News

POST TYPE

OPINION

အုပ်ချုပ်ရေးနဲ့ ရဲ စုပေါင်းတာဝန်ယူရမယ့် အေးချမ်းသာယာရေး
10-Feb-2018

ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ဝေသည့် မြန်မာတိုင်းမ် နေ့စဉ် သတင်းစာတွင် “ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများသည် မှုခင်းကျဆင်းရေးအတွက် အထောက်အကူမပြုဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သုံးသပ်”ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ပြောဆိုရာတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက “မိမိတို့ ရဲတပ်ဖွဲ့အနေနှင့် ယခင်ထက် ကြိုးစားအားထုတ်မှု တိုးတက်လာကြောင်း၊ သို့သော် ရာဇဝတ်မှုဖြစ်ပေါ်ခြင်းသည် မိမိတို့ ရဲတပ်ဖွဲ့တစ်ခုတည်းမဟုတ်ဘဲ အုပ်ချုပ်ရေးအပိုင်း၌လည်း တာဝန်ရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနှင့် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရန် နေ့ညမပြတ် လှည့်ကင်းများဆောင်ရွက်နေခြင်းကို အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက ပူးပေါင်းပေးရမည်ဖြစ်သော်လည်း မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်မှု လွန်စွာမှအားနည်းကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလုပ်လုပ်ပြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်သော်လည်း မြို့နယ်နှင့် ခရိုင်အဆင့်များက ၎င်းတို့နှင့်မဆိုင်သလိုပြောဆိုပြီး ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု” ပြောဆိုကြောင်း ဖော်ပြထားပါသည်။

တူညီသော ရည်မှန်းချက်တာဝန်များ

ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် နိုင်ငံတော်လုံခြုံရေးအပြင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးသည်လည်း အဓိကရည်မှန်းချက်များဖြစ်သည်။ ထို့အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို အဓိကတာဝန်များအဖြစ် ဦးစားပေးဖော်ပြထားသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်များတွင်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အဓိကရည်မှန်းချက်အဖြစ် ထားရှိပါသည်။

သို့ဆိုလျှင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် မိမိတို့၏ တူညီသော ရည်မှန်းချက်များကို အသီးသီးကျေပွန်စွာ ထမ်းဆောင်နေကြမည်ဆိုလျှင် ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို ကျေပွန်စွာ အကောင်အထည်ဖော်ပြီးသားဖြစ်သလို အများပြည်သူအတွက်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို အလိုအလျောက် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ပါသည်။

တော်လှန်ရေးကောင်စီခေတ် တရားဥပဒေစိုးမိုးရေး

ဤဆောင်းပါးတွင် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအုပ်ချုပ်ရေးလုပ်ငန်းများ မည်သို့မည်ပုံ ဆောင်ရွက်ခဲ့ကြောင်း အမိန့်/ညွှန်ကြားချက်များနှင့် လက်တွေ့ ကျင့်သုံးဆောင်ရွက်ခဲ့ပုံများကို တင်ပြသွားပါမည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန်၏လက်အောက်တွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင် စသူတို့၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များကို ဤဆောင်းပါးရှည်လျားမည်စိုး၍ ဖော်ပြခြင်းမပြုတော့ဘဲ ချန်လှပ်ခဲ့ပါမည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူပြီးနောက် မေလ ၃ ရက်နေ့တွင် နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာညီလာခံကို ကျင်းပခဲ့သည်။ ညီလာခံ၏ ဆုံးဖြတ်ချက်အရ ၉.၅.၁၉၆၂ ရက်နေ့တွင် ဗဟို၊ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး စသည့် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းခဲ့ရာ ရပ်/ကျေးမှလွဲ၍ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် တပ်မတော်အရာရှိများက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် အထွေထွေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့အရာရှိတို့ပါဝင်ခဲ့ပြီး ယင်းကော်မတီအဆင့် ဆင့်တို့၏ လုပ်ငန်းတာဝန်များတွင် “ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု၊ စီးပွားရေး/လူမှုရေးလုံခြုံမှုကို စီမံဆောင်ရွက်သွားရန်” ဆိုသည့်အချက်ကို အဓိကအချက်အဖြစ် အပိုဒ်ခွဲ (က) တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုးရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နောင်ဖြစ်ပေါ်လာမည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်သစ်ကို ရည်မျှော်၍ လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများတွင် ပြည်သူလူထုကိုယ်စားလှယ်များကို ထည့်သွင်းပါဝင်စေလျက် တပ်မတော်အရာရှိများကိုပင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်စေကာ ၁၉၇၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ယခင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့အား ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များကို ပြည်နယ်/တိုင်း၊ ခရိုင်နှင့်မြို့နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီများသို့ အပ်နှင်းခဲ့သည်။

