News

POST TYPE

OPINION

ဗယ်လင်တိုင်းနှင့် ချစ်ခြင်းမေတ္တာ
13-Feb-2018 tagged as

ဗယ်လင်တိုင်း (Valentine) ဟု ဆိုလိုသည်နှင့်တစ်ပြိုင်နက် ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို အကုန် ဖေဖော်ဝါရီ ၁၄ ကို မြင်ယောင်ပြီးသား ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြား ဗယ်လင်တိုင်းက အတော်ကိုခေတ်စားသည်။ သို့သော်လည်း ဗယ်လင်တိုင်း၏ အဓိပ္ပာယ်နှင့် မူလဖြစ်တည်မှုကိုတော့ ရေရေရာရာ ဂဃနဏသိသူ နည်းပေလိမ့်မည်။ သိသူအတော်များများလည်း ရှိကောင်းရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ စာရေးသူအနေနှင့် ဒီဆောင်းပါးတွင် ဗယ်လင်တိုင်းနှင့်ပတ်သက်သော အကြောင်းခြင်းရာလေးတွေကို စာဖတ်သူမိတ်ဆွေများကို ဝေမျှပေးလိုပါ သည်။ အထူးသဖြင့် ဗယ်လင်တိုင်းရေစီးကြောင်းထဲ မျောပါစီးဆင်းနေသော လူငယ်မောင်မယ်လေးများအတွက် ရည်ရွယ်ဝေမျှခြင်း ဖြစ်ပါသည်။

ဗယ်လင်တိုင်းဆိုသည်မှာ

ဗယ်လင်တိုင်းဒေး (Valentine’s Day) တစ်နည်းအားဖြင့်ဆိုရသော် ချစ်သူများနေ့သည် ကမ္ဘာအရပ်ရပ်ရှိ အနောက်နိုင်ငံများတွင် ဖေဖော်ဝါရီ ၁၄ ၌ နှစ်စဉ်ကျင်းပကြသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ချစ်ခြင်းမေတ္တာ၊ မြတ်နိုးတွယ်တာမှုနှင့် ခင်မင်ရင်းနှီးကျွမ်းဝင်မှုကို ဖော်ညွှန်းလိုခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ ၁၄ ရောက်လာပြီဆိုလျှင်ဖြင့် ချစ်သူချင်း သို့မဟုတ် မိသားစုဝင်ချင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်းချင်း ချစ်ခင်မြတ်နိုးမှုကို ဖော်ပြသော စာတိုလေးတွေ ရေးပို့ကြသည်။ ချစ်သူစုံတွဲတွေကလည်း မိမိတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းရန်အတွက် ချစ်သဝဏ်လွှာလေးတွေ၊ ပန်းစည်းလေးတွေ တစ်ဦးနှင့်တစ်ဦး ပေးပို့ကြသည်။ အထူးသဖြင့် အမျိုးသားလေးများက အမျိုးသမီးလေးများဆီသို့ ပို့တတ်ကြသည်။ ကြည်နူးဖွယ်ကောင်းလေစွ။ ချစ်သူ၊ သမီးရည်းစားများသာမက မိသားစုဝင်နှင့် သူငယ်ချင်းမိတ်ဆွေများ အချင်းချင်းလည်း အပြန်အလှန် ပေးပို့နိုင်ပါသည်။ လူသားတွေကြား အမြတ်တနိုး တန်ဖိုးထားရှိရမည့် ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းခြင်းဖြစ်သည်မို့ ချစ်သူခင်သူများအကြား ပန်းလက်ဆောင်လေးတွေ၊ စာသဝဏ်လွှာလေးတွေ ပေးပို့ကြခြင်းသည် ဗယ်လင်တိုင်း၏ အနှစ်သာရ အစစ်အမှန်ဖြစ်သည်။

ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့ ဖြစ်ပေါ်လာပုံ

ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့နှင့် ပတ်သက်၍ ပြောစမှတ်ပြုကြသော ဒဏ္ဍာရီအမျိုးမျိုး တွေ့ရပေမည်။ ဗယ်လင်တိုင်းဆိုသည်မှာ ကက်သလစ်ဘုန်းတော်ကြီး သူတော်စင် စိန့်ဗယ်လင်တိုင်း၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်။ အေဒီသုံးရာစု ရောမမြို့-စိန့်ဗယ်လင်တိုင်းတို့ ခေတ်တွင် တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သည်ကား ဧကရာဇ် ကလောက်ဒီးယပ် (၂)။ ၎င်းဧကရာဇ်က စစ်မက်ခုံမင်ဟန် ရှိပုံရသည်။ ဒီတော့လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပြီး အမိန့်တွေထုတ်ပြန်ရာတွင် တင်းကျပ်သော စည်းကမ်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် သူ၏ရဲမက်များကို နိုင်ငံတော်ကာကွယ်ရေးနှင့် စစ်ရေးစစ်ရာများတွင်သာ အချိန်ပြည့် အာရုံရှိစေချင်ပုံရသည်။ ထို့ကြောင့်လည်း စစ်သည်တော် ရဲမက်များကို လက်ထပ်ထိမ်းမြားခြင်း မပြုရဟု တားမြစ်ခဲ့သည်။ ဖောက်ဖျက်ကျူးလွန်ပါက သေဒဏ်ခံရမည်။ ဧကရာဇ်၏ ပြင်းထန်လှသည့် သည်အမိန့်ကို ဖောက်ဖျက်မိသူက သူတော်စင် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း။ နိုင်ငံတွင်းမှာ မင်းမိန့်ကြောင့် ချစ်ခြင်းမေတ္တာတွေ ဆိတ်သုဉ်းကာ ချစ်သူချင်း ကွေကွင်းကုန်ကြသည်။ ဒီဝမ်းနည်းဖွယ်အဖြစ်ဆိုးကို မရှုဆိတ်နိုင် သူက စိန့်ဗယ်လင်တိုင်းဖြစ်သည်။ နောက်ဆုံး ချစ်သူစုံတွဲတွေကို ဘုရားကျောင်းသို့ခေါ်ယူ၍ တိတ်တဆိတ် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ဒီကိစ္စတွေ ပေါက်ကြားသွား၍ မင်းမိန့်ကို ဖီဆန်မှုဖြင့် စိန့်ဗယ်လင်တိုင်း ဖမ်းဆီးကွပ်မျက်ခံရသည်။ မကွပ်မျက်မီ ထောင်သွင်း အကျဉ်းချခံရချိန်တွင် ဗယ်လင်တိုင်းက ထောင်မှူးသမီးလေးကို မျက်စိမြင်အောင် ကုသပေးခဲ့သေးသည်။ ဒီမိန်းကလေးဆီသို့ ချစ်သဝဏ်လွှာလေးတွေ ပို့ပေးခဲ့သည်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကွပ်မျက်ခံရသည့်အချိန်ထိ ဖြစ်သည်။ ဤသည်မှာ နောက်ပိုင်း ဗယ်လင်တိုင်းဒေး ကျင်းပဖြစ်ရခြင်း၏ ကနဦး အခြေအနေဖြစ်သည်။

ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့ ကျင်းပပုံ

ဒီဖြစ်ရပ်လေးကိုအစွဲပြု၍ ဥရောပတစ်ခွင်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့အဖြစ် သတ်မှတ်ကျင်းပလာကြသည်။ အချစ်ကဗျာလေးတွေ ရေးသားကာ အချစ်သဝဏ်လွှာလေးတွေ တစ်ဦးနှင့်တစ်ဦးပေးပို့၍ မိမိတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသကြသည်။ ကြည်နူးဆွတ်ပျံ့ လွမ်းမောဖွယ်ရာပင်။ သဝဏ်လွှာလေးတွေကို ပန်းပွင့်တွေ၊ ဖဲကြိုးတွေနှင့် အမျိုးမျိုးတန်ဆာဆင်ကာ ပေးပို့ကြသည်။

