News

POST TYPE

OPINION

နှလုံးသားဖြင့် နားလည်နိုင်သော ပြည်ထောင်စုဖြစ်စေချင် (Daily, Vol-5/No-263)
13-Feb-2018

ယနေ့သည် ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခါသမယဖြစ်သည်။ အင်္ဂလိပ်လို Union သို့မဟုတ် United ဟု သုံးနှုန်းသည်။ ယင်းကို တိုက်ရိုက် အဓိပ္ပာယ် ကောက်ရလျှင် ဘုံရည်မှန်းချက် တစ်ခုအတွက် အတူတကွ ပေါင်းစည်း လက်တွဲထားသော စုဖွဲ့မှုဟု ဆိုနိုင်သည်။

ပြည်ထောင်စုဆိုသော စကားလုံးမှာမူ ယင်းထက် ပို၍ကျယ်ပြန့်သည်။ ရေ၊ မြေ၊ သဘာဝဝန်းကျင်၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု ကွဲပြားသော နယ်မြေ၊ ဒေသများကို တူညီသော နိုင်ငံရေးမူဝါဒ၊ အုပ်ချုပ်ပုံစနစ်အောက်တွင် စုစည်းထားသော လူ့အဖွဲ့အစည်းဟု ဆိုရမည်ထင်သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြု၍ တိုင်းရင်းသားလူမျိုးများ စုပေါင်း လက်မှတ်ရေးထိုးကာ ပြည်ထောင်စုနိုင်ငံ သန္ဓေတည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ ပြည်တွင်းစစ်မီး တောက်လောင်နေခြင်းမှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှသည်။

လက်နက်ကိုင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အကြား ယနေ့အချိန်အထိ သေနတ်သံများ မစဲသေးသည့်အပြင် တရားဝင် နိုင်ငံရေးပါတီ အချင်းချင်းအကြားတွင်ပင် တူရာကိစ္စများ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်မှာ သတိပြုဆင်ခြင်စရာ ဖြစ်သည်။

ပုံမှန်အားဖြင့် ပန်းတိုင်တူပြီး ယင်းပန်းတိုင်သို့သွားမည့် လမ်းရွေးချယ်မှုတွင် ကွဲလွဲကြသည့်အတွက် ပန်းတိုင်အလို့ငှာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောအရေးကိစ္စများတွင် ယနေ့အချိန်အထိ ထင်ထင်ရှားရှား ပူးပေါင်းဆောင်ရွက်မှု မတွေ့ရသေးပေ။

ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပြဿနာနှင့် ပတ်သက်၍လည်း ပြဿနာ ပြေလည်စေမည့်နည်းလမ်း ဝိုင်းဝန်း စဉ်းစား အဖြေရှာပေးခြင်း၊ မိမိတို့တတ်နိုင်သည့်နေရာမှ ကူညီဆောင်ရွက်ပေးခြင်းမျိုးထက် အာဏာရပါတီ၊ အစိုးရနှင့် တပ်မတော်တို့အပေါ် အပြစ်ဖို့၊ အဆိုးပြောခြင်း၊ နိုင်ငံတကာ မီဒီယာများနှင့် သက်ဆိုင်ရာ အစိုးရအသီးသီးကို မယဉ်ကျေးသော စကားလုံးများဖြင့် တိုက်ခိုက်နေခြင်းဖြင့် အချိန်ကုန်နေပေသည်။

သမိုင်းနှင့် နိုင်ငံရေးသိပံ္ပပညာရှင်အချို့က “ချ” သမိုင်းဟု ကင်ပွန်းတပ် ရလောက်အောင်ပင် လက်နက်ကိုင် အချင်းချင်းရော နိုင်ငံရေးပါတီ အချင်းချင်းပါ မြေပေါ်၊ မြေအောက် “ချ” နေကြသည့် သမိုင်းကို ယနေ့အချိန်အထိ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် သင်ခန်းစာအဖြစ် အသုံးမချနိုင်သေးပေ။ 

လက်ရှိအချိန်တွင်ပင် နိုင်ငံရေး အင်အားစုများအကြား၊ စီးပွားရေးအုပ်စုများအကြားတွင် သာမက အရပ်ဘက် လူ့အဖွဲ့အစည်းများ အကြားတွင်ပါ အာဏာအလို့ငှာလည်းကောင်း၊ အကျိုးအမြတ် အလို့ငှာလည်းကောင်း၊ အသုံးချခံ ဈေးကွက် အလို့ငှာလည်းကောင်း အမုန်းပွား၊ ရန်စောင်၊ တိုက်ခိုက်နေကြသည်မှာ အရုပ်ဆိုးလှသည်။ 

ယနေ့ အာဏာရပါတီနှင့် အစိုးရသည်ပင်လျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် ပန်းတိုင်သို့ ရောက်ရှိရန် ကြိုးစားနေလင့်ကစား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှသည် ယနေ့အချိန်အထိ ယင်းခေါင်းစဉ်နှင့်လျော်ညီစွာ နှလုံးသားဖြင့် ခံစားနားလည်နိုင်သည့် လက်တွေ့ကျကျ ဆောင်ရွက်မှု မတွေ့မြင်ရသေးပေ။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် သီးခြား လုပ်ပိုင်ခွင့်၊ အခွန်ကောက်ယူခွင့်၊ သယံဇာတ ပိုင်ဆိုင်ခွင့် အစရှိသည့် အာဏာခွဲဝေမှုများ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်မည်ဟု ဆိုထားသော်ငြား မကြာသေးခင်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် လွှတ်တော်အဖွဲ့ ဥပဒေတွင် ဒေသဆိုင်ရာ လွှတ်တော်များ၏လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က ထိန်းချုပ်ထားသည့်သဘော သက်ရောက်နေခြင်းမှာ များစွာ နားလည်ရခက်သွားစေသည်။ 

ပုံမှန်အားဖြင့် ပြည်ထောင်စုနေ့ရောက်တိုင်း တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်စွာ၊ ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲ၍ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လူ့ဘောင်ပန်းတိုင်သို့ အောင်မြင်စွာ တည်ဆောက်၊ လျှောက်လှမ်းနိုင်ကြစေကြောင်း တောင်းဆုခြွေကြစမြဲ ဖြစ်သည်။

ထိုသို့ တောင်းဆုခြွေရုံမျှဖြင့် လိုချင်၊ ရောက်ချင်သော ပန်းတိုင်နှင့် မနီးစပ်နိုင်ကြောင်း သိရှိနေကြသည့်အလျောက် အာဏာရပါတီ၊ အာဏာ လက်လွှတ်ပါတီ၊ နိုင်ငံရေးပါတီများ၊ တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်နှင့် လျော်ညီသော၊ နှလုံးသားဖြင့် နားလည်လက်ခံနိုင်သော လက်တွေ့ ဆောင်ရွက်ချက်များဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို သက်သေပြချိန် တန်နေပြီဖြစ်ကြောင်း တိုက်တွန်းအကြံပြုအပ်ပေသည်။

အယ်ဒီတာ (၁၂-၂-၂၀၁၈)