News

POST TYPE

OPINION

ဖက်ဒရယ်စနစ်နှင့် အချုပ်အခြာအာဏာ
အစက ဤအကြောင်းကိုမရေးတော့ဟု ဆုံးဖြတ်ထားမိသည်။ အစကဆိုသည်မှာ ရသေ့တောင်မြို့တွင် ဒေါက်တာအေးမောင် ဟောပြောခဲ့သည်များနှင့်ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုရာ ဟောပြောချက်မှာပါသည့် “အချုပ်အခြာအာဏာ”ဆိုသည်နှင့်ပတ်သက်၍ ဘဝင်မကျမိချိန်ကဖြစ်သည်။ ထိုဟောပြောပွဲတွင် သူက အချုပ်အခြာအာဏာဆိုသည့် ဝေါဟာရကို နေရာအချို့တွင် ထည့်သွင်းပြောဆိုသွားသည်။ ဟောပြောပွဲပြုလုပ်သည့်ခေါင်းစဉ်မှာ “နှစ်ပေါင်း (၂၃၃)နှစ် အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့”အကြောင်းဖြစ်ပြီး သက္ကရာဇ် ၁၇၈၅ ခုနှစ်က ရခိုင်ကို မြန်မာဘုရင် ဘိုးတော်ဘုရားက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အချိန်ကာလကို ရည်ညွှန်းသည်။

“အဲဒါကြောင့် ကျွန်တော်တို့က ... (၂၃၃) နှစ် ... နောက်နှစ်ဆိုရင် (၂၃၄)နှစ် ... ရောက်တိုင်း ရောက်တိုင်းမှာ ပြန်ပြီးတော့ ငါတို့ အချုပ်အခြာ အာဏာကို ဘယ်လိုရမှာလဲ ... ။ ဒီလို စိတ်မျိုးမွေးဖို့လိုတဲ့အခါမှာ ... အခုနက ကျွန်တော်တို့ တင်ပြတဲ့အတိုင်း တော်လှန်ရေး၊ လက်နက်ကိုင်ရင် လက်နက်ကိုင် တော်လှန်ရေး၊ လူထုကိုစည်းရုံးရင် လူထုနည်းနဲ့ ဗဟိုပြုတဲ့နိုင်ငံရေး၊ အားလုံးရဲ့ပန်းတိုင်ဟာ အခု အချုပ်အခြာအာဏာကို ဘယ်လိုပြန်ရမှာလဲ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့၏ အုပ်ချုပ်ရေး ယန္တရားအာဏာကို ဘယ်လိုပြန်ရမှာလဲ ဆိုတဲ့နည်းမှာ သွားပြီးဦးတိုက်ပါတယ်။ အဲဒါကြောင့် အာဏာကို ရမယ့်နည်းပေါင်းစုံနဲ့ ကျွန်တော်တို့ လူထုကို စည်းရုံးတယ် ... လက်နက်ကိုင် တွန်းလှန်တယ် ... အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲတယ် ... ဆိုတာ အားလုံးသည် ... ရည်မှန်းချက် ပန်းတိုင်တစ်ခုကို သွားနေတယ်ဆိုတဲ့ သဘောတရား” စသဖြင့်ပြောဆိုခဲ့ရာ ...

အချုပ်အခြာအာဏာကို ပြန်လည် ရရှိအောင် ဆောင်ရွက်မည်ဆိုသည်က မည်သို့ အဓိပ္ပာယ် သက်ရောက်သွားသနည်း၊ အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရော၊ လူနည်းစု တိုင်းရင်းသား နိုင်ငံရေးပါတီများပါ ခွဲထွက်ရေးကိုမပြောဘဲ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လိုလားပါသည်ဟု ပြောနေကြလေရာ၊ အဆိုပါ ဖက်ဒရယ်နိုင်ငံရေးစနစ်တွင် ပါဝင်သည့် ပြည်နယ်အစိုးရများ၊ တိုင်းဒေသကြီး အစိုးရများတို့တွင်လည်း အချုပ်အခြာအာဏာ ရှိသည်ဟု ဒေါက်တာအေးမောင်က နားလည်ထားသလား၊ သို့မဟုတ် ခွဲထွက်မည်၊ သီးခြားတိုင်းပြည် ထူထောင်မည်ဟု တည့်တည့် ဆိုလိုသလား စသဖြင့် တွေးတောနေမိခဲ့သည်။ သို့သော် မိမိအမြင်ကို ဆောင်းပါးအဖြစ် ရေးလိုက်လျှင် တရားစွဲဆိုခံနေရသော ဒေါက်တာအေးမောင်အတွက် လဲနေသူကို ဖိထောင်းသလိုများ ဖြစ်သွားလေမလားဟု ယူဆမိ၍ မရေးတော့ဟု စိတ်ကူးမိသည်။