နောက်ပိုင်းတွေ ဗယ်လင်တိုင်းဒေးက နိုင်ငံအတော်များများမှာ ခေတ်စားလာလေသည်။ မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြသည်မို့ ကိုယ့်ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့် ကိုက်ညီအောင် မွမ်းမံကာ နိုင်ငံတိုင်းတွင် ကျင်းပလာခဲ့ကြသည်။ အစကနဦးပိုင်းတွင် သမီးရည်းစား၊ လင်မယားချစ်ကိုသာ ကဗျာဆန်ဆန်လေး ရည်ညွှန်းကြသော်လည်း နောက်ပိုင်းတွင် မိသားစုဝင်များနှင့် အပေါင်းအသင်းမိတ်ဆွေများကြားရှိ ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုကိုပါ ဖော်ထုတ်လာကြသည်မို့ ဗယ်လင်တိုင်းဒေးသည် ပို၍လေးနက်သိမ်မွေ့လာသည်။ လူသားအချင်းချင်းကြား ချစ်ပင်ပျိုး၍ မေတ္တာမိုးတွေစွေသည့် ကိစ္စရပ်လေးပေမို့ ဒီထက်နူးညံ့သိမ်မွေ့စရာ မရှိတော့ပြီ။ ထို့အတူ ချစ်သဝဏ်လွှာလေးတွေ ပေးကြသကဲ့သို့ တစ်ဆင့်တက်၍ သကြားလုံးလေးတွေ၊ ချောကလက်လေးတွေ တစ်ဦးနှင့်တစ်ဦး ကမ်းကြသည်။ အရုပ်လေးတွေ၊ ပန်းစည်းတွေ လက်ဆောင်ပေးလာကြသည်။ ချစ်သူစုံတွဲတွေကတော့ အဲဒီနေ့တွင် မှတ်မှတ်ရရ ညစာအပြင်မှာ ထွက်စားတာမျိုး၊ လျှောက်လည်ကြတာမျိုးတွေ ပျော်ပျော်ပါးပါး ဆင်နွှဲကြသည်။ 

ဒီလောက်ဆိုရင်ဖြင့် ဗယ်လင်တိုင်း၏ရာဇဝင် ပြည့်စုံလောက်ပြီ ထင်ပါသည်။ စာရေးသူအနေနှင့် နောက်ဆက်တွဲ ထပ်မံတင်ပြလိုသည်မှာ ဗယ်လင်တိုင်းဒေးကို စာရေးသူတို့နိုင်ငံမှာ လက်ခံကျင်းပနေကြပုံ ဖြစ်သည်။ အချို့ကလည်း ဤသည်မှာ အနောက်တိုင်းယဉ်ကျေးမှု ဖြစ်သည်မို့ စာရေးသူတို့နှင့်မဆိုင်။ ပိုရန်ကောဟု ဆိုချင်ကြသည်။ ဒါသည်လည်း မှန်ပါသည်။ သို့သော်လည်း စာရေးသူ၏ တစ်ဦးတစ်ယောက်တည်း အမြင်ဖြင့်ပြောရသော် ဒီအစဉ်အလာလေးကို လိုက်နာကျင့်သုံးကြသည်မှာ မကောင်းနိုင်စရာ ဘာမှမရှိ။ တစ်ဦးကိုတစ်ဦး မြတ်မြတ်နိုးနိုး နှစ်နှစ်ကာကာ ချစ်တတ်အောင်၊ တန်ဖိုးထားတတ်အောင် သင်ပေးနေခြင်းသည် မကောင်းဘယ်မှာ ရှိအံ့မည်နည်း။ ကောင်းသည့် အလေ့အထလေးဟုပင် ဆိုချင်သည်။ ကောင်းအောင်သုံးတတ်ဖို့သာ လိုပါသည်။ 