ပြည်သူ့ကောင်စီခေတ် တရားဥပဒေစိုးမိုးရေး

၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ပေါ်ပေါက်လာသော (ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့်) ပြည်သူ့ကောင်စီဝင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့များသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး စသည့်လုပ်ငန်းများအပြင် စီမံခန့်ခွဲရေးနှင့် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရသည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေ (၁၉၇၇ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၁၃)၊ ပုဒ်မ ၈၉၊ ၉၀ နှင့် ၉၁ တို့တွင် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့အားမှုခင်းကိစ္စ၊ ရဲလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်များအပ်နှင်းထားသည်ကို ကောက်နုတ်ဖော်ပြပါအပ်သည်။

ပုဒ်မ ၈၉ (က) ပြစ်မှုတစ်ခုသည် ဥပဒေတစ်ခု သို့မဟုတ် ပုဒ်မတစ်ခုထက်ပို၍ အကျုံးဝင်သည်ဆိုပါက မည်သည့်ဥပဒေ၊ မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုရမည်ကို အဆုံးအဖြတ်ပေးခြင်း၊ (နိုင်ငံတော်အတွက် အရေးကြီးသော ပြစ်မှုဆိုပါက ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း)။

(ခ) လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ လူပြန်ပေးမှု၊ ဖောက်ထွင်းမှု၊ စီးပွားရေးအတွက် အထောက်အကူပြုသည့် တိရစ္ဆာန်ခိုးမှု၊ မုဒိမ်းမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံပိုင်လက်နက်ခိုးမှု၊ လက်ဝယ်ထားရှိမှု၊ မတရားအသင်း အားပေးကူညီမှုနှင့် အသင်းဝင်ဖြစ်မှုတို့မှအပ ကျန်ပြစ်မှုများတွင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းမပြုနိုင်ပါက အမှုပိတ်ရန် ပြည်သူ့ရဲ၏ တင်ပြချက်အပေါ် အဆုံးအဖြတ်ပေးခြင်း။

(ဃ) လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အန္တရာယ်ပြုမည့် အဖွဲ့အစည်းများ၊ အဖျက်လုပ်ငန်းများ၊ လှုပ်ရှားမှုများကို ကာကွယ်တားဆီးရေးနှင့် ဖော်ထုတ်ရေးအတွက် ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်း။

(ဇ) တရားဥပဒေစိုးမိုးရေး၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြစ်မှုတားဆီးရေး၊ လူနှင့်ပစ္စည်းလုံခြုံရေးအတွက် သတင်းပို့တိုင်ကြားရန် ညွှန်ကြားခြင်း။

(ဍ) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ပျက်ပြားစေမည့်လုပ်ရပ်များကို တားမြစ်သည့်အမိန့်ထုတ်ပြန်ခြင်း။

(စ) မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ အငြင်းပွားမှုကြောင့် အေးချမ်းသာယာမှုကို ထိခိုက်စေမည့်အကြောင်းရှိပါက ဝင်ထွက်သွားလာခြင်းမပြုရန် တားဆီးမိန့်ထုတ်ခြင်း။

(ထ) တရားရုံးသို့ သက်သေခံအဖြစ် တင်ပြခြင်းမပြုရသေးသော သိမ်းဆည်းထားသည့်ပစ္စည်းများကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားခြင်း။

ပုဒ်မ ၉၁ ။ အလုပ်အမှုဆောင်အဖွဲ့သည် ပြည်သူ့ရဲလုပ်ငန်းများနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်..