ထိုသို့နေရင်းမှ သမိုင်းပါမောက္ခ (ငြိမ်း) ဒေါက်တာကျော်ဝင်း ရေးသည့် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်းဆိုသည့် စာအုပ် စာမျက်နှာ ၁၄ ပါ၊ ပြည်ထောင်စုခေါ် ဖက်ဒရယ်ပုံစံဆိုသည်မှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံများ တန်းတူရည်တူ၊ ဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းကာ ဗဟိုပြည်ထောင်စုနှင့် ပြည်နယ်များအကြား၊ အာဏာနှင့် အခွင့်အရေးများ အတိအကျ ခွဲဝေပေးထားသော စနစ်ဖြစ်သည်”ဆိုသည့်စာပိုဒ်ကို ဖတ်လိုက်ရသည့်အခါတွင် ဤဆောင်းပါးကိုရေးသားရန် ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။

အချုပ်အခြာအာဏာ ဆိုသည်မှာ

အွန်လိုင်းစွယ်စုံကျမ်းဖြစ်သော Wikipedia တွင် (Sovereign State) အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုသည်ကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆို ထားသည်။

A sovereign state is, in international law, a nonphysical juridical entity that is represented by one centralized government that has sovereignty over a geographic area. International law defines sovereign states as having a permanent population, defined territory, one government, and the capacity to enter into relations with other sovereign states.[1] It is also normally understood that a sovereign state is neither dependent on nor subjected to any other power or state.[2]

“အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဆိုသည်မှာ နိုင်ငံတကာ ဥပဒေအရဆိုလျှင် ပထဝီနယ်မြေဒေသတစ်ခုအပေါ်တွင် အချုပ်အခြာအာဏာ ပိုင်စိုး၍ ဗဟိုချုပ်ကိုင်မှုရှိသည့် အစိုးရတစ်ရပ်က ကိုယ်စားပြုသော အုပ်ချုပ်ရေးဆိုင်ရာ အဝန်းအဝိုင်းကိုဆိုသည်။ နိုင်ငံတကာ ဥပဒေက အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုသည်ကို တည်ငြိမ်သော လူဦးရေ၊ သတ်မှတ်ထားသည့် နယ်မြေဒေသနှင့် အစိုးရတစ်ရပ်တို့ရှိပြီး တခြားသော အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် အရည်အချင်းရှိခြင်းဟု သတ် မှတ်သည်။ ထို့ပြင် အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုသည်မှာ တခြားသော အင်အား (သို့မဟုတ်) နိုင်ငံကိုမှီခိုခြင်း၊ လက်အောက်ခံဖြစ်ခြင်း မရှိသည့်နိုင်ငံဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်”ဟု ဆိုထားပေရာ နိုင်ငံတစ်နိုင်ငံအတွင်းတွင် အချုပ်အခြာအာဏာပိုင် အစိုးရတစ်ရပ်သာ ရှိရမည်မှာ ထင်ရှားလေသည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၁ တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်။ (Myanmar is an independent sovereign Nation.) ဟု ပြဋ္ဌာန်း ထားသည်။

ယခု ၂၀၁၈ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ အပါအဝင် အချုပ်အခြာ အာဏာပိုင်နိုင်ငံပေါင်း ၂၀၄ နိုင်ငံနှင့် အချုပ်အခြာအာဏာ မပိုင်သော လွတ်လပ်စွာ ဖွဲ့စည်းထားသည့် နယ်မြေ (ဟောင်ကောင်၊ မကာအို စသည်တို့ကဲ့သို့) ၇၃ နယ်ရှိသည်။ အဆိုပါ အချုပ်အခြာအာဏာပိုင် ၂၀၄ နိုင်ငံစာရင်းတွင် အမေရိကန်ပြည်ထောင်စုမှ ပြည်နယ် ၅၀ ၏အမည်စာရင်း မပါဝင်သကဲ့သို့ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ စသည့် ဖက်ဒရယ်နိုင်ငံများမှ ပြည်နယ်များ စာရင်းလည်း မပါဝင်ချေ။ သို့ဖြစ်လေရာ ဖက်ဒရယ်နိုင်ငံရေးစနစ်တစ်ခုအတွင်း ပါဝင်သည့် ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စု နယ်မြေများကို အချုပ်အခြာ အာဏာပိုင်နိုင်ငံများဟု မသတ်မှတ်သည်မှာ ထင်ရှားပါသည်။ 

ဖက်ဒရယ်နိုင်ငံရေးစနစ်

ယခုအခါ ကမ္ဘာ့နိုင်ငံ အတော်များများတွင် တစ်နိုင်ငံချင်းစီ၏ မတူကွဲပြားသော သမိုင်းရေး အချက်အလက်များနှင့် ဖြတ်သန်းမှုများအလျောက် သင့်တော်ရာ ပုံစံများဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသည့် ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ ဩစတြေးလျ၊ အိန္ဒိယတို့အပြင် အသေးငယ်ဆုံးသော နိုင်ငံများဖြစ်ကြသည့် ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်နှင့် ကာရစ်ဗီယန် ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့်နိုင်ငံများ အပါအဝင် ၂၇ နိုင်ငံ (၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ) ရှိပြီဟုဆိုပါသည်။ ကျင့်သုံးသည့် ပုံစံများမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပ်ကျမတ်ကျ တူညီကြသည် မဟုတ်ချေ။