လူ့ဘောင်လောကတွင် မုန်းအောင်လုပ်ရသည်မှာ ခက်အံ့မထင်။ ချစ်တတ်အောင်လုပ်ဖို့သာ ခက်ခဲလေသည်။ မိမိတို့၏ ရင်ထဲအသည်းထဲက နှလုံးသားလေးတွေ အမှန်တကယ် နူးညံ့သိမ်မွေ့နေမှ ချစ်တတ်ခင်တတ်ပေမည်။ ချစ်ခြင်းမေတ္တာသည် ပြုစုပျိုးထောင်ကောင်းသော အရာဖြစ်သည်။ ချစ်ခြင်းပျက်ယွင်း၍ မေတ္တာခန်းခြောက် နှလုံးနောက်ရလေသည်မို့ လူသားအချင်းချင်း ချစ်ခင်မြတ်နိုးတွယ်တာခြင်းသည် အလွန်တရာ ကောင်းလှပေသည်ဟု ထပ်ညွှန်းဆိုချင်သေးသည်။ ထို့ကြောင့် ချစ်ခြင်းအလေ့ကို အဓွန့်ရှည်ရှင်သန်စေသော အပြုအမူလေးတွေဖြစ်သည့် လက်ဆောင်လေးတွေ ဖလှယ်ခြင်း၊ ပန်းစည်းလေးတွေ ကမ်းလင့်ခြင်း၊ စာသဝဏ်လွှာလေးတွေ ပါးခြင်းတို့မှာ ဆောင်ရွက်သင့်သည့် ချစ်စဖွယ်အလေ့လေး များပင်တည်း။ လောကတွင် လောကပါလတရားတွေ ချုပ်ငြိမ်းလို့ ချစ်ခြင်းမေတ္တာတွေ ဆိတ်သုဉ်းကုန်လေသဖြင့် လူအချင်းချင်း၊ သမီးရည်းစားအချင်းချင်း သတ်ကြ ဖြတ်ကြ၊ ရိုက်ကြ နှက်ကြဖြစ်လာကြသည်။ လောကအကျည်းတန်လေစွ။ ထို့ကြောင့် ချစ်စရာဗယ်လင်တိုင်း အလေ့အထလေးကို ကောင်းမွန်သည်ဟု စာရေးသူက ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း လောကဝယ် အကောင်းအဆိုး ဒွန်တွဲနေစမြဲမို့ ကောင်းတာလေးတွေ၏နောက်တွင် အဆိုးလေးက ကပ်ပါလာသည်။ ဤသည်ကား စာရေးသူတို့နိုင်ငံရှိ လူငယ်တော်တော်များများ၏ ဗယ်လင်တိုင်းနှင့်ပတ်သက်သော ခံယူချက်အမှားလေးပင်ဖြစ်သည်။ လူငယ်တိုင်းတော့ ခံယူချက်မှားသည်ဟု မဆိုလိုပါ။

ဗယ်လင်တိုင်းနှင့် ခေတ်ရေစီးကြောင်း

ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့-ဖေဖော်ဝါရီလ ၁၄ ရက် နီးလာသည်နှင့် လူငယ်လူရွယ် တော်တော်များများ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီ။ ချစ်သူ၊ ရည်းစားအချင်းချင်း လက်ဆောင်တွေပေးကြဖို့နှင့် အဲဒီနေ့ရက်တွင် လျှောက်လည်ကြဖို့ ခေါင်းချင်းရိုက်ကြပြီ။ မုန့်ဖိုးလေးတွေ စုကြပြင်ကြနှင့် စိတ်လှုပ်ရှားဖွယ် ဖြစ်နေကြသည်။ ဗယ်လင်တိုင်းနေ့ ရောက်လာပြီဆိုရင်လည်း လမ်းမထက်မှာ လူငယ်လူရွယ်လေးတွေ ပျားပန်းခပ်မျှ စည်ကားနေသည်။ အင်္ကျီလေးတွေ၊ ဖိနပ်လေးတွေဆင်တူ၊ အရောင်လေးတွေ၊ ပုံစံလေးတွေ ဆင်တူဝတ်ကာ ဟိုမှသည်မှ လျှောက်လည်ကြသည်။ လက်ကလေးတွေချိတ်ပြီး ပျော်ရွှင်မြူးမြူး သွားလာနေကြသော လူငယ်မောင်မယ်၊ သားငယ် သမီးငယ်လေးတွေကို ကြည့်ရသည်မှာလည်း ကြည်နူးဖွယ်ရာပင် ဖြစ်နေသည်။ ချစ်သူကောင်မလေးတွေ လက်ထဲမှာလည်း သူတို့ချစ်သူကောင်လေးတွေ ပေးထားသော ပန်းစည်းတွေ၊ အမွေးပွ အရုပ်ကြီးတွေ၊ ချောကလက်လေးတွေကိုလည်း ဝင့်ဝင့်ကြွားကြွား တွေ့နေရသည်။ မိမိကို ချစ်လို့ခင်လို့ မြတ်နိုးလို့ လက်ဆောင်လေးတွေ ပေးလာသည်မို့ ဝင့်ကြွားသောစိတ်ကလေးတွေနှင့် မျက်နှာကလေးတွေမော်ကာ ပေါ့ပါးမြူးလွင့်နေသည်။ ဒီလိုအချိန်မှာ လူငယ်လေးတွေကို တိုင်းပြည်က ပစ်ကြခတ်ကြ၊ ဆန္ဒတွေထုတ်ဖော်ကြနှင့် အရေးကြီးသည့် အချိန်ရောက်နေတာတောင် အပျော်အပါးလုပ်နေရကောင်းလားဟု အပြစ်တင်စောလို့လည်း မရပေ။ လူငယ်လေးတွေမို့ လူငယ်ဆန်ဆန် ပျော်ပါးကြသည်ကို လူကြီးပိုင်းမှ စည်းကမ်းလေးနှင့် ထိန်းသိမ်းပေးဖို့သာ လိုပါသည်။ 