(က) ပြည်သူ့ရဲလုပ်ငန်းများကို ယေဘုယျ ကြီးကြပ်ကွပ်ကဲခြင်း၊ လမ်းညွှန်ခြင်း။

(ဂ) ပြစ်မှုကျူးလွန်တတ်သူအား ပြည်သူ့ရဲက တရားစွဲဆိုမည့်ကိစ္စကို စိစစ်၍ခွင့်ပြုခြင်း၊ လိုအပ်သလို လမ်းညွှန်ခြင်း။

(င) လက်ပူးလက်ကြပ်ဖမ်းဆီးရမိခြင်းမရှိသော သတင်းကျော်စောသည့် သူခိုးများ၊ လူဆိုများအား ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ ဖမ်းဆီးအရေးယူစေခြင်း။

(ဆ) အလုပ်အမှုဆောင်အဖွဲ့ကဖြစ်စေ၊ အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ တရားဝင်ညွှန်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လုံလောက်သော အကြောင်းမရှိဘဲ ဆောင်ရွက်ရန်ပျက်ကွက်သော ပြည်သူ့ရဲအား ရဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူခြင်း၊ အရေးယူစေခြင်း ... စသည်တို့ ဖြစ်ပါသည်။

(ကောက်နုတ်ဖော်ပြခြင်းမျှသာဖြစ်ပါသည်)။

အထက်ဖော်ပြပါ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရန်အတွက် ထိုစဉ်က ပြည်သူ့ကောင်စီရုံးအဖွဲ့မှူးများအဖြစ် ဆောင်ရွက်နေသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးများက လုပ်ထုံးလုပ်နည်းများကို တင်ပြပေးရပါသည်။

နဝတ/နယကခေတ်

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၄.၉.၈၈ ခုနှစ်တွင် နဝတ၏ ကြေညာချက်အမှတ် ၆/၈၈ ဖြင့် “တည်ဆဲဖြစ်သော ဥပဒေအားလုံးသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းမပြုသမျှ ဆက်လက်အတည်ဖြစ်ကြောင်း” ကြေညာခဲ့ပါသည်။

ထို့အပြင် ၁၉.၁၀.၈၈ ရက်နေ့တွင် စကားရပ်များ အစားထိုးသည့် ဥပဒေကိုပြဋ္ဌာန်းခဲ့ရာ ယင်းဥပဒေအရ မြို့နယ်ပြည်သူ့ကောင်စီသည် မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့သည် မြို့နယ်အဆင့် သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ စသည်တို့နှင့်လည်းကောင်း တူညီသွားပါသည်။ ထို့ကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့အား သက်ဆိုင်ရာဝန်ကြီးဌာနများက အလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအား ခွဲဝေအပ်နှင်းခဲ့ပါသည်။

ယင်းဥပဒေကို ညွှန်းဆို၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၆.၆.၁၉၈၉ ခုနှစ် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၈၉) အရ ထုတ်ပြန်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ပါရှိသော ရာဇဝတ်မှု ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ပုဒ်မအချို့ကို ဆက်လက်အပ်နှင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ကိုယ်တိုင်ပါဝင်ခဲ့ရသော ရပ်ရွာအေးချမ်းသာယာရေး

နဝတခေတ်က ဖွဲ့စည်းခဲ့သော မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့များတွင် တပ်မတော်အရာရှိက ဥက္ကဋ္ဌအဖြစ်ပါဝင်၍ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အဖွဲ့ဝင်၊ ဒုတိယဦးစီးမှူးက အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မတာဝန်ဖြစ်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ဥက္ကဋ္ဌ၏ ညွှန်ကြားချက်နှင့်အညီ မိမိမြို့နယ်အတွင်း ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးခြင်းကို ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့ အလှည့်ကျတာဝန်ယူ၍ ကြီးကြပ်ကွပ်ကဲခဲ့ကြပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မြို့နယ်အတွင်း ရှာဖွေရေး၊ ပိတ်ဆို့ရေး၊ လှည့်ကင်း၊ ရပ်ကင်း စသည်တို့အား မြို့ရဲတပ်ဖွဲ့မှူးနှင့် အတူတကွ လိုက်လံစစ်ဆေးကြရာ အစဉ်အမြဲ ညဥ့်နက်သန်းခေါင်ကျော်သည့်အပြင် တစ်ခါတစ်ရံ နံနက်မိုးလင်းသည်အထိပင်ဖြစ်ပါသည်။

