊ စစ်ချီနေသည့်အခါတွင်၊ သို့တည်းမဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အမိန့်ကြော်ငြာစာဖြင့် သီးခြားသတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်းတစ်ခုခုတွင်၊ တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုက စေခိုင်းခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါ ဖြစ်ကြသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများ”

တပ်ချုပ်က တာဝန်ခံရမယ်

ဒါကြောင့် ဒီအင်းဒင်ရွာဖြစ်စဉ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူ တာဝန်ခံရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရများမှာ လုံးဝတာဝန်သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

Reuters က ဦးတည်ပစ်မှတ်ထားသလို ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး မြန်မာအစိုးရကို တွန်းအားဖိအားပေးဖို့ဆိုတာကလည်း တပ်မတော်ဥပဒေနဲ့ စစ်ဆင်ရေးနယ်မြေမှာ ကျင့်သုံးရတဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) ကို ကျွမ်းကျင်ကျေညက်သူ ဥပဒေပညာရှင်များ စစ်ဘက်ကျွမ်းကျင်သူများအမြင်မှာ ဖြစ်နိုင်ခြေ လုံးဝ နည်းလွန်းလှပါတယ်။

စစ်တရားရုံးနဲ့ စစ်ရမယ်

Reuters က ဖော်ပြခဲ့တဲ့ အင်ဒင်းရွာဖြစ်စဉ်ဟာ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူများနဲ့ သက်ဆိုင်နေတဲ့အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ အခန်း (၁၀) စစ်တရားရုံးများ အခန်း၊ ပုဒ်မ ၁၁၀ မှာ ပြဋ္ဌာန်းထားတဲ့ စစ်တရားရုံး လေးမျိုးအနက်က ပုဒ်မ၊ ၁၁၀ (က) စစ်တရားရုံးချုပ်က ဖြစ်စေ၊ ပုဒ်မ ၁၁၀ (ခ) တိုင်းစစ် တရားရုံးကဖြစ်စေ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်။

ဒီကနေ့ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈) ရက်နေ့ထုတ် စံတော်ချိန်သတင်းစာမှာ ဖော်ပြထားတဲ့ “အင်းဒင်ကျေးရွာ ဘင်္ဂါလီ ၁၀ ဦး သတ်ဖြတ်မှုတွင်ပါဝင်သည့် တပ်မတော်အရာရှိလေးဦး၊ စစ်သည်သုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ရွာသားခြောက်ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို ဥပဒေအတိုင်း အရေးယူမယ်။ တပ်မတော်အရာရှိတွေကို တပ်မတော် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမယ်၊ ပါဝင်ပတ်သက်တဲ့ ရဲသုံးယောက်နဲ့ ရွာသားခြောက်ဦးကိုတော့ လုပ်ထုံးလုပ်နည်း ရဲဘက်ဥပဒေတွေနဲ့အညီ အရေးယူမယ်”ဆိုတဲ့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်က တည်ဆဲဥပဒေများနဲ့ မညီညွတ်ပါဘူး။ ဆန့်ကျင်ပါတယ်။ အင်းဒင်ဖြစ်စဉ်မှာ ပါဝင်သူအားလုံးကို အမှုတစ်မှုတည်းမှာ စွဲချက်တစ်ခုတည်းတင်ပြီး စစ်တရားရုံးတစ်ခုခုက စစ်ဆေးစီရင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဘယ်သူ့မှာ တာဝန်ရှိသလဲ

တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့သတင်းမှာ ဒီလိုဖော်ပြထားပါတယ်။

“အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများဖြစ်ခြင်း၊ ၎င်းတို့ ဘင်္ဂါလီရွာသားများမှ ဦးမောင်နီအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း၊ တိုင်းရင်းသားများအား ခြိမ်းခြောက်အနိုင်ကျင့်မှုများ ရှိခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားများမှ စိတ်နာလျက်ရှိပြီး ပြန်လည်လက်စားချေ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လျက်ရှိရာမှ ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်”

ဒီစိစစ်တွေ့ရှိချက်ကြောင့် ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့ကြသူတွေမှာ အပြစ်ရှိကြမလား၊ အပြစ်ပေးခံကြရမလား။ ဥပဒေအရ လုံးဝအပြစ်မရှိပါ။ အပြစ်ပေးခံရဖို့ အကြောင်းရင်းမရှိပါ။

ဘာကြောင့်လဲ။ 

ဒီဖြစ်စဉ်မှာ ပါဝင်သူများဟာ တန်းပြည့်စစ်မှုထမ်းချိန်၊ စစ်ဆင်ရေးနယ်မြေမှာ စစ်မိန့်ကို နာခံဆောင်ရွက်ရသူများသာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ စစ်မိန့်ကို ဖီဆန်ရင်သာ သေဒဏ်ထိုက်မှာဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ (၃၂) မှာ ဒီလိုပြဋ္ဌာန်းထားပါတယ်။

 “ပုဒ်မ ၃၂ (ဌ) တပ်မတော်ရှိတပ်ဖွဲ့များ၏ သို့တည်းမဟုတ် ထိုတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တပ်ဖွဲ့တစ်ခုခု၏ အောင်မြင်မှုကို အန္တရာယ်ဖြစ်စေရန် ရည်စူးလျက်၊ မည်သည့်ပြုလုပ်မှုကိုမဆို သိလျက်နှင့် ပြုလျှင်၊ သို့တည်းမဟုတ်