သို့ဖြစ်လေရာ “ဖက်ဒရယ်စနစ်ဆိုသည်မှာ ဘာလဲ”ဆိုသည်ကို နားလည်သဘောပေါက်ရန် အရေးကြီးလာသည်။ ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဆာဂျွန် အေမက္ကဒေါ်နယ်က ဖက်ဒရယ်စနစ်ကို အဓိပ္ပာယ် ဖွင့်ပြောကြားခဲ့ရာ ရှင်းရှင်းလင်းလင်း ရှိလှသည်။ “ဒေသဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းရန် “ဒေသဆိုင်ရာ အစိုးရများနှင့် ဥပဒေပြု အဖွဲ့အစည်းများ ပါဝင်ပြီး” တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် အမျိုးသား အစိုးရတစ်ရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း”တို့ ပါဝင်ပေါင်းစပ်ထားသည့် စနစ်ဖြစ်သည်ဟု ဆိုလေသည်။

နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း အဓိက ကျသည့်အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှုဖြစ်သည်။

အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို အာမခံသည့်အရာ

အာဏာ ခွဲဝေမှုဆိုသည်မှာ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို ဗဟိုနှင့်ဒေသဆိုင်ရာအကြား ခွဲဝေကျင့်သုံးခြင်း ဖြစ်သည်။ နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် အုပ်ချုပ်သည့် အာဏာတို့အကြား မည်သို့ ခွဲဝေထားသနည်းဆိုခြင်းပင် ဖြစ်သည်။ 

အချို့သောနိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှ ခွဲခြားထားသည်လည်းရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာကား အဆိုပါ ခွဲဝေထားသော အာဏာများကို မိမိတို့ဒေသအတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း စွက်ဖက်မှုမရှိ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အနေနှင့် နိုင်ငံတစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်သည်။

သဘောထားချင်း မတိုက်ဆိုင်ငြင်းခုံမှုများမှာ ဤကိုယ်ပိုင်အုပ်ချုပ်သည့်ကိစ္စမှ ထွက်ပေါ်လာလေ့ ရှိသည်။ မည်သည့်အရာများက ဒေသဆိုင်ရာတို့၏ တာဝန်ဝတ္တရားများဖြစ်၍ မည်သည့်အရာများက ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအောက်တွင် ရှိသင့်သည်ဆိုသော ကိစ္စမျာနှင့်ပတ်သက်၍ အငြင်းပွားရတတ်သည်။

သို့ဖြစ်၍ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုတို့နှင့် ပတ်သက်လျှင် တိကျသေချာမှု ရှိစေရန် ရေးသားထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာမခံကြရသည်။

ဖက်ဒရယ် နိုင်ငံရေးစနစ်နှင့် ပတ်သက်၍ ဝီကီပီဒီယား အွန်လိုင်း စွယ်စုံကျမ်းတွင်...

“အခြေခံဖက်ဒရယ်စနစ်၏ ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုရလျှင် တည်ထောင်ထားသောနယ်မြေတစ်ခုအတွင်း အဆင့် နှစ်ဆင့် သို့မဟုတ် နှစ်ဆင့်ထက်ပိုသောအစိုးရများ ပါဝင်သောစနစ်ဖြစ် သည်။ ထိုအစိုးရများသည် အခြေခံဥပဒေတစ်ရပ်ဖြင့် ပြဋ္ဌာန်းထားသော၊ ထပ်တူ သို့မဟုတ် ခွဲဝေထားသော အာဏာများကို ဘုံအင်စတီကျူးရှင်းများဖြင့် စီမံအုပ်ချုပ်သည်။ ဖက်ဒရယ်အစိုးရသည် အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဆင့်အစိုးရဖြစ်သည်” ဟု ဖွင့်ဆိုထားချက်အရ ကြည့်လျှင် ဒေါက်တာကျော်ဝင်း၏ စာအုပ်ပါ ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လွဲမှားနေကြောင်း သိနိုင်ပါသည်။

သို့ဖြစ်ရာ ဖက်ဒရယ် နိုင်ငံရေးစနစ်တွင် အစိုးရတစ်ရပ်မက ရှိနိုင်သော်လည်း ဗဟိုအစိုးရ သို့မဟုတ် ပြည်ထောင်စု အစိုးရတွင်သာ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကိုယ်စားပြုနိုင်ပြီး၊ ကျန်သောဒေသဆိုင်ရာ အစိုးရများအနေနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကိုယ်စားမပြုနိုင်ကြောင်း ထင်ရှားလှပေသည်။

ရဲထွန်း (သီပေါ)