ထိုအချိန်ကဆိုလျှင် ညဥ့်နက်ပိုင်းအချိန် ကျူးလွန်သော ရာဇဝတ်မှုများကို ရန်ကုန်တစ်တိုင်းလုံးသို့ ချက်ချင်းညွှန်ကြားကာ ညတွင်းချင်းပင် ရှာဖွေပိတ်ဆို့ ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ကြသည်။ ယာဉ်တိုက်မှု၊ မော်တော်ယာဉ်ခိုးမှုများဆိုလျှင် ညဘက်ရှာဖွေ၍ မတွေ့ရှိရပါက နောက်တစ်နေ့၌ ယာဉ်စက်ပြင်အလုပ်ရုံများတွင် လိုက်လံရှာဖွေကြရာ မိခဲ့သည့်ဖြစ်စဉ် အများအပြား ရှိပါသည်။

၁၉၉၂ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူးများကို အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လဝကဦးစီးမှူးတို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သော်လည်း ယခင်ကအတိုင်းပင် သူ့တာဝန်၊ ကိုယ့်တာဝန်မခွဲခြားဘဲ နေ့ညမပြတ် ရှာဖွေရေး၊ ပိတ်ဆို့ရေးလုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့တော်ကြီး၏ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ များစွာ ထိရောက်အောင်မြင်ခဲ့ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနှင့် ဥက္ကဋ္ဌတာဝန်ကို ရယူထား၍ ပိုမိုတာဝန်ရှိသူဖြစ်သော်လည်း အဆင့်တူ၊ ရာထူးတူဖြစ်သည့်အတွက် အမိန့်ပေးစနစ်ကျင့်သုံးခြင်း၊ မောက်မာစွာ ပြောဆိုဆက်ဆံခြင်းအစား ညီရင်းအစ်ကိုသဖွယ် ရင်းနှီးခင်မင်စွာ တိုင်ပင်နှီးနှောခြင်းဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြပါသည်။

စုပေါင်းခေါင်းဆောင်၍ စုပေါင်းတာဝန်ယူ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဥပဒေ ပုဒ်မ ၂၈၈ အရ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေခဲ့ပါသည်။ ထို့အပြင် ၂၀၁၁ ခုနှစ် စကားရပ်များ အစားထိုးသည့် ဥပဒေ ပုဒ်မ ၂ (ဒ) နှင့် (ဓ) တို့အရ ခရိုင်နှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီအစား၊ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဟူ၍ အစားထိုးစေခဲ့သည်ဖြစ်ရာ ယခင် ပြည်သူ့ကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့ထံမှ တာဝန်နှင့်လုပ်ပိုင်ခွင့်အချို့သည် အုပ်ချုပ်ရေးမှူးများထံသို့ ရောက်ရှိသွားပါသည်။

ဆိုလိုသည်မှာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ရာဇဝတ်မှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ တာဝန်များမှာ အုပ်ချုပ်ရေးမှူးများ၏ ပခုံးပေါ်သို့ ကျရောက်လာပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပင်မတာဝန်များတွင်လည်း ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားပေါ်ပေါက်လာသော ပြစ်မှုများတွင် ပြစ်မှုကျူးလွန်သူကို ရှာဖွေစုံစမ်းဖော်ထုတ်ခြင်းနှင့် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်း စသည်တို့ဖြစ်ရာ အုပ်ချုပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့၏ လုပ်ငန်းတာဝန်များမှာ ငွေဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းလို ခွဲခြား၍မရအောင် ဆက်စပ်ပတ်သက်နေပါသည်။

ထို့ကြောင့်ပင် အုပ်ချုပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့နှစ်ခုလုံး၏ ရည်မှန်းချက်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဦးစားပေးတာဝန်များအဖြစ် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်။ ယင်းရည်မှန်းချက်များကို အတူတကွလက်တွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည်ပင်လျှင် ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာကျမည်ဖြစ်ရာ မြို့နယ်အုပ်ချုပ်ရေးဥပဒေတစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်းမရှိသေးမီကာလတွင် “အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်မှုမပြု” ဆိုသည်မျိုး မဖြစ်ရအောင် သူ့တာဝန်၊ ကိုယ့်တာဝန်မခွဲခြားဘဲ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှုဖြင့် အတူတကွ ပူးတွဲတာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် ပြည်သူများ (အထူးသဖြင့် ရန်ကုန်မြို့သူမြို့သားတို့) မျှော်မှန်းနေသည့် အေးချမ်းသာယာပြီး ရာဇဝတ်မှုများကင်းရှင်းသည့် မြို့တော်ကြီးအဖြစ် ရောက်ရှိလာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သိန်းထက်အောင်