(ဎ) စစ်ဆင်ရေးတစ်ခုခုကို ပြုလုပ်ရန် မိမိ၏အထက်အရာရှိ အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ထိုအမိန့်များကို ပြီးမြောက်အောင် ဆောင်ရွက်ရေးအတွက် မိမိတက်စွမ်းသမျှ ကြိုးစားအားထုတ်ရန် သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် ရှက်ဖွယ်ကောင်းစွာပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ်စေ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်”တဲ့ခင်ဗျ။ အမိန့်မနာခံရင်သာ သေဒဏ်အပေးခံရမှာ။ အမိန့်အတိုင်းဆောင်ရွက်ခဲ့လို့ မှားယွင်းမှုနဲ့ကြုံခဲ့ရင်တောင် အမိန့်ပေးခဲ့တဲ့ “တပ်မှူး” မှာပဲ တာဝန်ရှိပါမယ်။ ရှင်းပါတယ်နော်။

တပ်မှူးဆိုတာ

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ (၃) မှာ “တပ်မှူး” နဲ့ “တပ်အဖွဲ့” ရဲ့ အဓိပ္ပာယ်ကို ဒီလိုဖော်ပြပါတယ်။

“ပုဒ်မ ၃ (ဆ) “တပ်မှူး” ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးနှင့် ပတ်သက်၍ သုံးနှုန်းထားသည့်အခါ၊ ထိုသူပါရှိသော၊ သို့တည်းမဟုတ် ထိုသူအား တွဲဖက်ထားသော တပ်ကိုသော်လည်းကောင်း၊ ခွဲထုတ်တပ်ကိုသော်လည်းကောင်း၊ အခါအားလျော်စွာ ကွပ်ကဲနေသော အရာရှိကို၊ သို့တည်းမဟုတ် နိုင်ငံတော်သမ္မတက “တပ်မှူး”ဟု သီးခြားသတ်မှတ်လိုက်သော အရာရှိတစ်ဦးဦးကို ဆိုလိုသည်။

(ဇ) “တပ်အဖွဲ့” ဆိုသည်မှာ၊ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် တစ်ခုခု၏ ကိစ္စများအတွက် တပ်အဖွဲ့တစ်ဖွဲ့ဟု သတ်မှတ်ထားသော ဤအက်ဥပဒေကို လိုက်နာရသည့် သီးခြားလူစုတစ်စုကို ဆိုလိုသည်”

ဒီပြဋ္ဌာန်းချက်အရ အင်းဒင်ဖြစ်စဉ်မှာ အမိန့်ပေးခဲ့တဲ့ တပ်မတော်အရာရှိက “တပ်မှူး” အဖြစ် တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က မြန်မာ့တပ်မတော်တစ်ခုလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့ သီးသန့်ဖြစ်စဉ်တစ်ခုပါပဲ။ ဘယ်နိုင်ငံရဲ့တပ်မတော်မှာပဲဖြစ်ဖြစ် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်နေရတဲ့တပ်ဖွဲ့တိုင်း ကြုံကြရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဆုံးဖြတ်ချက်မှားတဲ့ “တပ်မှူး” ကိုပဲ တပ်မတော်ဥပဒေအရ အရေးယူကြရစမြဲပါ။

ဒီအင်းဒင်ဖြစ်ရပ်ကို မတန်တဆပုံကြီးချဲ့နေကြတာဟာ Political Issue အတွက် ဆွပေးချင်တာသက်သက်ပါ။ Reuters ရဲ့ မီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုပါပဲ။

အိုင်ဒီယာပဋိပက္ခ

မောင်တောမြို့နယ်၊ အင်းဒင်ရွာဖြစ်စဉ်ကို Reuters က သတင်းဖော်ပြမှုအပေါ် တုံ့ပြန်ပုံတွေ မတူညီကြတာဟာ ဖြစ်ရပ်မှန်ခြင်း၊ မှားခြင်းထက် ဖြစ်စဉ်အပေါ်ကြည့်တဲ့ ရှုထောင့်၊ သုံးသပ်တဲ့အမြင်၊ ကောက်ချက်ဆွဲတဲ့ အိုင်ဒီယာ မတူခြားနားကြလို့ပါ။

အင်းဒင်ဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်က ARSA ဘင်္ဂါလီအကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုပြင်းထန်နေချိန်ဖြစ်ပြီး ဖြစ်တဲ့နေရာက အစိုးရတပ်များရဲ့ လုံခြုံရေးမစိုးမိုးနိုင်တဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ ဘင်္ဂါလီလူဦးရေက ၉၇ ရာခိုင်နှုန်း၊ တိုင်းရင်းသားဦးရေက ၃ ရာခိုင်နှုန်းသာရှိတဲ့ အရပ်ဒေသပါ။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ဆင်ရေးကာလ၊ စစ်ဆင်ရေးနယ်မြေမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအနေအထားမှာ လူသားဆန်မှု၊ လူ့အခွင့်အရေး စတာတွေ မလွှမ်းမိုးနိုင်ပါဘူး။

အင်းဒင်ရွာသတ်ဖြတ်မှုက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စစ်ဆင်ရေးနယ်မြေအတွင်း ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ခုံရုံးဖွဲ့စစ်ဆေးမှပဲ အဖြေပေါ်လာနိုင်ပါလိမ့်မယ်။

ဖုန်မထပါ

Reuters ရဲ့ ခါတော်မီ သတင်းဖန်တီးတင်ဆက်မှုက မြန်မာ့အရေးကို လောက်လောက်လားလား ဖုန်မထစေနိုင်ဘူးလို့ ဥပဒေသမားတစ်ဦးအနေနဲ့ ရိုးရိုးပဲ မြင်ပါတယ်။ ။

ဇေယျမင်းသျှင် (၁၁ - ၂ - ၂၀၁၈)