လူငယ်ဆန်ဆန်လေး ဆင်နွှဲကြသည်ကို ကိုယ့်နိုင်ငံ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် သွေဖည်ခြင်းမရှိရလေအောင် တည့်မတ်ပေးရပါမည်။ ဒီလိုတည့်မတ်ရာတွင် နိုင်ငံသားအားလုံး အမျိုးသားရေး စိတ်ဓာတ်အပြည့်နှင့် တည့်မတ်ပေးဖို့လိုပါသည်။ သို့မှသာ ဗယ်လင်တိုင်းဒေးသည် ချစ်ခင်ကြည်နူးဖွယ်ရာ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက လူငယ်လေးတွေ အထူးသဖြင့် သမီးငယ်၊ ညီမငယ်လေးတွေ၏ ဘဝလေးတွေညစ်နွမ်းရ၍ အကျည်းတန်ဗယ်လင်တိုင်း ဖြစ်ပေလိမ့်မည်။ 

သမီးငယ်၊ ညီမငယ်လေးတွေ၏ ဘဝညစ်နွမ်းရသည်ဟုဆိုသောကြောင့် စာဖတ်သူတို့အနေနှင့် မျက်စိလည်ကောင်း လည်သွားနိုင်ပါသည်။ နည်းပညာတိုးတက်မှုနှင့်အပြိုင် နိုင်ငံခြားမှလာသော ဖြေဖျော်ရေးကဏ္ဍများသည်လည်း တစ်ဟုန်ထိုး ဝင်ရောက်လာသည်မို့ စာရေးသူတို့နိုင်ငံ ယဉ်ကျေးမှုနှင့် လားလားမှမသက်ဆိုင်သော ယဉ်ကျေးမှုတွေ စိမ့်သက်ပျံ့နှံ့ ဝင်ရောက်လာသည်။ ချစ်ခြင်းမေတ္တာအစား လိင်အသားပေးမှု (Sex) တွေ၊ လက်မထပ်ဘဲ အတူနေခြင်း (Living Together) တွေ ခေတ်စားလာသည်။ လက်မထပ်ဘဲ အတူနေခြင်း (Living Together) ကို ခေတ်မီသည်ဟု ထင်လာကြသည် ။ ဒီနေရာတွင် လက်မထပ်ဘဲ အတူနေခြင်း (Living Together) နှင့် ဗယ်လင်တိုင်းဒေး ဘာဆိုင်သနည်းဟု စောဒက တက်ဖွယ်ရှိပါသည်။ ဆိုင်လာပါသည်။ လူငယ်လေးတွေ နားလည်မှုလွဲ၊ အယူအဆတွေလွဲပြီး ဒီလိုအမှတ်တရနေ့မျိုးမှ လိင်ကိစ္စ (Sex) တွေ၊ လက်မထပ်ဘဲအတူနေခြင်း (Living Together) ကိစ္စတွေ လုပ်လာကြသည်မှာ ယူကျုံးမရ၊ အပူလုံးကြွဖွယ် တွေ့လာရသည်။ ပန်းဦးခြွေကြသည်။ ဒီလိုကိစ္စမျိုးကို ရှက်ဖွယ်ဟုမယူဆဘဲ ခေတ်မီသည်ဟု မှားယွင်းစွာ မှတ်ယူနေကြသည်ကိုလည်း ဝမ်းနည်းဖွယ် တွေ့လာရပါသည်။ လူငယ်လေးတွေဟု ဆိုရာတွင် အထူးသဖြင့် သမီးငယ်၊ ညီမငယ်လေးတွေအနေနှင့် မိမိတို့၏ အရှက်နှင့်သိက္ခာကို ပန်းစည်းတွေ၊ ချောကလက်တွေနှင့် လဲယူနေရသလို ဖြစ်နေပါသည်။ ဒီလိုဖြစ်သွားစေဖို့ ပံ့ပိုးပေးနေသော အကြောင်းတရားများကလည်း ရှိနေပြန်ပါသည်။ အများပြည်သူ မျက်ကွယ်ပြုရာနေရာ၊ နှစ်ဦးသား လွတ်လွတ်လပ်လပ်တွေ့ဆုံနိုင်ရန် ပံ့ပိုးပေးရာနေရာများစွာက ယနေ့ခေတ်ဝယ် အလွန်ပေါများလာသည်။ အလုံပိတ် ရွက်ဖျင်တဲတွေ၊ ဟိုတယ်၊ မိုတယ်နှင့် အချိန်ပိုင်းငှားရမ်းလို့ရသည့် ဝန်ဆောင်မှုမျိုးပေးသော တည်းခိုခန်းတွေ များမှများဖြစ်လာသည်။ စီးပွားရေးအမြင်ရှိသည်ဟု ဆိုနိုင်သော်လည်း မိမိတို့၏ သမီးအရွယ်၊ ညီမအရွယ် မိန်းကလေးငယ်တို့၏ ဘဝများစွာ ကြေမွပျက်သုဉ်းရသည်ကိုတော့ သတိမူမိကြမည်မထင်။ 

ထို့ကြောင့်လည်း စာရေးသူက အထက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားရေးကိစ္စတစ်ရပ်လိုကို သဘောထားကာ လူငယ်လေးတွေကို တားဆီးကာကွယ်ပေးရမည်။ သည်လိုဝန်ဆောင်မှုမျိုး မရှိသင့်၊ မရှိရ။ မိမိတို့ရင်မှဖြစ်သော သားသမီးလေးတွေကဲ့သို့ ကိုယ်ချင်းစာစိတ်ထားကာ တစ်နပ်စားအကြံတွေကို ရပ်ရပါမည်။ တာဝန်ရှိသူများမှလည်း ဒီလိုတစ်နပ်စား စီးပွားရေးတွေကို အထောက်အညှာမရှိ အရေးယူထိန်းသိမ်းပေးရပါမည်။ 

အချုပ်အားဖြင့် လူငယ်မောင်မယ်၊ သားငယ်သမီးငယ်လေးများကို ဒီဆောင်းပါးလေးမှတစ်ဆင့် မှာချင်ပါသည်။ ပျော်ကြပါ၊ ချစ်ကြပါ။ သို့သော်လည်း ချစ်တတ်ကြပါစေ။ ကြည်နူးတတ်ကြပါစေ။ တန်ဖိုးထားတတ်ကြပါစေ။ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားကြပါ။ ပန်းပွင့်လေးသဖွယ် နုနယ်လှသော ဘဝလေးပေါင်းများစွာကိုလည်း ထိန်းသိမ်းကြပါ။ အရှက်နှင့်သိက္ခာကို စောင့်စည်း တန်ဖိုးထားတတ်ကြသာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးလေးတွေ ဖြစ်အောင်ကြိုးစားကြပါလို့ နိဂုံးချုပ်ရင်း အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာဖြစ်သော ဗယ်လင်တိုင်းဒေး (ဝါ) ချစ်သူများနေ့ ဖြစ်ကြပါစေ။ ။

ငြိမ်းသခင်

  • TAGS